ကိုက်ခဲနာကျင်မှုဆိုတာ လူအတော်များများခံစားရလေ့ရှိတဲ့ ပြဿနာတခုပါ။ ကိုက်ခဲနာကျင်တဲ့ ပြဿနာအပြင်ဘယ်ကုသမှုကအကျိုးရှိထိရောက်မလဲဆိုတာမသိနိုင်တာလည်း ပြဿနာတခုပါပဲ။ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရသူတယောက်အနေနဲ့ (ဘယ်လိုကုသမှုတွေကသူတို့နဲ့ပိုမိုသင့်တော်သလဲ၊ ဆေးပဲသောက်ရမလား၊ တခြားနည်းတွေစမ်းကြည့်ရမလား ဒါမှမဟုတ် ဘယ်အချိန်မှာဆေးခန်းပြသင့်ပြီလဲအစရှိတဲ့) မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ပတ်ချာလည်နေလေ့ရှိပါတယ်။ အခုဆောင်းပါးလေးကို ဖတ်ကြည့်မယ်ဆိုရင် နာကျင်ကိုက်ခဲတာကို ကုသနည်းတွေနဲ့ပတ်သက်လို့ပိုမိုနားလည်သိရှိလာပြီး အကောင်းဆုံးသောကုသမှုပုံစံကိုရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မှာအမှန်ပါ။
၁။ ကာလရှည်နာကျင်ကိုက်ခဲမှုနဲ့ရုတ်တရက်နာကျင်ကိုက်ခဲတာဟာမတူညီပါဘူး။
ဒါကတော့ လူတိုင်းသိတာပဲလေလို့သင့်အနေနဲ့တွေးကောင်းတွေးနေပါလိမ့်မယ်။ နာတာရှည်ကိုက်ခဲမှု အပြင်းအပျော့ဟာ တစ်ရှူးထိခိုက်မှုပမာဏအနည်းအများနဲ့ဆက်စပ်မှုမရှိပါဘူး (ရုတ်တရက်နာကျင်ကိုက်ခဲတာမှာတော့ နာကျင်မှုပမာဏနဲ့တစ်ရှူးထိခိုက်မှုပမာဏဟာ ဆက်စပ်မှုရှိပါတယ်)။ ဥပမာ- ကျောရိုးဆစ်ကြားအချပ်ပြား (disc)တွေ ပြင်းပြင်းထန်ထန်ပျက်စီးပေမယ့် အလွန်အမင်းနာကျင်မှုရှိချင်မှရှိမှာ ဖြစ်ပြီး အဆိုပါအဆစ်ခွေတွေ အနည်းငယ်ပဲပျက်စီးတဲ့အခါ ပြင်းထန်ဆိုးရွားတဲ့နာကျင်မှုကို ခံစားကောင်းခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်နဲ့ ပြသတဲ့အခါ နာကျင်ကိုက်ခဲမှု ဘယ်လောက်ပြင်းထန်သလဲဆိုတာနဲ့ဘယ်ပုံဘယ်နည်းနာကျင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြရပါမယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ရောဂါကို တိကျမှန်ကန်စွာအဖြေထုတ်နိုင်မှာဖြစ်ပြီး သင့်တော်တဲ့ကုသမှုကိုပေးနိုင်မှာပဲ ဖြစ်ပါတယ်။
၂။ ခါးနာခြင်းဟာ သင်ထင်သလောက်မရိုးရှင်းပါဘူး။
တခြားကျန်းမာရေးပြဿနာတွေနဲ့ယှဉ်ရင် ခါးနာကျင်ခြင်းရဲ့အကြောင်းရင်းကို ရှာဖွေအဖြေထုတ်ပြီးကုသပေးနိုင်တဲ့နည်းလမ်း သိပ်များများစားစားမရှိလှပါဘူး။ တချို့ရောဂါတွေ (ဥပမာ-ကင်ဆာကျိတ်၊ ပိုးဝင်တာ ဒါမှမဟုတ် အရိုးကျိုးတာ)ကို ရှာဖွေဖော်ထုတ်ဖို့လွယ်ကူရိုးရှင်းပေမယ့် တခြားကျောရိုးပြဿနာအများစုအတွက် စမ်းသပ်စစ်ဆေးခြင်းနဲ့ကုသခြင်းတို့ကို ပြုလုပ်ရာမှာ ပင်မကျောရိုးအထူးကုဆရာဝန်တွေအနေနဲ့အယူအဆများစွာ ကွဲလွဲကြလေ့ရှိပါတယ်။ ဒါကြောင့် ရောဂါကိုစမ်းသပ်ရှာဖွေဖော်ထုတ်တဲ့နေရာမှာရော၊ နာကျင်ကိုက်ခဲတာကိုကုသတဲ့နေရာမှာပါ သင့်အနေနဲ့ ဖြစ်နိုင်သမျှ တက်တက်ကြွကြွပူးပေါင်းပါဝင်သင့်ပါတယ်။ ဒါမှသာ သင့်အတွက် တကယ်အကျိုးရှိတဲ့ကုသမှုကို ရရှိခံယူနိုင်မှာ ဖြစ်ပါတယ်။
၃။ အကိုက်အခဲပျောက်ဆေးတွေပေးရတာဟာ ကံစမ်းခြင်းတစ်မျိုးပါ။
လူတိုင်းကတော့ ဆေးကုလိုက်ရင် လုံးဝအပြီးအပြတ်ပျောက်သွားတာမျိုးကို လိုချင်တာသဘာဝပါပဲ။ ဒါပေမယ့် လူတယောက်နဲ့တယောက်မှာ နာကျင်မှုကိုခံစားရတဲ့ပုံစံမတူတဲ့အတွက် တူညီတဲ့ဆေးကုသမှုတခုတည်းရဲ့ အကျိုးသက်ရောက်မှုဟာလည်း လူတဦးနဲ့တဦးမတူညီနိုင်ပါဘူး။ ဥပမာ- ကျောရိုးဆစ်ခွေ (disc)ကျွံတဲ့နာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ဒါမှမဟုတ် ထိုးလိုက်လို့လူနာတချို့မှာ သက်သာသွားပေမယ့် တချို့မှာတော့ သက်သာချင်မှသက်သာမှာ ဖြစ်ပါတယ်။ ဒါဟာ အတော်ခွကျပြီး မချင့်မရဲ ဖြစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သင်နဲ့ကိုက်ညီအကျိုးရှိမယ့် အကိုက်အခဲပျောက်ဆေးကို မသိရှိရသေးခင်မှာ ဆေးအတော်များများကိုတော့ စမ်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဆေးတမျိုးနဲ့အနာမသက်သာရင် နောက်တမျိုးပြောင်းရုံအပြင် အခြားမရှိပါဘူး။ ဒါပေမယ့် အားတော့မလျှော့ပါနဲ့။ ဒီလို ဆေးအမျိုးမျိုးနဲ့စမ်းသပ်ကြည့်မှသာလျင် ထိရောက်မယ့်အကိုက်အခဲပျောက်ဆေးကို သိရှိလေ့ရှိပါတယ်။
၄။ ခန္ဓါကိုယ်နာကျင်မှုကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါကုသပါ။
ရုပ်ပိုင်းဆိုင်ရာနာကျင်ကိုက်ခဲမှုကိုသာမက စိတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်မှုတွေကိုပါ ပြုလုပ်ပေးရပါမယ်။ အဓိကအရေးကြီးတဲ့အချက်က လူကိုလူလို့မြင်ပြီး နွေးနွေးထွေးထွေးဆက်ဆံကုသရပါမယ်။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်ခြင်းဟာ နာကျင်ကိုက်ခဲမှုတွေကို ကုသရာမှာအရေးပါတဲ့အချက်တချက်ဖြစ်ပေမယ့် နာကျင်ခြင်းဝေဒနာကိုလျော့ပါးသက်သာစေဖို့ဒီတနည်းတည်းရှိတာမဟုတ်သလို ဆေးဝါးသုံးပြီး ကုသတဲ့နည်းလမ်းတခုတည်းကိုပဲ အသုံးမပြုသင့်ပါဘူး။ ပြင်းထန်ဆိုးရွားတဲ့ နာကျင်ကိုက်ခဲမှုကို ခံစားနေရသူတွေဟာ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ဆေးဆက်မသောက်လိုတော့ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားရလေ့ရှိတာမို့ခန္ဓါကိုယ်နာကျင်ကိုက်ခဲမှုကို ကုသတဲ့နည်းတူ အဆိုပါစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ကူညီဖြေရှင်းကုသပေးရပါမယ်။ ဒါကြောင့် ကိုယ်ခန္ဓါကိုရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ အလေးထားကုသတဲ့နည်းလမ်းတွေကို ရွေးချယ်အသုံးပြုရပါမယ်။ cognitive-behavioral therapy လို့ခေါ်တဲ့ မှတ်ဉာဏ်အမူအကျင့်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတမျိုးကို ပြုလုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့နာကျင်မှုကို သည်းခံနိုင်စွမ်း မြင့်တက်လာမှာဖြစ်ပြီး ဒီလိုမြင့်တက်လာတာနဲ့အမျှ နာကျင်မှုတွေလျော့ပါးလာမှာပါ။ ဒါတင်မက နာကျင်ခြင်းဟာ သင့်ဘဝမှာ ဘယ်လိုအရေးပါလဲ၊ သင့်အတွက်ဘယ်လိုအဓိပ္ပါယ်သက်ရောက်သလဲဆိုတာတွေကိုပါ နားလည်လာမှာပါ။
၅။ နာကျင်ကိုက်ခဲမှုကိုကုသတာဟာ အထူးပြုဆေးပညာရပ်တခု ဖြစ်ပါတယ်။
အချို့သောကျောရိုးခွဲစိတ်ဆရာဝန်တွေဟာ နာကျင်ကိုက်ခဲမှုကုသတဲ့ဘာသာရပ်ကိုပါ အထူးပြုယူလေ့ရှိပါတယ်။ ကျောရိုးခွဲစိတ်ဆရာဝန်အများစုဟာ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကို အဓိကထားခွဲစိတ်ပြုပြင်တာဖြစ်ပေမယ့် (ဒီလိုခွဲစိတ်လိုက်ရင်နာကျင်တာတွေလျော့ပါးသက်သာသွားသင့်ပါတယ်) အရှေ့မှာပြောခဲ့တဲ့ကျောရိုးခွဲစိတ်ဆရာဝန်တွေကတော့ ကာလရှည်နာရင်မှုတွေ ပျောက်ကင်းအောင်ဦးတည်ပြီး ခွဲစိတ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခြားသောကုသမှုနည်းလမ်းတွေနဲ့မအောင်မြင်တဲ့နာတာရှည်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေဖို့အတွက် ကျောရိုးပင်မအာရုံကြောကြီးထဲကို stimulators လို့ခေါ်တဲ့နှိုးဆွတဲ့ပစ္စည်းလေးတွေထည့်တာ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေ တိုက်ရိုက်ထိုးထည့်တာမျိုးပြုလုပ်ခြင်းတွေဟာ အတွေ့ရအများဆုံးခွဲစိတ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးခွဲစိတ်မှုတွေကို ခံယူရသူအများစုဟာ ကျောရိုးတခါခွဲထားဖူးပေမယ့် ကာလရှည်နာကျင်ခြင်း ဝေဒနာမသက်သာနိုင်သေးသူတွေ ဖြစ်လေ့ရှိပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။