ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
- ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်လောက်က စဖြစ်ပါတယ်။ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။
- အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆကနေ ၃ဆ ပိုဖြစ်ပါတယ်။
- မျိုးရိုးလည်း လိုက်တတ်ပါတယ်။
- မျိုးဗီဇမှာ HLA class II genotypesပါတဲ့ သူတွေက ပိုဖြစ်နိုင်ပါတယ်။ မျိုးဗီဇရှိတဲ့အပြင် ဆေးလိပ်သောက်တာ၊ အဝလွန်တာတွေ ရှိတယ်ဆို ဖြစ်နိုင်ခြေက ပိုများလာမှာပါ။
- လေ့လာချက်တော်တော်များများက ဆေးလိပ်သောက်တာ သွေးလေးဖက်နာကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် ရောဂါရှိပြီးသားလူတွေမှာလည်း ပိုဆိုးစေပါတယ်တဲ့။
- အဝလွန်တာကလည်း သွေးဖက်နာဖြစ်နိုင်ခြေများစေတဲ့ အကြောင်းတစ်ခုပါပဲ။
- ထူးထူးခြားခြား မိခင်နို့တိုက်တဲ့ အမေတွေကတော့ ဖြစ်နိုင်ခြေနည်းသွားပါသတဲ့။
သွေးဖက်နာရောဂါ ကို ကုသလို့ရပါ့မလား။
သွေးလေးဖက်နာရောဂါဟာ ရှုပ်ထွေးတဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါရှာရခက်ပါတယ်။ ကောင်းတာကတော့ Rheumatologist လို့ ခေါ်တဲ့ လေးဖက်နာ အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထက်ပါ လက္ခဏာတွေ ရှိနေရင်တော့ သွေးလေးဖက်နာများလားဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။ သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ စသဖြင့်ပေါ့။ ရောဂါသေချာရင်တော့ ကုသမှု စလို့ရပါပြီ။
ရောဂါရဲ့ သဘောသဘာဝကိုက အရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဖြစ်လိုက် ပျောက်လိုက်ဖြစ်တဲ့အတွက် ထိန်းထားလို့ပဲ ရပါမယ်။ အရှင်းမပျောက်ဘဲ ဘာလို့ ကုနေရလဲဆိုရင်
- ပျောက်တဲ့အချိန်ကို ကြာအောင် ဆွဲဆန့်ထားဖို့ရယ်
- အဆစ်အမြစ်တွေ ကိုက်တာ၊ လှုပ်မရတာ သက်သာဖို့ရယ်
- အရိုးအဆစ်တွေ ပုံမပျက်စေဖို့ရယ်
- လူကောင်းတစ်ယောက်လို အလုပ်လုပ်နိုင်ဖို့ရယ်
- နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဖို့ရယ် ကုသပေးရပါတယ်။
ဆေးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ သွေးလေးဖက်နာကို ပိုမဆိုးအောင် ထိန်းထားတဲ့ ဆေးတွေ၊ biologic agentsတွေနဲ့ ကုသပါတယ်။ အဆစ်အမြစ်တွေ ပုံပျက်တာအတွက် ခွဲစိတ်ပြီးပြုပြင်လို့ရရင် ခွဲစိတ်ပါတယ်။ အရိုးအဆစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။
ဒါကြောင့် သွေးလေးဖက်နာကို ကုမယ်ဆိုရင် စောစောသိ စောစောကုတာကောင်းပါတယ်။ ထိထိရောက်ရောက် ကုသပြီး ရောင်ရမ်းမှုတွေကို လျှော့ချမယ်။ နောက်ထပ် ရောင်ရမ်းမှုတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေမဆိုးအောင် ထိန်းထားနိုင်မှာပါ။
သွေးလေးဖက်နာရောဂါ အရှင်းပျောက်နိုင်လား။
သွေးလေးဖက်နာနဲ့ ပတ်သက်ပြီး လူနာအများစုက ရောဂါရဲ့ သဘောသဘာဝကို သေချာမသိတဲ့အတွက်ကြောင့် အရှင်းပျောက်သွားမယ်လို့ ထင်တတ်ကြပါတယ်။ သက်သာတာကို ပျောက်သွားတာနဲ့ မှားတတ်ပါတယ်။ ဒါကြောင့် ဆေးတွေ ရပ်ပစ်တာ၊ ရက်ချိန်းမလာတာတွေ ရှိပါတယ်။ ဒီလို မဖြစ်ရအောင် ကိုယ့်ရဲ့ ရောဂါအကြောင်းကို သိထားဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်နားလည်မှသာ ဆရာဝန်ရဲ့ ကုသမှုတွေကို အတူ ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။