backup og meta

ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်

    ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန် အကြောင်းကို လေ့လာလိုက်ရအောင်နော်။

    ဂေါက်ရောဂါ (Gout ) ဆိုတာဘာလဲ

    ဂေါက်ရောဂါဆိုတာသွေးတွင်း ယူရစ်အက်စစ်ပမာဏ မြင့်မားမှုကြောင့် ခရစ္စတယ်အမှုန်တွေ ဖြစ်လာစေပြီး အဆစ်ရဲ့ ပတ်လည်မှာ စုပုံလာတဲ့အခါ ခံစားရတဲ့အဆစ်ရောင် နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်။

    ခန္ဓာကိုယ်က purine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ပြိုကွဲစေတဲ့အခါ ယူရစ်အက်စစ်တွေ ထွက်ရှိလာပါတယ်။ Purine ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတတ်ပေမယ့် အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ယူရစ်အက်စစ်ကို ခန္ဓာကိုယ်ထဲကနေ ဆီးကတဆင့် စွန့်ထုတ်ပါတယ်။

    ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။ တခါတရံ ညဘက်မှာ ချက်ချင်းကြီးဖြစ်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ –

    • ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု

    ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊ လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံးဖြစ်လာနိုင် ပါတယ်။

    • သက်ဆိုးရှည်တဲ့ ဝေဒနာ

    ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်ချီတဲ့အထိ လက္ခဏာတချို့က ကျန်ရစ်နေနိုင်ပါသေးတယ်။ ထပ်ဖြစ်လာတဲ့ ရုတ်တရက်ကိုက်ခဲမှုတွေဟာ ပိုကြာရှည်တတ်ပြီး နာကျင်ရတဲ့ အဆစ်တွေ တိုးလာစေနိုင်ပါတယ်။

    • နီရဲ ရောင်ရမ်းခြင်း

    နာကျင်ကိုက်ခဲလာတဲ့ အဆစ်အမြစ်နေရာမှာ ရောင်ရမ်းလာ၊ အထိမခံနိုင်ဖြစ်လာပြီး ပူလောင် နီရဲလာပါတယ်။

    • လှုပ်ရှားလို့ သိပ်မကောင်းတော့ခြင်း

    ဂေါက်ရောဂါ အခြေအနေ ပိုဆိုးလာတာနဲ့အမျှ အဆစ်တွေ လှုပ်ရှားနိုင်စွမ်း ကျဆင်းလာနိုင်ပါတယ်။

    ပုံမှန်အားဖြင့်တော့ ဒီရောဂါက ဂေါက်ရောဂါမျိုးရိုးရှိသူတွေ၊ အမျိုးသားတွေနဲ့ အဝလွန်သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဂေါက်ရောဂါအတွက် ဓာတ်စာတွေဟာ ကုသပျောက်ကင်းနိုင်တဲ့ဆေး မဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့အန္တရာယ်ကို လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏလျော့နည်းစေဖို့ ဆေးဝါးနဲ့အတူ စားသောက်မှုပုံစံကို ပြင်ဆင်ပြီး ထိန်းဖို့လိုအပ်ပါတယ်။

    ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်

    ဂေါက်ရောဂါအတွက် ကျန်းမာရေးနဲ့ညီညွတ်မယ့် ဆောင်ရန်ရှောင်ရန် စားသောက်နည်း အချက်အလက်တချို့ကို ဖော်ပြလိုက်ပါတယ်။

    • အရောအနှော ကာဗိုဟိုက်ဒရိတ်

    Complex carbohydratesတွေပါတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြောင်းနှံတွေ ပိုစားပေးပါ။ ပေါင်မုန့်အဖြူ၊ ကိတ်မုန့်၊ သကြားလုံး၊ အချိုရည်တွေလို အစားအသောက်တွေကို ရှောင်ပါ။

    • ရေ

    ရေဓာတ်မချို့တဲ့ရအောင် နေပါ။ ရေများများသောက်ရင် Purine စွန့်ပစ်မှု ကောင်းစေလို့ ဂေါက်ရောဂါ ထလာနိုင်တဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်။

    • အဆီ

    ပြည့်ဝအဆီတွေ မရရှိအောင်လို့ အနီရောင်ရှိတဲ့ အသားတွေ၊ အဆီများတဲ့ အသားတွေနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။

    • ပရိုတင်း

    အဆီမပါတဲ့ အသားတွေ၊ ငါးတွေနဲ့ ကြက်ဘဲတွေဆီက နေ့စဉ် ပရိုတင်းစားသုံးမှုပမာဏကို ၄အောင်စ ကနေ ၆အောင်စအထိ လျှော့ချပါ။ အဆီထုတ်ဒိန်ချဉ်/နွားနို့လို အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသောက်မှုပုံစံထဲ ပေါင်းထည့်ပြီး ယူရစ်အက်စစ်ကိုလျှော့ချပါ။

    • အချိုရည်များ

    ဆိုဒါ သို့မဟုတ် သစ်သီးအချိုရည်တွေလို အချိုများတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဒါတွေကိုရှောင်တာက ဝိတ်ချဖို့အတွက်တင် မဟုတ်ပါဘူး။ ဒီအချိုတွေက ခန္ဓာကိုယ်ကို ယူရစ်အက်စစ်ပိုထွက်ရှိအောင် နှိုးဆွကြမှာဖြစ်လို့ပါ။

    • Purine ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များ

    အခြေခံအားဖြင့်တော့ မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာမှာ ပေါက်တတ်တဲ့ အသီးအနှံနဲ့ အရွက်တွေကို ရှောင်ရမယ်လို့ ပြောကြပါတယ်။ သူတို့တွေက Purine ဓာတ်များလို့ပါ။ ဥပမာ ပဲပင်ပေါက်တို့၊ ခရမ်းချဉ်သီးတို့၊ မျှစ်တို့ပါ။ ဒါပေမယ့် ဒီအစားအစာတွေက အာဟာရဓာတ်ကြွယ်ဝတဲ အစားအစာတွေပါ။ ဒါကြောင့် ဂေါက်ရောဂါထချိန်လောက်သာ ရှောင်ပြီး ကျန်တဲ့အချိန်တွေမှာ သင့်တင့်တဲ့ ပမာဏ စားပေးနိုင်ပါတယ်။ ဂေါက်ရောဂါရှိရုံနဲ့ ဒီအစားအစာတွေကို လုံးဝရှောင်စရာ မလိုပါဘူး။

    • အတွင်းကလီစာများ

    Purineပမာဏကို မြင့်တက်စေပြီး သွေးတွင်း ယူရစ်အက်စစ်ပမာဏကို တိုးစေနိုင်တာကြောင့် အသည်း၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းကလီစာများ စားသုံးခြင်းကို ရှောင်ပါ။ ကျန်တဲ့ အချိန်မှာ စားရင်တောင်  ဂေါက်ရောဂါထချိန်မှာတော့ ရှောင်သင့်ပါတယ်။

    • ပင်လယ်စာတချို့

    တခြားအစားအစာတွေထက် purine ဓာတ်ပိုများတဲ့ ငါးသလောက်၊ ငါးသေတ္တာငါး၊ ယောက်သွား၊ ခုံး၊ မက်ခရယ်ငါး၊ တူနာငါးတို့လို ပင်လယ်စာတချို့ကိုရှောင်သင့်ပါတယ်။

    • အရက်၊ ဘီယာ

    ခန္ဓာကိုယ်ထဲမှာ အယ်ကိုဟောရဲ့ ဇီဝဖြစ်စဉ်က ယူရစ်အက်စစ်ထုတ်လုပ်မှုကို တိုးမြင့်စေနိုင်တဲ့အပြင် အရက်ကြောင့် ရေဓာတ်ဆုံးရှုံးရစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါထမနေဘူးဆိုရင်တောင် အရက်၊ ဘီယာသောက်တာကို ရှောင်သင့်ပါတယ်။

    • ဗီတာမင် စီ

    ဗီတာမင် စီက ယူရစ်အက်စစ်ပမာဏကို လျော့ကျစေနိုင်တာကြောင့် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားတာ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် စီဆေးပြားကို သောက်သုံးပါ။

    • ကော်ဖီ

    အတန်အသင့် ပမာဏအထိ ကော်ဖီသောက်သုံးခြင်းက ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

    • ချယ်ရီသီး

    ချယ်ရီသီးစားပေးရင်လည်း ဂေါက်ရောဂါအန္တရာယ်ကို လျော့နည်းစေတယ်လို့ အထောက်အထားတွေ တွေ့ရှိခဲ့ကြပါတယ်။

    ကိုယ်အလေးချိန်များနေရင် ဂေါက်ရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများပြီး ကိုယ်အလေးချိန်ကျရင် အန္တရာယ် ပိုနည်းပါတယ်။ အစားအသောက်တွေ တရားလွန်  မရှောင်ဘဲ ကယ်လိုရီပမာဏနဲ့ ကိုယ်အလေးချိန်ကို လျှော့ချရင်ပဲ ယူရစ်အက်စစ်ပမာဏနဲ့ ဂေါက်ရောဂါအန္တရာယ်ကို နည်းပါးစေနိုင်တယ်လို့ သုတေသီတွေက ပြောလာကြပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့အခါ အရိုးအဆစ်တွေပေါ်  ဖိအားလျော့နည်းစေလို့လည်း ပါပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement