backup og meta

အဆစ်ရောင်ခြင်း ကို သက်သာစေမယ့် အစားအသောက် ၈မျိုး


Dr. Khin Yin Kyay မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်ရောင်ခြင်း ကို သက်သာစေမယ့် အစားအသောက် ၈မျိုး

    သင်ဟာ အဆစ်ရောင်ရမ်းခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရပါသလား။ မှန်ကန်သော အစားအသောက်ကို ရွေးချယ်စားပေးခြင်းက သင့်ရဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်းကို တိုက်ထုတ်နိုင်တယ်ဆိုတာ သင်သိပါသလား။ အစားအသောက်တွေဟာ အရသာပိုင်းတင် ကောင်းမွန်တာမဟုတ်ဘဲ ရောင်ရမ်းမှု ကို သက်သာစေခြင်း၊ အရိုးသန်မာစေခြင်း နဲ့ ကိုယ်ခံအားစနစ်မြှင့်ပေးခြင်း စတာတွေကိုပါ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဆစ်ရောင်ခြင်းဆိုတာ ဘာလဲနဲ့ အဆစ်ရောင်ခြင်းကို လျော့ကျသက်သာစေမယ့် အရသာရှိသော အစားအသောက် ၈မျိုးအကြောင်းကို ကျွန်ုပ်တို့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

    အဆစ်ရောင်ခြင်းဆိုတာ ဘာလဲ

    အဆစ်ရောင်ခြင်းဆိုတာ အဆစ် တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရောင်ရမ်းသည့် အခြေအနေကို ခေါ်ပါတယ်။ ရောင်ရမ်ခြင်းဆိုတာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို ခုခံတိုက်ခိုက်ဖို့အတွက် နဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါ ပြန်ကောင်း လာစေဖို့အတွက် ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် လူအချို့မှာ အကြောင်းအရင်း မရှိပဲ ရောင်ရမ်းခြင်းတွေ ဖြစ်လာပါတယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ခုခံအားစနစ်ဟာ ခန္ဓါကိုယ်ကို ပြန်ကောင်းအောင် ကူညီရမယ့်အစား အဆစ်အမြစ်တွေ ကို သွားတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သင့်ရဲ့ ခန္ဓါကိုယ်ဟာ ထိခိုက်လာပြီး နာကျင်ခြင်း၊ တောင့်တင်းခြင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။

    အဆစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအသောက်များ

    အစားအသောက်တွေဟာ အဆစ်ရောင်ခြင်းကို ကုသပေးနိုင်တယ်လို့ ခိုင်ခိုင်မာမာ သက်သေပြထားခြင်း မရှိသော်လည်း ၎င်းတို့ကို ဖြည့်စွက် စားသောက်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ကာ အဆစ်ရောင်ခြင်းကို သိသိသာသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ငါး

    လတ်တလော လေ့လာတွေ့ရှိမှုများအရ အိုမီဂါ သရီး ဟာ ခန္ဓါကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပြီး အဆစ်ရောင် လက္ခဏာတွေ ကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။ အိုမီဂါ သရီး ပမာဏ အများကြီးကို အချို့သောငါး အမျိုးအစားတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး နဲ့ ပင်လယ်ငါးသလောက် စတာတွေမှာ တွေ့ရပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်လောက် အနည်းဆုံး ငါး ၈၅ ဂရမ်လောက် ချက်ပြုတ် စားသောက်သင့်ပါတယ်။

    ပဲပိစပ်

    တကယ်လို့ သင်ဟာ ငါးညှီနံ့ကိုတောင် ခံနိုင်သေးရင် ပဲပိစပ်ကို ဘာကြောင့် မစားနိုင်ဖြစ်ရမှာလဲ။ ပဲပိစပ်မှာဆိုရင် အိုမီဂါ သရီး ရဲ့ကောင်းကျိုးဖြစ်တဲ့ ရောင်ရမ်းမှုဝေဒနာကို တိုက်ခိုက်နိုင်တဲ့ အစွမ်းချင်း ဆင်တူပါရှိပါတယ်။ ပဲပိစပ်ဟာ စားရတာ အရသာရှိရုံမျှမက သင့်ကျန်းမာရေး အတွက်လည်း အကျိုးရှိပါတယ်။ ၎င်းဟာ အဆီနည်းပြီး အသားဓါတ်နဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝပါတယ်။

    သံလွင်ဆီ

    သံလွင်ဆီကို သင့်ရဲ့ အစားအသောက်ထဲမှာ ထည့်စားခြင်းဟာ လေးဖက်နာ ရောဂါကြောင့် ဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်များ နာကျင် တောင့်တင်းခြင်း စတာတွေကို သက်သာစေပါတယ်။ သံလွင်ဆီမှာပါတဲ့ oleic အက်ဆစ်ဓါတ်ကြောင့် ဒီလိုရောင်ရမ်းမှုကို သက်သာစေခြင်း ဖြစ်ပါတယ်။ ၎င်း အက်ဆစ် ဟာ အရောင်ကျစေတဲ့ စတီးရွိက်ဆေးတွေမှာ ပါတဲ့ အက်ဆစ် နဲ့ တူတူပဲ ဖြစ်ပါတယ်။ သံလွင်ဆီမှာ polyphenols နဲ့ အိုမီဂါ သရီးကဲ့သို့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ အက်စစ်ပါဝင်မှုနည်းသော သံလွင်ဆီအပြင် ထောပတ်သီး နဲ့ နေကြာဆီကိုလည်း စားပေးနိုင်ပါတယ်။

    ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းပွင့် တို့ကို စားသုံးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းမှ ကာကွယ်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာဆိုရင် ဗီတာမင် ကေနဲ့ ဗီတာမင် စီ အပြင် အရိုးအဆစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့ sulforaphane လို့ခေါ်တဲ့ ဓါတ်ပေါင်းတစ်မျိုး လည်း ပါဝင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာဆိုရင် အရိုးတွေ ကျန်းမာ သန်စွမ်းဖို့ လိုအပ်တဲ့ ထုံးဓါတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

    လက်ဖက်စိမ်းရည်

    လက်ဖက်စိမ်းရည်မှာ polyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် အရိုးနုတွေ ယို့ယွင်း ပျက်စီးခြင်းကိုလည်း နှေးကွေးစေပါတယ်။ လက်ဖက်စိမ်းရည်မှာပါတဲ့ နောက်ထပ် ဓါတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုကတော့ epigallocatechin-3-gallate ပဲဖြစ်ပါတယ်။ ၎င်းဟာ သွေးလေးဖက်နာ အဆစ်ရောင်ရောဂါရှိသူတွေမှာ အရိုးအဆစ် ပျက်စီးခြင်းကို ဖြစ်စေတဲ့ မော်လီကျုးလေးတွေကို တားဆီးပေးတာဖြစ်ပါတယ်။

    ပဲအမျိုးမျိုး

    ပဲစားခြင်းဟာ အမျှင်ဓါတ်ရရှိစေပါတယ်။ ၎င်းတို့ကို စားသုံးခြင်းဖြင့် ကြွက်သားတွေကျန်းမာဖို့ရာ လိုအပ်တဲ့ အသားဓါတ်ကို ဈေးပေါပေါနဲ့ ရနိုင်ပါတယ်။ အချို့သော ပဲတွေမှာ ဖောလစ်အက်စစ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ သံဓါတ်၊ ဇင့်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ နှလုံးနဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ သင်ဟာ အနီရောင်ပဲများ၊ ပဲကြီးနဲ့ ပဲကြားတွေကို စားပေးသင့်ပါတယ်။

    ချဉ်သော အသီးများ

    လိမ္မော်သီး၊ စပျစ်သီး နဲ့ သံပရာသီးကဲ့သို့ ချဉ်သော အသီးတွေမှာ ဗီတာမင်စီဓါတ် များစွာ ပါဝင်ပါတယ်။ လုံလောက်တဲ့ ဗီတာမင်ဓါတ် ရရှိခြင်းဟာ အဆစ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ပြီး အဆစ်တွေ ကောင်းမွန်စေရန် ထိန်းသိမ်းပေးနိုင်ပါတယ်။ သင်ဟာ ငရုတ်ပွ၊ လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး နဲ့ နာနတ်သီး စတဲ့အသီးတွေကို စားပေးခြင်းဖြင့် ဗီတာမင်စီဓါတ်ကို ရရှိမှာ ဖြစ်ပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကြိုက်သူများအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်စတဲ့ ကြက်သွန်မျိုးနွယ်တွေဟာ ကနဦး အဆစ်အမြစ်ရောင်ရောဂါရဲ့ လက္ခဏာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူထဲမှာ တွေ့ရတဲ့ diallyl disulphine လို့ခေါ်သော ဒြပ်ပေါင်းဟာ လူတွေရဲ့ ဆဲလ်ထဲမှာရှိတဲ့ အရိုးနုပျက်စီးစေသော အင်ဇိုင်းကို ကန့်သတ် ထိန်းချုပ်ပေးပါတယ်။

    သင့်ရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ဒီအစာ၈မျိုးကို ထည့်သွင်း စားသောက်ပေးရုံမျှနဲ့ အဆစ်ရောင်လက္ခဏာတွေ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ မီးဖိုချောင်လေးထဲမှာပဲ ဒီအစားအစာတွေကို သုံးပြီး ကျန်းမာရေးပိုကောင်းစေပြီး အရသာ အပြောင်းအလဲဖြစ်စေမယ့် ဟင်းလျာတွေကို ကြိုးစားချက်ပြုတ်ကြည့်ပါ။ ပျော်ရွှင်ပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement