Minor criteria မှာပါတာက
- အဆစ်နာတာ
- အဖျား ၃၈°C နဲ့ရှိတာ
- ESR ဒါမှမဟုတ် CRP ဆိုတဲ့ သွေးအဖြေတက်တာ
- ECGမှာ PR interval ရှည်တာ စတာတွေပဲ ဖြစ်ပါတယ်။
တခြား ဖြည့်စွက်အချက်တွေ အနေနဲ့ကတော့
- သွေးဆဲလ်တွေ စစ်တာ (complete blood count)
- Antibody testတွေ ဖြစ်တဲ့ အများသိတဲ့ ASOတို့ ADBတို့ စစ်ကြပါတယ်။
လေးဖက်နာရောဂါရှိတယ်လို့ ပြောဖို့အတွက် major ၂ချက် ဒါမှမဟုတ် major ၁ချက်၊ minor ၂ချက် ဒါမှမဟုတ် minor ၃ချက် ရှိမှပြောလို့ရမှာပါ။ ဆရာဝန်စကားနဲ့ဆို diagnosis ရောဂါအမည်တပ်လို့ ရမှာပါ။ လူတို့ စစ်စစ်နေကြတဲ့ ASOဆိုတာ လေးဖက်နာလို့ပြောဖို့အတွက် မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။
ASOဆိုတာ
ASOဆိုတာ anti streptolysin O ကို ဆိုလိုတာပါ။ Streptococcusကနေထွက်တဲ့ streptolysin Oအတွက် ထွက်တဲ့ ပရိုတိန်းပါ။ ဘယ်ကနေပဲ streptococcus ဝင်ဝင် ASOထွက်ပါတယ်။ ဆိုလိုတာက လည်ချောင်းပဲနာနာ၊ အရေပြားပဲ ပိုးဝင်ဝင် ASO ထွက်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်က သိပ်မကြာခင်ကပိုးဝင်ဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လေးဖက်နာဖြစ်ဖြစ် မဖြစ်ဖြစ် ပိုးဝင်ဖူးရင် ASOတက်မှာပါပဲ။
အဲ့ဒီတော့ မြန်မာနိုင်ငံလို နေရာမျိုးမှာ လည်ချောင်းမနာဖူးတဲ့သူ၊ အရေပြားမှာ ပြည်တည်နာ မဖြစ်ဖူးတဲ့သူ ဘယ်နှယောက်များ ရှိမှာမို့လို့လဲ။ ဗိုင်းရပ်စ်ကြောင့် နာတာလည်း ရှိပေမယ့် Streptococcusကြောင့် လည်ချောင်းနာဖူးတဲ့သူလည်း မရှားပါဘူး။ ဒါကြောင့် တော်တော်များများကို စစ်လိုက်ရင် ASOက တက်နေမှာပါပဲ။ ASOတက်တိုင်းသာ လေးဖက်နာဆိုရင် မြန်မာနိုင်ငံမှာ လေးဖက်နာတွေ တော်တော်များများနေပါပြီ။
ဒါဆို ဘာကြောင့် ASOစစ်နေကြတာလဲ။
ဒါဆို ASOက တိမှ မတိကျဘဲ ဘာလို့ စစ်နေသေးလဲလို့ မေးစရာ ရှိပါတယ်။ သေချာအောင်လို့ပါ။ ဆိုလိုတာက အပေါ်က criteriaတွေကို ကြည့်မယ်ဆိုရင် ဖြစ်ရတဲ့ အကြောင်းရင်းက ရှာရခက်ပါတယ်။ ဥပမာ အဆစ်ရောင်တာဆိုလည်း အကြောင်းရင်းတွေ အမျိုးမျိုးဖြစ်နိုင်တယ်။ နှလုံးရောင်တာဆိုလည်း အကြောင်းရင်းတွေ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါပေမယ့် လူနာခံစားရတဲ့ လက္ခဏာတွေ၊ ရောဂါရာဇဝင်တွေ မေးကြည့်တဲ့အခါ လေးဖက်နာတော့ ဖြစ်နိုင်တယ်လို့ ဆရာဝန်က ထင်တဲ့အခါ သိပ်မကြာသေးခင်က လေးဖက်နာ ပိုးများ ဝင်ဖူးသလားမသိဘူးဆိုပြီး စစ်ကြည့်တာပါ။ တက်နေရင်တော့ ပိုပြီး သေချာသလောက်ရှိတာပေါ့။
မတက်လည်း ရောဂါလက္ခဏာတွေက သေချာနေတဲ့အခါ (ဥပမာ ခုနကပြောသလို major လက္ခဏာထဲက၂ချက်လောက် တွေ့နေတဲ့အခါ ) လေးဖက်နာလို့ သတ်မှတ်ပြီး ဆေးကုလို့ရပါတယ်။
ASOတစ်မျိုးတည်းနဲ့ လေးဖက်နာလို့ သတ်မှတ်မိတဲ့အခါ
သွေးစစ်ချက် အဖြေတစ်မျိုးတည်းနဲ့ လေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။ ဒီလိုမှားယွင်းသတ်မှတ်မိတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတော့ မလိုအပ်ဘဲ ပင်နီဆလင်ဆေးတွေ နှစ်နဲ့ချီ သောက်ရတယ်၊ ထိုးရတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ခံရတယ်။ လေးဖက်နာ ဖြစ်တာလည်း မဟုတ်ဘူးဆိုရင် ရောဂါတခြား ဆေးတခြား ကုမိပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ ရောဂါမပျောက် ဖြစ်တာပေါ့။
ဒါကြောင့် အကြံပြုလိုတာာက ခြေဆစ် လက်ဆစ်ကိုက်တိုင်း လေးဖက်နာ မဟုတ်ပါဘူး။ ASOတစ်မျိုးတည်း တက်ရုံနဲ့ လေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။ လေးဖက်နာ မဖြစ်ချင်ဘူးဆို ပိုးဝင် လည်ချောင်းနာတဲ့အခါ သေချာကုပါ။ အထူးသဖြင့် ကလေးတွေပေါ့။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်ပါနဲ့လို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။