backup og meta

အရွတ်စုတ်ပြဲခြင်းပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

အရွတ်ဆိုတာ ခန္ဓါကိုယ်က ကြွက်သားတွေကို အရိုးနဲ့တွယ်ဆက်ပေးထားတဲ့ တောင့်တင်းတဲ့ တစ်ရှူးအဖွဲ့အစည်းဖြစ်ပြီး ကြွက်သားတွေကို အားစိုက်အသုံးပြုရာမှာ အကူအညီပေးပါတယ်။ များသောအားဖြင့် ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ဒါမှမဟုတ် အရွတ်ကို အဆမတန်အသုံးပြုရတဲ့ အားကစားနည်းတွေ (ဥပမာ ပြေး၊ခုန်၊ပစ်) ပြုလုပ်ရတဲ့အခါ အရွတ် ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်တလဲလဲပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ (ဥပမာ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် အသုံးပြုခြင်း) ကြောင့်လည်း အရွတ်စုတ်ပြဲတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။

အရွတ်စုတ်ပြဲစေသည့် အကြောင်းရင်းများ

ယေဘုယျအားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ အရွတ်ပြဲနိုင်ချေ ပိုများပြီး ငယ်ရွယ်စဉ်အချိန်မှာတော့ အရွတ်မပြဲခင် အရွတ်နဲ့တွယ်ဆက်ထားတဲ့ ကြွက်သားတွေအရင် ပြဲထွက်နိုင်ပါတယ်။ အရွတ်ပြဲခြင်းကို အသက်အရွယ်ကြီးသူတွေနဲ့ ဂေါက်ရောဂါကဲ့သို့ ရောဂါအခံတစ်ခုခု ရှိသူတွေမှာ ပိုအတွေ့ရများပါတယ်။

အရွတ်ပြဲခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့

  • ထိခိုက်ဒဏ်ရာရခြင်း
  • အသက်အရွယ်ကြီးခြင်း – အသက်အရွယ်ကြီးလာတာနဲ့အမျှ အရွတ်ဆီသွားတဲ့ သွေးလှည့်ပတ်မှု အားနည်းလာတဲ့အတွက် အရွတ်ပြဲနိုင်ချေ ပိုများပါတယ်
  • အရွတ်ဒဏ်ပိခြင်း – ပေါင်ရှိအရွတ်များ ကျုံ့နေစဉ် ကြွက်သားများဆန့်ထုတ်ခြင်း
  • ပြင်းထန်သည့် အရွတ်ရောင်ခြင်းကို ကုသရန် အရွတ်အတွင်းသို့ စတီးရွိုက်ဆေးထိုးခြင်း

အရွတ်စုတ်ပြဲသည့် လက္ခဏာများ

ပုခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ဒူး၊ လက်ချောင်းနဲ့ ခြေဖနောင့် စတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းအသီးသီးမှာ အရွတ်ဒဏ်ရာ ရတတ်ပါတယ်။

အရွတ်စုတ်ပြဲတဲ့ လက္ခဏာတွေကတော့

  • ထိခိုက်ထားသည့်နေရာတဝိုက် နာကျင်မှုဝေဒနာ ခံစားရခြင်း
  • ထိခိုက်ထားသည့်နေရာမှ ကြွက်သားများ တောင့်တင်းခြင်း၊ နံနက်ပိုင်းတွင် အခြေအနေ ပိုဆိုးတတ်ခြင်း
  • ထိခိုက်ထားသည့်နေရာမှ အဆစ်ကို မလှုပ်ရှားနိုင်ခြင်း
  • လှုပ်ရှားမှုပြုလုပ်သည့်အခါ အရွတ်ပြဲထွက်သလို ခံစားရခြင်း
  • ထိခိုက်ထားသည့် အရွတ်နေရာမှာ အဖုအလုံးထွက်နေခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်သလဲ

အသေးစား ထိခိုက်ဒဏ်ရာတွေကို မိမိအိမ်မှာပဲ ကုသနိုင်ပါတယ်။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ်၊ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ မပျောက်ဘဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင်ခံစားနေရတဲ့ လက္ခဏာတွေအကြောင်း မေးမြန်းပြီး ထိခိုက်ထားတဲ့နေရာကို စမ်းသပ်စစ်ဆေးမှာ ဖြစ်ပါတယ်။ အရွတ်ပြဲခြင်းဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့ ဓါတ်မှန်၊ အာလ်ထရာဆောင်း၊ MRI စတဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေ ပြုလုပ်ရနိုင်ပြီး ဒီပြဿနာဖြစ်စေတယ်လို့ ယူဆရတဲ့ သောက်လက်စဆေးဝါးတွေကိုလည်း ဆက်လက်အသုံးမပြုဘဲ ရပ်ပစ်ရနိုင်ချေ ရှိပါတယ်။

အရွတ်စုတ်ပြဲခြင်းကို ဘယ်လိုကုသရမလဲ

ဘယ်နေရာမှာ ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ RICE လို့ အမည်ရတဲ့ အိမ်တွင်းကုထုံးနဲ့ ကုသနိုင်ပါတယ်။

RICE ရဲ့ အဓိပ္ပါယ်ကတော့

R – rest

ထိခိုက်ထားသည့်နေရာကို အနားပေးပါ

I – ice

အနာသက်သာစေရန် ထိခိုက်ထားသည့်နေရာကို ရေခဲအုံပေးပါ။ ရေခဲကို အရေပြားပေါ်တိုက်ရိုက်အုံခြင်းဟာ ရရှိထားတဲ့ဒဏ်ရာကို ပိုဆိုးစေနိုင်တဲ့အတွက် ရေခဲကို ပလတ်စတစ်အိတ် ဒါမှမဟုတ် တဘက်နဲ့ပတ်ပြီး အုံပေးခြင်း၊ ရေခဲအိတ်ကပ်ပေးခြင်းတို့ကိုသာ ပြုလုပ်သင့်ပါတယ်။

C – compression

အရောင်သက်သာစေရန် ထိခိုက်ထားသည့်နေရာကို ဖိပေးပါ။ ဒဏ်ရာရထားသည့်နေရာကို ACE ပတ်တီး (အလွယ်တကူ ဆန့်ထုတ်နိုင်သည့်ပတ်တီး) ဖြင့် သွေးလှည့်ပတ်မှုမထိခိုက်အောင် ခပ်လျော့လျော့ပတ်ပေးပါ။

E – elevation

ထိခိုက်ထားသည့်နေရာကို နှလုံးတည်နေရာ၏ အထက်သို့ရောက်အောင် မြှောက်ထားပေးပါ။

အချိန်ကာလကြာမြင့်တဲ့အထိ မပျောက်ကင်းနိုင်တဲ့ ထိခိုက်ဒဏ်ရာတွေကိုတော့ shockwave therapy ခေါ် အရွေ့စွမ်းအင်အသုံးပြုပြီး ပျက်စီးနေတဲ့တစ်ရှူးများ ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်တဲ့ကုထုံး ဒါမှမဟုတ် ကာယကုထုံး အကူအညီနဲ့ ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။

အရွတ်စုတ်ပြဲခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

အရွတ်ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ဖို့

  • ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခင် သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးတိုင်း အကြောလျော့ပါ။
  • မိမိပြုလုပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ကိုက်ညီတဲ့ ပစ္စည်းကိရိယာများကို အသုံးပြုပါ။
  • ခန္ဓါကိုယ်ကို မိမိလုပ်နိုင်စွမ်းထက်ပိုပြီး တွန်းအားမပေးပါနှင့်။
  • ကွန်ပျူတာအသုံးပြုတိုင်း မကြာမကြာ အနားယူပေးပါ။
  • သင့် ကွန်ပျူတာ၊ မောက်စ်နဲ့ စားပွဲကို သင့်အတွက် သက်သောင့်သက်သာဖြစ်မယ့် အနေအထားမှာ ထားပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ruptured tendon. http://www.webmd.com/fitness-exercise/ruptured-tendon#1. Assessed February 6, 2017

Tendonitis and other tendon injuries. http://www.nhs.uk/conditions/Tendonitis/Pages/Introduction.aspx. Assessed February 6, 2017

ယခုပုံစံ

22/09/2022

Dr. Ye Mhan Linn မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement