အဓိပ္ပါယ်ဖွင့်ဆိုချက်
Leukoplakia (အာခံတွင်း အဖြူကွက်) ဆိုတာဘာလဲ။
Leukoplakia ဆိုတာ ပါးစောင်၊ သွားဖုံးနဲ့ လျှာတွေမှာ ထူပြီးအဖြူရောင်ရှိတဲ့အကွက်တွေဖြစ်နေတာပါ။ ဒီအကွက်တွေဟာ ဆဲလ်ကြီးထွားမှုက လိုအပ်သည်ထက်ပိုနေတာကြောင့်ဖြစ်ရတာဖြစ်ပြီး ဆေးရွက်ကြီးအသုံးပြုသူတွေမှာ အဖြစ်များပါတယ်။ သူတို့ဟာ သွားတု၊အံကပ်တပ်ထားတာအံမဝင်တာတွေ သို့မဟုတ် ပါးစောင်ထဲထည့်ပြီးဝါးနေတတ်တဲ့အလေ့အထတွေ ကြောင့်လည်းဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေမှာ leukoplakia က ခံတွင်းကင်ဆာနဲ့လည်းဆက်စပ်နေတတ်ပါသေးတယ်။ အဖြူကွက်တွေက အတော်ကိုဆိုးရွားနေတဲ့ပုံပေါ်ရင်တော့ သွားဆရာဝန်က အသားစကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးခိုင်းပါလိမ့်မယ်။
သွားဆရာဝန်က အနာနဲ့ ရလာတဲ့အသားစ စစ်ချက်ကို စစ်ဆေးပြီးတဲ့အခါမှာ ရောဂါကိုဘယ်လိုထိန်းချုပ်ရမလဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကုသမှုတွေဟာ အနာဖြစ်စေတဲ့အချက်အလက်တွေကို ဖယ်ရှားခြင်းနဲ့ စတင်ရမှာပါ။ ဥပမာ-ဆေးရွက်ကြီးဖြတ်ခိုင်းခြင်းနဲ့ တပ်ထားတာအဆင်မပြေတဲ့ သွားတုတွေ အံကပ်တွေကိုပြန်လည်ပြင်ဆင်ပေးခြင်း စတဲ့အချက်တွေနဲ့ အစပြုပါလိမ့်မယ်။
လက္ခဏာများ
Leukoplakia (အာခံတွင်း အဖြူကွက်) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Leukoplakia ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပေါ်နိုင်ပါတယ်။ အပြောင်းအလဲတွေက များသောအားဖြင့် သွားဖုံး၊ ပါးစောင်၊ ပါးစပ်အောက်ပိုင်းနဲ့ တစ်ခါတစ်ရံမှာ လျှာတွေမှာဖြစ်ပေါ်တတ်ပါတယ်။ Leukoplakia တွေက အောက်ပါပုံစံတွေ ဖြစ်တတ်ပါတယ်။
• ဖယ်ရှားဆေးကြောလို့မရတဲ့ အဖြူသို့မဟုတ် မီးခိုးရောင် အကွက်များ
• ကြမ်းတမ်းဖုထစ်နေသော (သို့) ပြားနေသော မျက်နှာပြင်
• ဖုပြီးနီရဲနေတဲ့အနာ (erythroplakia)တွေနဲ့ဖြစ်တတ်ပြီး ဒါတွေက ကင်ဆာအကြိုပြောင်းလဲမှုတွေကို ပြတတ်ပါတယ်။
Hairy leukoplakia လို့ခေါ်တဲ့ အမွေးထူအဖြူကွက် ပုံစံတစ်မျိုးဟာ အခြေခံအားဖြင့် ဆေး သို့မဟုတ် ရောဂါကြောင့် ခုခံအားစနစ်အားနည်းနေတဲ့သူတွေ အထူးသဖြင့် HIV/AIDS ရောဂါသည်တွေမှာ အဖြစ်များပါတယ်။ ဒီအမျိုးအစားကတော့ အမွေးတွေနဲ့ အဖြူရောင်အကွက်တွေကို လျှာစွန်း၊လျှာစောင်းတွေမှာဖြစ်စေတတ်ပါတယ်။ ဒါနဲ့ ခံတွင်း မှက္ခရု နဲ့လည်းမှားတတ်ကြပါသေးတယ်။ ခံတွင်း မှက္ခရု ဆိုတာ ခရင်မ်ပုံအဖြူရောင်အကွက်တွေဖြစ်ပြီး ဖယ်ရှားပစ်လို့ရကာ လည်ချောင်းနောက်ဘက်ကနေ လေပြွန်ထိပ် နဲ့ ပါးစောင်တွေမှာဖြစ်တတ်ပါတယ်။ ခံတွင်း မှက္ခရု ကလည်း HIV/AIDS ရောဂါသည်တွေမှာအဖြစ်များပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
တစ်ခါတလေမှာ ပါးစပ်အနာတွေဟာ အန္တရာယ်မဖြစ်နိုင်ပေမယ့် နာကျင်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလှပါတယ်။ ဒါပေမယ့် အခြားတစ်ဘက်ကကြည့်ရင် ခံတွင်းပြဿနာတွေဟာ ပိုပြီးပြင်းထန်တဲ့အခြေအနေတွေကိုညွှန်ပြနေနိုင်ပါတယ်။ အောက်ပါအချက်တွေရှိရင် သွားဆရာဝန်ဆီသွားပါ။
• အဖြူရောင်အနာတွေပါးစပ်ထဲမှာရှိနေပြီး ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းမသွားဘူးဆိုရင်
• ပါးစပ်ထဲမှာ အကျိတ် သို့မဟုတ် အဖြူ၊အနီ၊အမဲစတဲ့ အကွက်တွေဖြစ်နေရင်
• ခံတွင်းထဲကတစ်ရှူးတွေထဲမှာ ကာလရှည်ကြာပုံမမှန်ပြောင်းလဲနေတာမျိုး
စတာတွေဖြစ်ခဲ့ရင် သွားဆရာဝန်ဆီသွားပါ။
ကုသခြင်း
ဘာလုပ်သင့်သလဲ။
ကုသတဲ့နည်းလမ်းတွေရဲ့ ပန်းတိုင်ကတော့ Leukoplakia (အာခံတွင်း အဖြူကွက်) အကွက်တွေကိုဖယ်ရှားပစ်နိုင်ဖို့ပါပဲ။ အရင်းမြစ်ကိုဖယ်ရှားလိုက်နိုင်ရင် ဒီအကွက်တွေလည်းပျောက်သွားနိုင်ပါတယ်။
• သွားပြဿနာတွေကို ကုသပါ။ ဥပမာ- သွားတွေမညီတာ၊ သွားတု၊အံကပ်တွေရဲ့မျက်နှာပြင်ကပုံမှန်မဟုတ်တာ စတာမျိုးတွေပေ့ါ။ ဒါမှမဟုတ် အမြန်ဆုံး သွားဖာပါ။
• ဆေးလိပ်မသောက်ပါနဲ့။ ဆေးရွက်ကြီးပါဝင်တဲ့ပစ္စည်းတွေကိုအသုံးမပြုပါနဲ့။
• အရက်မသောက်ပါနဲ့။
အဓိကအရင်းမြစ်တွေကိုဖယ်ရှားတာကလည်း အလုပ်မဖြစ်ဘူးဆိုရင် ဆရာဝန်က အကွက်တွေပေါ်မှာဆေးလိမ်းဖို့ ဒါမှမဟုတ် ခွဲစိတ်ဖယ်ရှားလိုက်ဖို့ အကြံပြုနိုင်ပါတယ်။
Hairy Leukoplakia အမွေးထူအဖြူကွက် အတွက်ကတော့ ဗိုင်းရပ်စ်သေဆေးတွေ ကတော့ အများအားဖြင့် အကွကတွေပျောက်သွားအောင်လုပ်ပေးနိုင်ပါတယ်။ ဆရာဝန်က အကွက်တွေပေါ်ဆေးလိမ်းဖို့လည်း အကြံပေးကောင်းပေးနိုင်ပါသေးတယ်။
ဘယ်လိုကာကွယ်ရမလဲ။
အောက်ပါအချက်တွေကိုလုပ်ဆောင်ခြင်းက leukoplakia ကိုကာကွယ်နိုင်ပါလိမ့်မယ်။
• ဆေးရွက်ကြီးပါဝင်ပစ္စည်းအားလုံးကိုရှောင်ပါ။ ဖြတ်နိုင်မယ့်နည်းလမ်းတွေအကြောင်း ဆရာဝန်နဲ့ဆွေးနွေးပါ။ တကယ်လို့ သူငယ်ချင်းမိတ်ဆွေတွေ သို့မဟုတ် မိသားစုဝင်တွေက ဆေးလိပ်ဆက်သောက်နေမယ် သို့မဟုတ် ဆေးရွက်ကြီးဝါးနေမယ်ဆိုရင် သူတို့ကို မကြာခဏသွားကျန်းမာရေးစစ်ဆေးဖို့တိုက်တွန်းပါ။ ခံတွင်းကင်ဆာတွေဟာ အချိန်မလွန်မချင်း အဆင့်တိုးလာသည့်တိုင်အောင် နာကျင်မှုမရှိပါဘူး။
• အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ သို့မဟုတ် အကန့်အသတ်ထားပြီးသောက်ပါ။ Leukoplakia နဲ့ ခံတွင်းကင်ဆာ နှစ်မျိုးလုံးအတွက် အရက်က အကြောင်းရင်းတစ်ခုပါပဲ။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကိုသာ ပေါင်းလိုက်မယ်ဆိုရင် ဆေးရွက်ကြီးမှာပါတဲ့ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေဟာ ပါးစပ်ထဲကတစ်ရှူးတွေထဲဖောက်ဝင်ဖို့ ပိုလွယ်သွားပါပြီ။
[embed-health-tool-bmi]