၄။ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းဝေဒနာရှင်တွေမှာလည်း ရေခဲကို တောင့်တတဲ့ စိတ်ခံစားမှုမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သံဓာတ်အားဆေးတွေကို ပုံမှန်စွဲသောက်ပြီးနောက်မှာတော့ ရေခဲဝါးစားလိုတဲ့ စိတ်ခံစားချက်တွေ ပျောက်သွားနိုင်ပါတယ်။
ကုသရန် လိုအပ်သလား။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရေခဲဝါးစားခြင်းဟာ သွားနဲ့ ခံတွင်းကျန်းမာရေးကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်တိုင် သို့မဟုတ် ကိုယ့်မိသားစုဝင်၊ သူငယ်ချင်းတွေထဲမှာ ဒီလို ခဏခဏ ရေခဲဝါးစားတတ်တဲ့သူတွေရှိရင် သွားနဲ့ ခံတွင်းဆေးခန်းမှာ သွားပိုးပေါက်တွေရှိမရှိ၊ သွားရဲ့ အခြေအနေကို စစ်ကြည့်ဖို့ လိုသလို တခြား သွေးအားနည်းရောဂါ၊ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လားဆိုတာလည်း စစ်ကြည့်သင့်ပါတယ်။
အထူးသဖြင့် စားသောက်ပုံစံမမှန်တဲ့ စိတ်ဝေဒနာရှင်တွေမှာ ရေခဲအပြင် တခြားစားလို့မရတဲ့ ပစ္စည်းတွေ (ဥပမာ- မြေဖြူခဲ၊ ဘောပင်၊ ခဲတံ၊ သံပစ္စည်းတစ်ခုခု) ကိုလည်း ကိုက်ဝါးနေတာ၊ မျိုချတာမျိုး လုပ်တတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် လည်ချောင်းထဲမှာ နင်ပြီးပိတ်နေခြင်း၊ ဝမ်းပိတ်သွားခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အူလမ်းကြောင်းမှာ သွားပိတ်နေခြင်း၊ အချွန်အတက်တွေဆိုရင် ကိုယ်တွင်းကလီစာတွေကို ထိုးမိပြီး သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။