backup og meta

စိတ်ကျန်းမာရေးအတွက် အဖြေရှာတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာရေးအတွက် အဖြေရှာတော့မယ်ဆိုရင်

    လူသားတိုင်း အသက်အရွယ်မရွေး ကြုံလာရတဲ့ အခက်အခဲတွေကြားမှာ စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ ဆိုသလိုပါပဲ။ စိတ်ဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ထမ်းဆောင်နိုင်စေဖို့ အားအင်ဖြစ်စေပါတယ်။

    ဒါပေမယ့် ပုထုဇဉ်လူသားဆိုတာလည်း စိတ်ပျော့တတ်တာပဲမလား။ အခက်အခဲတွေ၊ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျနိုင်တယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်။ ကုသရမှာ၊ ဖွင့်ပြောရမှာ ရှက်တာကြောင့်လည်း တော်ရုံတန်ရုံဆို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်တယ်။ လူတွေကလည်း ကိုယ့်စိတ်ကျန်းမာရေးအကြောင်းသိရင် ကဲ့ရဲ့မယ်။ ပြဿနာကို အဖြေရှာဖို့ဆိုတာထက် ရွာသာကြီး သွားလေ ဆိုတာလောက်ပဲ ပြောတတ်ကြတာမလား။

    အချိန်ကြာလာတော့ ရောဂါပိုဆိုးလာပြီး အိပ်ရာထဲ လဲသွားနိုင်တယ်။ အခြေအနေဆိုးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်လာနိုင်ပါတယ်။

    လူအများစု လုပ်တတ်တာက စိတ်ညစ်လာပြီဆိုရင် သူငယ်ချင်းတွေ၊ မိသားစုတွေပဲ တိုင်ပင်လိုက်တယ်။ ပြီးတော့ မေ့မေ့ပျောက်ပျောက်ထားလိုက်တယ်။ တကယ်တော့ ဒါဟာ အဖြေတစ်ခုမဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ အတိုင်းအတာတစ်ခုထိ ဆိုးလာပြီဆိုတာ သတိထားမိရင် စိတ်ရောဂါကုထုံး ပညာရှင်တွေ (Psychological therapist) နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်လာပါပြီ။

    စိတ်ကျန်းမာရေးအတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တိုင်ပင်တာထက်စာရင် စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ ဘာကောင်းကျိုးရနိုင်လဲ ပြောပြပေးမယ်နော်။

    ၁။ စိတ်ရောဂါကုထုံးပညာရှင်တွေက ဝေဖန်အပြစ်တင်တာမျိုး လုံးဝမလုပ်ပါဘူး။

    ကိုယ့်စိတ်ထဲ ရှိသမျှ ကောင်းသည်၊ ဆိုးသည် အကြောင်းအရာအားလုံးကို ဖွင့်ပြောပြလိုက်ပါ။ သူငယ်ချင်း၊ မိသားစုတွေက ကိုယ့်ကို ကဲ့ရဲ့တာ၊ ဝေဖန်တာ၊ အပြစ်တင်တာအပြင် ကိုယ်လုပ်တာ မှားနေတယ်လို့ ပြောနိုင်ပါတယ်။

    စိတ်ရောဂါကုထုံးပညာရှင်တွေရဲ့ အားသာချက်က ဒီလို ဝေဒနာရှင်တွေကို ဝေဖန်အပြစ်တင်တာမျိုး လုံးဝမလုပ်ပေးပဲ ကိုယ်ဖြစ်နေတဲ့ ပြဿနာရဲ့ အကြောင်းရင်းကို အဖြေရှာပေးမှာ ဖြစ်ပါတယ်။

    ၂။ စိတ်ရောဂါကုထုံးပညာရှင်တွေက သူတို့ရဲ့ အမြင်တွေကို အတင်းအဓမ္မပြောဆိုသိမ်းသွင်းတာမျိုး မလုပ်ပါဘူး။

    သူငယ်ချင်းတွေကို ကိုယ့်ရဲ့ ပြဿနာကို ပြောပြလိုက်တဲ့အခါမှာ သူတို့အရင်ဆုံး လုပ်တတ်တာက ကိုယ်လုပ်တာမှားနေတဲ့အကြောင်း၊ ဘယ်လိုလုပ်လိုက်မှ အဆင်ပြေမယ်ဆိုတဲ့အကြောင်း သူတို့ ထင်မြင်လက်ခံထားတဲ့ ယူဆချက်တွေကို အရင်ပြောမှာပါ။ တစ်ခါတလေမှာလည်း ကိုယ်စိတ်ချမ်းသာပါစေဆိုပြီး ဘာမှ မပြောပဲ လွှတ်ပေးထားလိုက်တာလည်း ရှိမှာပါ။ မိသားစုဝင်တွေဆိုရင် ကိုယ့်ကို ကာကွယ်ပေးချင်တဲ့စိတ်နဲ့ သူတို့ နားလည်လက်ခံထားတဲ့ ပုံစံအတိုင်း ကိုယ့်ဘဝကို ပြောင်းလဲဖို့ အတင်းကြိုးစားတတ်ပါတယ်။

    စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပြဿနာကို မေးမြန်းမယ်။ အဆုံးထိ သေချာနားထောင်ပြီး ကိုယ့်မှာ ဘယ်လိုပြဿနာတွေရှိနေလဲ။ ဘယ်လိုပျောက်ကင်းအောင် လုပ်ရမလဲဆိုတာကို ပညာရှင်တစ်ယောက်ရဲ့ အမြင်နဲ့ အတွေ့အကြုံ၊ သင်ယူထားတဲ့ ပညာအရ ပြောပြပေးသွားမှာ ဖြစ်ပြီး ကိုယ့်အပေါ်ကိုလည်း ရာနှုန်းပြည့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှာ ဖြစ်ပါတယ်။

    ၃။ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်ရဲ့ လူသိမခံဝံ့တဲ့ လျို့ဝှက်ချက်တွေကို မပေါက်ကြားစေပါဘူး။

    သူငယ်ချင်းတွေကို တိုင်ပင်လိုက်ရင် တစ်ခါတလေမှာ စကားပြောရင်းနဲ့ ကိုယ်ပြောဖူးခဲ့တဲ့ လျို့ဝှက်ချက်တွေ ပါသွားတာမျိုး ရှိကောင်းရှိနိုင်တယ်။ အချစ်ရေးကိစ္စတွေ၊ လူသိမခံဝံ့တဲ့၊ ကိုယ့်စိတ်ထဲမှာ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှုတွေ ဖြစ်စေတဲ့ အရာတွေကိုသာ တခြားလူတွေ သိသွားရင် ကိုယ့်အတွက်ကတော့ တော်တော်လေး စိတ်ညစ်စရာ၊ အရှက်ရစရာ ဖြစ်သွားနိုင်ပါတယ်။

    စိတ်ရောဂါကုထုံးပညာရှင်တွေဟာ သူတို့ရဲ့ ကျင့်ဝတ်သိက္ခါအရ ဝေဒနာရှင်ခံစားနေရတဲ့ အတိတ်အကြောင်း၊ ရင်တွင်းခံစားချက်တွေကို မလိုအပ်ပဲ ထုတ်ဖော်ပြောတာမျိုး လုံးဝလုပ်မှာ မဟုတ်ပါဘူး။

    ၄။ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို အတိအကျဖော်ထုတ်နိုင်တယ်။

    သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ပေါ့သွားတယ်လို့ ထင်ရတယ်။ မိသားစုကို တိုင်ပင်လိုက်တဲ့အခါ လုံခြုံသွားတယ်လို့ ခံစားရတယ်။ စိတ်ခံစားချက်တွေ သိပ်မပြင်းထန်တဲ့အချိန်မှာတော့ ကိစ္စမရှိပေမဲ့ တကယ်စိတ်က အောက်ဆုံးထိ ထိုးဆင်းသွားတဲ့အချိန်မျိုးမှာ သူတို့တွေလည်း ကိုယ်ဘာဖြစ်နေလဲဆိုတာကို လုံးဝနားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

    စိတ်ရောဂါကုထုံးပညာရှင်တွေဟာ စိတ်ပညာနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာသင်ယူနားလည်တတ်ကျွမ်းထားတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကသာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ခံစားချက်တွေ၊ ကိုယ့်ရဲ့ အတိတ်မှာ ဖြစ်ဖူးခဲ့တဲ့ အကြောင်းအရာတွေကို မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြရုံနဲ့ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ ဘယ်အတိုင်းအတာထိရှိလဲ။ ကိုယ်က ဘယ်လိုစိတ်ရောဂါမျိုး ဖြစ်နေလဲဆိုတာ အတိအကျ အမည်ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ၅။ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ ပြောဆိုတဲ့အခါ စိတ်မသန့်သလို ဖြစ်စရာ မလိုပါဘူး။

    တစ်ခါတလေမှာ ကိုယ့်ရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေကို လူတစ်ဖက်သား သိသွားမှာ လိပ်ပြာမသန့်သလို၊ စိတ်မသန့်သလို၊ စိတ်မလုံခြုံတော့သလို ခံစားရတာ သဘာဝပါပဲ။

    စိတ်ရောဂါကုထုံးပညာရှင်တွေဟာ သူတို့ဆီကို ပုံမှန်လာပြီး ပြသပေးဖို့၊ ရင်ထဲရှိတဲ့ အတိုင်းပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့သာ မျှော်လင့်တာဖြစ်ပါတယ်။ ကိုယ့်အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် ကိုယ့်ကို ဝေဖန်ကဲ့ရဲ့မှာ မဟုတ်သလို တခြားသူတစ်ယောက်ကိုလည်း ပြန်ပြီးပြောစရာ အကြောင်းမရှိပါဘူး။

    ၆။ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်ရဲ့ ပြဿနာကို အသေးအမွှားကိစ္စလို သဘောထားမှာ မဟုတ်ပါဘူး။

    ကိုယ့်စိတ်ထဲမှာ ရှိတဲ့ ဝေဒနာအတိုင်းအဆကို ကိုယ်တိုင်ပဲ သိမှာပါ။ ကိုယ်ခင်ရတဲ့၊ ချစ်ရတဲ့ သူတွေကို တိုင်ပင်လိုက်တဲ့အခါမှာ သူတို့ရဲ့ စိတ်ထဲမှာ ကိုယ်ဟာ ပြဿနာကို ပုံကြီးချဲ့တယ်၊ ဒီလောက်ပြဿနာလေးနဲ့ ဒီလိုစိတ်ခံစားနေစရာ မလိုပါဘူးလို့ ပြောကောင်း ပြောပါလိမ့်မယ်။ တကယ်တော့ လူတိုင်းရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းလာတဲ့ ဘဝအခက်အခဲတွေဟာ တူမှာမဟုတ်ပါဘူး။ ကိုယ်က ဖြေရှင်းနိုင်တဲ့ ပြဿနာကို တခြားတစ်ယောက်က မဖြေရှင်းနိုင်တာလည်း ရှိကောင်းရှိမှာပါ။

    စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာကို ရင်ဖွင့်တိုင်ပင်လိုက်တဲ့အခါ သေးသည်၊ ကြီးသည် စဉ်းစားမှာမဟုတ်ပဲ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာကိုပဲ သေချာပြောပြပေးမှာ ဖြစ်ပါတယ်။

    ၇။ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်စိတ်ကို ကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။

    ဘယ်လိုအကြောင်းအရာကြောင့်ပဲ စိတ်ကျန်းမာရေး ထိခိုက်နေပါစေ၊ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ ကိုယ့်ရဲ့ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းပေးပြီး လုံးဝစိတ်ကို ပေါ့ပါးသွားစေနိုင်ဖို့၊ ကိုယ့်ရဲ့ ဘဝကို အဆင်ပြေပြေ၊ စိတ်အေးချမ်းသာစွာနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement