backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပြင်းထန်သွားဖုံးပိုးဝင်ရောင်ရမ်းခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပြင်းထန်သွားဖုံးပိုးဝင်ရောင်ရမ်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ဆိုတာဘာလဲ။

Trench Mouthဆိုတာ ပြင်းထန်စွာ သွားဖုံးရောင်ခြင်းတစ်မျိုးဖြစ်ပြီး နာကျင်စေခြင်း၊ ပိုးဝင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်းနဲ့ အဖုအကြိတ်ပေါက်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကတော့ ဒီနေ့ခေတ်ရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်တာရှားသွားပါပြီ။ အာဟာရလုံလောက်မှုမရှိဘဲ ဆင်းရဲတဲ့ လူနေထိုင်မှုဘဝတွေရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များပါတယ်။

Necrotizing Ulcerative gingivitis (NUG) လို့သိကြတဲ့ ပြင်းထန်တဲ့သွားဖုံးရောင်နာဟာ သူ့ရဲ့ဒီနာမည်ပြောင်ကို ရလာခဲ့တဲ့အကြောင်းရင်းလည်းရှိပါတယ်။ ပထမကမ္ဘာစစ်တုန်းက ကတုတ်ကျင်း (trench) ထဲပိတ်မိနေတဲ့ စစ်သားတွေဟာ သူတို့သွားတွေကို သေချာဂရုမစိုက်တာကြောင့် ဒီရောဂါပြန့်ပွားခဲ့ရာက ဒီနာမည်ရလာခဲ့တာပါ။ ဒီရောဂါကတော့ အချင်းချင်းထိတွေ့ကိုင်တွယ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။

လက္ခဏာများ

Trench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Trench Mouth ရဲ့ ရောဂါလက္ခဏာတွေထဲမှာ

• ပြင်းထန်တဲ့သွားဖုံးနာကျင်မှု

• အနည်းငယ်ဖိမိတာတောင်မှ သွားဖုံးကသွေးထွက်ခြင်း

• နီရဲနေတဲ့ သို့မဟုတ် ရောင်ရမ်းနေတဲ့ သွားဖုံး

• စားတဲ့အခါ သို့မဟုတ် မြိုချတဲ့အခါ နာကျင်နေခြင်း

• သွားဖုံးပေါ်မှာမီးခိုးရောင်အလွှာရှိခြင်း

• သွားကြားတွေနဲ့ သွားဖုံးပေါ်မှာ အနာရှိခြင်း

• အရသာခံစားမှု မှားယွင်းနေခြင်း

• ခံတွင်းနံ့ဆိုးခြင်း

• ဖျားနာခြင်း နဲ့ အားနည်းခြင်း (နုံးချိနေခြင်း)

• ခေါင်း၊လည်ပင်းသို့မဟုတ် မေးရိုးပတ်ဝန်းကျင်မှာရှိတဲ့ ပြန်ရည်ကျိတ် တွေရောင်ရမ်းနေခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ဒီရောဂါရဲ့ လက္ခဏာတွေဟာ လျင်မြန်စွာဖြစ်ပေါ်လာတာပါ။ သင့်မှာလက္ခဏာတစ်ခုခုဖြစ်လာပြီဆိုရင် ဖြစ်နိုင်သမျှအမြန်ဆုံးဆရာဝန်နဲ့ ပြပါ။ တစ်ခါတလေမှာ ဒီရောဂါနဲ့ဆိုင်တဲ့လက္ခဏာတွေထက် သွားဖုံးပြဿနာတွေရဲ့လက္ခဏာတွေ -ဥပမာ-သွားဖုံးရောင်ခြင်းပုံစံတစ်မျိုး သို့မဟုတ် ရေစီးကမ်းပြိုလိုက်ခြင်းတို့လို ရောဂါလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

သွားဖုံးရောဂါလက္ခဏာအားလုံးဟာ ပြင်းထန်နိုင်ပြီး အများစုကတော့ ကုသမှုမလုပ်ရင် ပိုပြီးဆိုးလာနိုင်ပါတယ်။ မြန်မြန်ဂရုစိုက်လေ သွားဖုံးအခြေအနေပြန်ကောင်းလာဖို့အခွင့်အရေး ပိုများလေပါပဲ။ ဒါက သွားတွေကျွတ်သွားခြင်းကိုလည်း ကာကွယ်နိုင်ပြီး အရိုးတွေနဲ့အခြားတစ်သျှူးတွေ ပျက်စီးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

ကုသမှု

ဘာလုပ်သင့်သလဲ။

ဒီရောဂါဖြစ်နေပြီဆိုရင် ပြင်းထန်စွာနာကျင်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ဖို့နဲ့ ကုသတဲ့နေရာမှာ အောင်မြင်နိုင်ဖို့ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါတယ်။

• ဆေးလိပ်သောက်ခြင်း သို့မဟုတ် အခြားဆေးရွက်ကြီးပါဝင်တဲ့ပစ္စည်းတွေကိုအသုံးပြုခြင်း ရှောင်ကြဉ်ပါ။

• ညွှန်ကြားထားတဲ့အတိုင်း နာကျင်မှုကိုသက်သာစေတဲ့ဆေးသောက်ပါ။

• ကုသခါစရက်အနည်းငယ်မှာ နာကျင်မှုကိုလျှော့ချနိုင်ဖို့အတွက် ညွှန်ကြားထားတဲ့အတိုင်း အရည်သာသောက်ပါ။

• စပ်ပြီးအလွန်ပူတဲ့အစာမျိုးကိုရှောင်ပါ။ ဒါတွေက သွားဖုံးနာတာကို ပိုဆိုးစေပါတယ်။

• ရေဓါတ်ပြည့်နေဖို့အတွက် ရေများများသောက်ပါ။

• ကာဗွန်ပါဝင်တဲ့သောက်စရာ သို့မဟုတ် အရက်သောက်ခြင်း ရှောင်ကြဉ်ပါ။

• ဆရာဝန်ချိန်းတဲ့အချိန်တိုင်း သွားပါ။

• ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေလျော့ကျစေဖို့ များများအနားယူပါ။

• အာဟာရတိုးတက်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားပါ။

ဘယ်လိုကာကွယ်မလဲ။

ကျန်းမာရေးအတွက်ကောင်းတဲ့အလေ့အထကောင်းတွေဟာ ဒီရောဂါဖြစ်လာနိုင်ခြေကို လျှော့ချပေးပါတယ်။ အထူးသဖြင့်

• ခံတွင်းကောင်းမွန်စွာသန့်ရှင်းနိုင်ဖို့ လေ့ကျင့်ပါ။ တစ်ရက်ကိုအနည်းဆုံး၂ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွားတိုက်ပြီး သွားကြားထိုးပါ။ ဆေးခန်းမှာ ခံတွင်းနဲ့သွားသန့်ရှင်းရေး ပုံမှန်သွားလုပ်ပါ။ ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်ဆေးရည်တွေကလည်း အကူအညီဖြစ်ပါတယ်။ အချို့လေ့လာချက်တွေမှာ လျှပ်စစ်သွားတိုက်တံဟာ ရိုးရိုးသွားပွတ်တံတွေထက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

• ဆေးလိပ်မသောက်ပါနဲ့ သို့မဟုတ် အခြားဆေးရွက်ကြီးပါတဲ့ ပစ္စည်းတွေကို မသုံးစွဲပါနဲ့။ ဆေးရွက်ကြီးတွေဟာ Trench mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ဖြစ်နိုင်ချေများတဲ့အချက်တွေထဲမှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။

• ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေများများစားပါ။ ပြုပြင်ထားတဲ့ အစေ့အနှံတွေထက် သဘာဝအစေ့အနှံတွေကိုရွေးချယ်ပါ။ ငါး နဲ့ပဲတွေလို ပရိုတိန်းပါတဲ့ ကျန်းမာစေတဲ့အရာတွေကိုစားပါ။ အဆီနည်းနို့ထွက်ပစ္စည်းတွေကို ရွေးချယ်ပါ။

• စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ စိတ်ဖိစီးမှုတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်တာကြောင့် ဒါကိုထိန်းချုပ်နိုင်ဖို့ကြိုးစားတာက သင့်အတွက်အရာအားလုံးအဆင်ပြေစေဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းနည်းလမ်းတွေ၊ ယောဂနဲ့ ဝါသနာပါရာကို လုပ်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုတွေကိုကျော်လွှားစေနိုင်မယ့် ကျန်းမာရေးနဲ့ညီတဲ့ နည်းလမ်းတွေပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement