backup og meta

သင့်ဝှေးစေ့နာကျင်စေတဲ့ အချက် (၄)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဝှေးစေ့နာကျင်စေတဲ့ အချက် (၄)ချက်

    ငယ်ငယ်က သူငယ်ချင်း အချင်းချင်း နောက်ကြပြောင်ကြရင်း ပေါင်ခွကြားကို ကန်မိရင် နာသွား၊အောင့်သွားတာမျိုး ယောက်ျားလေး အတော်များများ ခံစားဖူးကြမှာပါ။ ဒီလို အကန်မခံရဖူးရင်တောင် သင့်ဘဝမှာ အနည်းဆုံး တခါလောက်တော့ ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ခံစားကောင်း ခံစားဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတရပ် ဖြစ်တာကြောင့်ပါ။ တခုခုဆိုရင် အစိုးရိမ်လွန်တတ်တဲ့သူတွေအဖို့ ဝှေးစေ့နာကျင်တဲ့အခါ ဝှေးစေ့ကင်ဆာ ဖြစ်နေပြီလားလို့ပါ တဆုံးတွေးတတ်ကြပါသေးတယ်။ ဒါပေမယ့် ဝှေးစေ့ကင်ဆာ အများစုဟာ (အခြားကင်ဆာတွေနည်းတူ) နာကျင်တဲ့ လက္ခဏာပြလေ့ မရှိပါဘူး။ ပြီးတော့ ဝှေးစေ့ကင်ဆာဆိုရင် အလုံးစမ်းမိတတ်ပါတယ်။ တခါ ပျော်တတ်ပါးတတ်သူတွေကျပြန်တော့ ဝှေးစေ့အောင့်နေ၊နာနေရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတခုခု ဖြစ်နေပြီလားလို့ ထင်တတ်ကြပြန်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါအများစုဟာ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုသာ အဓိက ပြလေ့ရှိတာမို့ ဆီးကျဉ်၊ဆီးပူ၊ဆီးအောင့်ခြင်းတွေကိုပဲ ခံစားရမှာပါ။

    ဟုတ်ပြီ။ ဒါဖြင့်ရင် ဝှေးစေ့နာကျင်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်ပါဦး။

    (၁) ဝှေးစေ့လိမ်ခြင်း

    ဝှေးစေ့နဲ့ တွဲလျက်ရှိနေတဲ့ သုတ်ရည်ကြော လည်သွားတဲ့အခါ ဝှေးစေ့လိမ်ခြင်း ဖြစ်ပေါ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကပ္ပါယ်အိတ်ဆီ သွေးအသွားအလာတွေ ပိတ်ဆို့ကုန်ပါတယ်။ ဒီလို သွေးကောင်းစွာမရရှိတော့တဲ့အတွက် ဝှေးစေ့နာကျင်တဲ့ ခံစားချက် ဖြစ်ပေါ်လာရပါတယ်။ အခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဝှေးစေ့လိမ်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ် (ဥပမာ အားကစားလုပ်နေစဉ်၊လိင်ဆက်ဆံနေစဉ်၊အိပ်နေစဉ်မှာတောင် ဖြစ်နိုင်ပါသေးတယ်)။ ဝှေးစေ့လိမ်တဲ့အခါ နာကျင်ရောင်ရမ်းမှုအပြင် ဗိုက်အောင့်ဗိုက်နာခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝှေးစေ့နေရာမမှန်ခြင်း စတဲ့ လက္ခဏာတွေ ပြပါလိမ့်မယ်။ ဝှေးစေ့လိမ်နေပြီလို့ သံသယရှိရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက် ပြသရပါမယ်။ ခွဲစိတ်ကုသဖို့ လိုမလိုကိုတော့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

    (၂) ဆီးကျောက်တည်ခြင်း၊ဝမ်းချုပ်ခြင်း၊အူကျခြင်း သို့မဟုတ် အစာအိမ်ဆိုင်ရာ ပြဿနာများ

    သင့်ဝှေးစေ့ကို အထောက်အပံ့ပေးထားတဲ့ အာရုံကြောတွေဟာ အစာအိမ်၊ကျောက်ကပ်နဲ့ အစာခြေလမ်းကြောင်းအပါအဝင် ဝမ်းဗိုက်တွင်း နေရာအများအပြားက ထွက်ပေါ်လာပါတယ်။ ဒါကြောင့် သင်ဝမ်းချုပ်ပြီး အစာဟောင်းတွေ စုပုံလာတဲ့အခါ ဒါမှမဟုတ် ဆီးကျောက်တည်တဲ့အခါ အစာဟောင်း/ဆီးကျောက်ဟာ အဆိုပါ အာရုံကြောတွေပေါ် ဖိသလို ဖြစ်တာကြောင့် ဝှေးစေ့နာကျင်တဲ့ ခံစားချက် ဖြစ်ပေါ်လာပါတယ်။ အူကျတဲ့အခါ၊အူကျလို့ ခွဲစိတ်ထားတဲ့အခါမှာလည်း အဆိုပါ အာရုံကြောတွေ ရောင်ရမ်းလာတာကြောင့် ဝှေးစေ့နာကျင်လာတတ်ပါတယ်။ ဒါကို ဆေးပညာဝေါဟာရနဲ့ ‘referred pain’ လို့ ခေါ်ပါတယ်။ ပြဿနာ အမှန်တကယ် ဖြစ်ပေါ်တဲ့နေရာက တနေရာ၊နာကျင်မှုခံစားရတဲ့ နေရာက အခြားတနေရာ …. ဒီလိုအခြေအနေကို referred pain လို့ခေါ်တာ ဖြစ်ပါတယ်။ ပြဿနာက ကျောက်ကပ်တို့၊အစာခြေလမ်းကြောင်းတို့မှာ ဖြစ်ပေမယ့် ဝှေးစေ့မှာ လာနာတာပါ။

    (၃) သားကြောဖြတ်ထားခြင်း

    သုတ်ရည်တွေကို ဝှေးစေ့ထဲကနေ ဆီးလမ်းကြောင်းဆီ ရောက်ရှိအောင် သယ်ဆောင်ပေးတဲ့ သုတ်ရည်ပို့ပြွန်လေးအား ပိတ်ဆို့လိုက်ခြင်းအားဖြင့် ကလေးမရတော့အောင် ပြုလုပ်ခြင်းကို သားကြောဖြတ်ခြင်းလို့ ခေါ်ပါတယ်။ ဒီလို သားကြောဖြတ်ခြင်းဟာ ခွဲစိတ်ကုသမှု တမျိုးပဲဖြစ်တာကြောင့် ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်နိုင်ချေဟာ အင်မတန်မှကို နည်းပါးလှပါတယ်။ သားကြောဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ ၁ – ၂ ရာခိုင်နှုန်းလောက်မှာပဲ ဝှေးစေ့/ကပ္ပါယ်အိတ်နာကျင်ခြင်းကို ခံစားရတတ်တယ်လို့ ဆိုပါတယ်။ သားကြောဖြတ်တာနဲ့ ဝှေးစေ့နာကျင်တာ ဘယ်လိုဆက်စပ်နေသလဲ အတိအကျ မသိရှိရသေးပေမယ့် အနားတဝိုက်က အာရုံကြောတွေကို ထိခိုက်မိတာကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

    (၄) မုတ္တရောဂါ

    သင့်ဝှေးစေ့ရဲ့ ခန္ဓါဗေဒ ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် သူတို့တွေဟာ ကြိုးလေးတချောင်းစီနဲ့ ချည်ထားသလို တွဲလျားလေးကျနေတာကို တွေ့ရပါလိမ့်မယ်။ ဒီကြိုးလေးကိုတော့ သွေးကြောတွေ၊အာရုံကြောတွေ၊တစ်ရှူးတွေနဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပါတယ်။ ဝှေးစေ့နဲ့ ကြိုးလေးတွေတဝိုက်မှာ အရည်အနည်းငယ် ရှိနေတတ်ပြီး ဒါဟာ အမျိုးသားတိုင်းမှာ ရှိပါတယ်။ လုံးဝပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ဒီအရည်လေးတွေဟာ (အကြောင်းအမျိုးမျိုးကြောင့်) ပုံမှန်ထက် ပမာဏများပြားလာတတ်ပါတယ်။ ကပ္ပါယ်အိတ်ထဲမှာ အရည်တွေ အများအပြား စုပုံနေပြီဆိုရင်တော့ မုတ္တရောဂါဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ယေဘုယျအားဖြင့် မုတ္တရောဂါဟာ နာကျင်လေ့မရှိပေမယ့် ရောင်ရမ်းလေးလံနေတဲ့ ကပ္ပါယ်အိတ်ကြီးက အောက်ကို ဆွဲချထားတာ ကာလကြာလာရင်တော့ နာကျင်လာတတ်ပါတယ်။ ဒါကြောင့် သင့်ဝှေးစေ့နာကျင်နေတယ်၊မုတ္တရောဂါရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက် ပြသပါ။ သူ့အလိုလို ပျောက်သွားတတ်သလို ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေလည်း ရှိနေတတ်တာကြောင့်ပါ။

    ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်သလဲ

    ‘နာတာ ဘယ်လောက်ကြာပြီလဲ’၊’ဘယ်လောက်နာသလဲ’ စတဲ့ မေးခွန်းလေးတွေကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ အခုနာ၊အခုပျောက်ဆိုသလို သိပ်အချိန်မကြာလိုက်တဲ့၊နာကျင်မှုလည်း သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ၁၅ မိနစ်ထက် ပိုကြာကြာ နာနေပြီ၊နာလွန်းလို့ ညည်းစီစီနဲ့ ချွေးတွေပါပျံလာပြီဆိုရင်တော့ အရေးပေါ်ဋ္ဌာနကို အမြန်ပြေးသင့်ပါတယ်။

    အချိန်ဆွဲနေရင် ဝှေးစေ့တဖက် ထုတ်လိုက်ရတဲ့အထိ အခြေဆိုက်သွားနိုင်တာကြောင့် မပေါ့ဖို့တော့ လိုပါလိမ့်မယ်။ ဝှေးစေ့ပြဿနာ မဟုတ်ဘူးဆိုရင်တောင် (အထက်မှာ ပြောခဲ့သလို) ဆီးကျောက်တည်တာ၊အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာရှိတာ၊အူအတက်ပေါက်တာ စတဲ့ ပြဿနာတွေ ဖြစ်နေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement