backup og meta

အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ

    စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဝေဒနာ တွေကို လူအများအပြား ကြုံဆုံရတတ်ပါတယ်။ ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အမျိုးသားတွေဟာ ဒီလို စိတ်ဝေဒနာမျိုးတွေ တွယ်ငြိလာချိန်တွေမှာ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟဖို့၊ ကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။

    ဒါကြောင့်လည်း အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားလှတာဖြစ်ပါတယ်။ အမျိုးသားတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရချိန်မှာ ထုတ်ဖော်ဖွင့်ဟဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ အချက် ၁၃ ချက် ရှိတာကို သိရှိရပါတယ်။ အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။

    အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ

    အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရကြောင့် ဘာကြောင့် ဝန်မခံချင်ကြတာလဲ ဆိုတော့ ဒီအချက်တွေကြောင့်ပါ။

    ၁။ ငါ့မှာ တစ်စုံတစ်ရာမှားယွင်းနေတာမရှိဘူးလို့ ယုံကြည်နေတာ

    အမျိုးသားတွေဟာ အပြောင်းအလဲ၊ အမှားအယွင်းတွေကို လက်ခံဖို့ ပိုခက်ခဲတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှာလည်း ဒီအတိုင်းပါပဲ။ ဆိုးရွားမလာသေးခင်အထိ ငါအဆင်ပြေတယ်ဆိုတဲ့ အတွေးက ကြီးစိုးနေတတ်ပါတယ်။

    ၂။ ငါ မရူးပါဘူးလို့ တွေးနေမိတာ

    စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေခံစားရတိုင်း သွက်သွက်ခါအောင် ရူးနေတတ်တာမဟုတ်ပါဘူး။ ဝေဒနာအများစုဟာ အနုစားတွေဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ သူတို့ရဲ့ ဝေဒနာတွေကို ဥပက္ခာပြုပြီး အမှန်ကိုလက်ခံဖို့ ခက်ခဲနေတတ်ကြပါတယ်။

    ၃။ ငါ့ပြဿနာက ဖြေရှင်းရခက်တယ်

    ဝေဒနာကို စတင်တီးခေါက်မိလာပြီဆိုရင်တောင်မှ အမျိုးသားတွေဟာ ဘယ်သူနဲ့မှ တိုင်ပင်ဦးမှာ မဟုတ်ပါဘူး။ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရှုပ်ထွေးနက်နဲတာမို့ တပါးလူတွေနားလည်မှာမဟုတ်ဘူးလို့ ယူဆနေတတ်ကြပါတယ်။

    ၄။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့ ရတယ်

    တချို့တွေကတော့ တစ်မျိုးတွေးပါတယ်။ ပြဿနာကို သူကိုင်တွယ်နိုင်တယ်၊ ဆိုးရွားမှုမရှိဘူးလို့ လျှော့ပေ့ါတွေးပစ်တာပါ။ ကိုယ့်ဘာသာ တိတ်တိတ်လေး ဖြေရှင်းမယ်လို့ တွေးနေတတ်တာပေါ့။

    ၅။ ငါ့ပြဿနာတွေ သူများကို မမြင်စေချင်ဘူး

    အဆိုးရွားဆုံးကိစ္စတွေထဲက တစ်ခုပါပဲ။ အခြေအနေကို အမှန်အတိုင်း သိနေရင်တောင်မှ ရင်ဖွင့်ဖို့ တိုင်ပင်ဖို့ ကုသဖို့ ရှက်ရွံ့တာမျိုး၊ လူမသိစေချင်တာမျိုးတွေ ခံစားရတတ်တာပါ။

    ၆။ ငါ ချိနဲ့ယိုယွင်းနေပြီ

    ဒီတစ်မျိုးကတော့ စိတ်ဓာတ်ကျသွားတာဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာကြီးကြောင့် သူပျက်ယွင်းပြိုလဲသွားပြီလို့ တွေးတောပူပင်ပြီး အရာရာကို လက်လျှော့လိုက်တာမျိုးလည်း အမျိုးသားတွေ ကျူးလွန်တတ်ကြပါတယ်။

    ၇။ လူတွေ အကဲဖြတ်တာ မခံချင်ဘူး

    တချို့တွေကတော့ တစ်မျိုးတွေးပါတယ်။ လူတွေက ကိုယ့်ကို အမြင်တစ်မျိုးနဲ့ ဆုံးဖြတ်မှာ၊ လူထူးဆန်းတစ်ယောက်လို၊ ထူးခြားနေသူတစ်ယောက်လို၊ ရောဂါသည်တစ်ယောက်လို ဆက်ဆံမှာကို အလိုမရှိတတ်ကြပါဘူး။

    ဒါကြောင့် ဝေဒနာကို ထုတ်မပြောပဲ ကြိတ်ခံစားနေတာမျိုးပေါ့။ ဘယ်လောက်ဆိုးလဲဆိုရင် စိတ်ဝေဒနာနဲ့ပတ်သက်ပြီး ကုသဆွေးနွေးပေးတဲ့ ဆရာဝန်ကို လိမ်ညာပြောဆိုမှုနှုန်းမှာ အမျိုးသားတွေဟာ ၉၃% အထိ ရှိကြပါတယ်တဲ့။

    ၈။ ဘာပြောရမလဲ မသိဘူး

    နောက်ထပ် အမျိုးသားတွေ တွေးပူတဲ့ ကိစ္စတစ်ခုကတော့ ကျန်းမာရေးပညာရှင်နဲ့ တွေ့ဆုံချိန်မှာ ဘာတွေပြောဆိုရမလဲဆိုတာ မသိတာဖြစ်ပါတယ်။ နောက်ပြီး အတွင်းရေးတွေ၊ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုရမှာကိုလည်း သူတို့ ကြောက်တတ်ကြပါတယ်။

    ၉။ ဝန်ထုပ်ဝန်ပိုးလို့ အတွေးခံရမှာကြောက်တယ်

    ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတာကြောင့် မိသားစု၊ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဝန်ထုပ်ဝန်ပိုးတစ်ခုလို တွေးထင်လာမှာကို အမျိုးသားတိုင်း ကြောက်ရွံ့ကြပါတယ်။ စိတ်ဖိစီးမှုဒဏ်ခံနေရတဲ့ အမျိုးသားတွေရဲ့ ၃၄% ဟာ သူတို့ အဆင်ပြေနေတယ်လို့ ပတ်ဝန်းကျင်ကို အမြဲလိမ်လည်ပြောဆိုတတ်ကြပါတယ်။

    ၁၀။ အိမ်ထောင်ဖက်ကို ပြောပြရင် လုံလောက်ပြီ

    အမျိုးသား အများစုဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ချစ်သူ၊ ဇနီး၊ အိမ်ထောင်ဖက် စတဲ့ ကိုယ့်ရဲ့ အနီးကပ်ဆုံးလူကိုတော့ ထုတ်ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီထက်ပိုပြီး တခြားသူတွေကို ဆက်ပြီး ဖွင့်ဟဖို့ အလိုမရှိတတ်ကြပါဘူး။ ဒီလိုဖွင့်ပြောတောင် လူနည်းစုပဲ ဖြစ်ပါတယ်။

    ၁၁။ လေ့ကျင့်ခန်းလိုက်ရင် (ဒါမှမဟုတ်) အရက်သောက်လိုက်ရင် သက်သာမှာပါ

    တချို့အမျိုးသားတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေလျှော့ဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အရက်သေစာသောက်စားတာလိုမျိုး ကိစ္စတွေနဲ့ အာရုံလွှဲကြလေ့ရှိပါတယ်။ အရက်သောက်တာဟာ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

    လေ့ကျင့်ခန်းလုပ်တာကတော့ စိတ်ဖိစီးမှုလိုဝေဒနာမျိုးတွေကို အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနိုင်ပေမယ့် ရောဂါပျောက်ကင်းစေမယ့် နည်းလမ်းတော့ မဟုတ်ပါဘူး။

    ၁၂။ တစ်ခါ ရင်ဖွင့်ပြီးရင် အမြဲ ရင်ဖွင့်ရမယ်လို့ တွေးထင်တာ

    ဆွေးနွေးတိုင်ပင်မှုတွေ စတင်ပြုလုပ်ပြီးရင် အမြဲတမ်း ဒီလိုဆက်လုပ်နေရလိမ့်မယ်လို့ အမျိုးသားအများစုက ယူဆတတ်ကြပါတယ်။ ဒီလို အမြဲတိုင်ပင်ဆွေးနွေးနေရပြီး တသက်လုံးဒီလိုဖြတ်သန်းသွားရမှာကို သူတို့ကြောက်ရွံ့တတ်ကြပါတယ်။

    နှစ်သိမ့်‌ဆွေးနွေးရတဲ့ အကြိမ်ရေက များကောင်းများနိုင်ပေမယ့် တစ်သက်လုံးဒီလိုပဲ နေရမှာမဟုတ်ပါဘူး။တစ်ခေါက်ထက် တစ်ခေါက်လည်း အခြေအနေ တိုးတက်လာမှာပါ။

    ၁၃။ ကုသမှုတွေ မထိရောက်မှာကြောက်တယ်

    တချို့အမျိုးသားတွေရဲ့ အကြောက်တရားတွေကတော့ ထူးဆန်းပါတယ်။ ကုသရမှာကို ကြောက်ရွံ့ကြတာပါပဲ။ ကုသနေလျက်နဲ့ မပျောက်နိုင်တာမျိုးဖြစ်လာမှာကို သူတို့ ကြောက်ရွံ့စိုးရိမ်နေတတ်တာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement