backup og meta

ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ

    ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့လာစရာတွေက မကုန်နိုင်အောင်လောက် ပေါနေတာမို့လို့ သတင်းတွေကလည်း တစ်နေ့ တစ်မျိုးပါပဲ။ ခုလည်း ဝှေးစေ့အောင့်ရာကနေ ကိုဗစ်ဖြစ်နေတာကို တွေ့မိတယ်ဆိုတဲ့ လေ့လာချက်လေး တစ်ခု ပေါ်လာလို့ သတိထားနိုင်အောင် ပြောပြပေးပါမယ်။

    အမျိုးသားထုကြီးကတော့ မျက်ခုံးလှုပ်နေလာက်ပါပြီ။ Elsevier Public Health Emergency Collectionထဲက ဖော်ပြထားတာလေး တစ်ခုပါ။

    ကိုဗစ်နဲ့ ဝှေးစေ့အောင့်ခြင်း ဖြစ်စဉ်

    လွန်ခဲ့တဲ့ ဧပြီလလယ်လောက်က အသက် ၄၃နှစ်အရွယ် အမျိုးအစား၁ ဆီးချိုရောဂါအခံရှိတဲ့ အမျိုးသားတစ်ယောက်က ငွေ့ငွေ့ဖျားပြီး ဝှေးစေ့ နှစ်ဖက်လုံးအောင့်နေတာ ၃ရက်လောက် ရှိပြီဆိုတော့ အရေးပေါ်ဌာနကို လာပြပါတယ်။ ဝှေးစေ့အောင့်နိုင်လောက်တဲ့ အကြောင်းရင်းတွေ မေးကြည့်တဲ့အခါ မယ်မယ်ရရ မရှိတာကြောင့် ဆေးပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။

    နေ့ဝက်လောက်နေတော့ တစ်ခါ မောတယ်၊ ဝှေးစေ့နာတာ မသက်သာဘူး။ ဘဘ်ဘက်က ပိုဆိုးလာတယ်ဆိုပြီး အရေးပေါ်ဌာနကို ပြန်ရောက်လာပြန်ရော။ ဒါနဲ့ မောတယ်၊ ဖျားတယ်ဆိုတော့ ထုံးစံအတိုင်း စစ်စရာရှိတာစစ်တော့ ရင်ဘတ်ဓာတ်မှန်မှာ ကိုဗစ်ကြောင့် အဆုတ်ရောင်တဲ့ ပုံစံလိုမျိုး သွားတွေ့ရပါတယ်။ အာခေါင်တို့ဖတ် ဆက်စစ်လိုက်တဲ့အခါမှာတော့ ပိုးတွေ့ခဲ့ပါတယ်။

    ဒါနဲ့ပဲ ကူးစက်ဌာနကိုလွှဲ၊ ဟိုမှာ ဆက်နာနေတဲ့ ဝှေးစေ့ကိစ္စကို ဆက်ရှင်းရပြန်ပါတယ်။ ဝှေးစေ့ကို စမ်းကြည့်တဲ့အခါ ပေါင်ခြံမှာ ပြန်ရည်ကျိတ်ကြီးနေတာကလွဲလို့ တခြား ရောင်နေတာမျိုး၊ အကျိတ်ရှိနေတာမျိုး မတွေ့ရပါဘူး။ ဆီးစစ်နေတော့လည်း ကောင်းနေတာပါပဲ။ လိုရမယ်ရ ပိုးသတ်ဆေးလေးတော့ ပေးထားလိုက်ပါတယ်။

    ပြဿနာက နောက်ရက်လည်းကျရော အောက်ဆီဂျင်တွေ စကျလာတာပါပဲ။ ဒါနဲ့ အောက်ဆီဂျင်တွေတင်၊ အရောင်ကျဆေးတွေ ပေးပေါ့။ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ဝှေးစေ့ကိုပါ ထည့်ရိုက်ကြည့်တော့ ပုံမှန်ပဲ တွေ့ရပါတယ်။ လူနာက နာတာမသက်သာတာကြောင့် အာထွာဆောင်း ဆက်ရိုက်ကြည့်တော့ သုက်ပို့ပြွန်ရောင်နေတာကို တွေ့ရပါတယ်။

    ဒုတိယမြောက်နေ့မှာ လူနာက ပိုမောလာတဲ့အတွက် အောက်ဆီဂျင်တိုးတင်ပြီး အထူးကြပ်မတ်ဆောင် (ICU) ထဲကို ရွေ့လိုက်ရပါတယ်။ ICUထဲမှာ ဝှေးစေ့ကို အာထွာဆောင်း ထပ်ရိုက်ကြည့်ပြန်တော့လည်း အရင်နေ့ကလိုပဲ တွေ့ရပါတယ်။ သွေးကတော့ ကောင်းကောင်းသွားနေပါသေးတယ်။

    တတိယမြောက်နေ့မှာလည်း ပိုဆိုးလာတဲ့အတွက် အသက်ရှူစက်တင်လိုက်ရပါတယ်။

    ၄ရက်မြောက်နေ့မှာတော့ လူနာက ရုတ်တရက် နှလုံးပျက်စီးပြီး ရှော့ရသွားပါတယ်။ သွေးပေါင်တက်အောင် ဆေးတွေ သွင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆုံးပါးသွားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကတော့ နှလုံးကြွက်သားရောင်ပြီး နှလုံးက သွေးမညှစ်နိုင်တော့လို့ အသက်ဆုံးရှုံး သွားခဲ့တာပါ။

    ရင်ခွဲစစ်ဆေးကြည့်တဲ့အခါမှတော့ နှလုံးက သွေးကြောတွေ မာပြီး ကြွက်သားနံရံတွေ ထူနေတာကို တွေ့ရပါတယ်။ နှလုံးဆဲလ်တွေမှာတော့ ဗိုင်းရပ်စ်ရဲ့ ပဋိပစ္စည်းတွေကို မတွေ့ရပါဘူး။ ဝှေးစေ့ကတော့ ပုံစံအရတော့ ပျက်ယွင်းခြင်း မရှိပါဘူး။

    ပညာရှင်များရဲ့ သုံးသပ်ချက်

    ဗိုင်းရပ်စ်တွေမှာ ထူးခြားချက်က သူတို့ဝင်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေကို ရောင်ရမ်းစေတာပါ။ ဥပမာ နှလုံးကြွက်သားပေါ့။ ဒါ့ပြင် HIVတို့၊ အသည်းရောင် အသားဝါဘီတို့၊ ပါးချိပ်ရောင် ဗိုင်းရပ်စ်တို့က ကူးခံရရင် တချို့သူတွေမှာ ဝှေးစေ့ရောင်တတ်ပါတယ်။ ရောင်ပြီး မျိုးအောင်တဲ့အထိ၊ အကျိတ်ဖြစ်တဲ့အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။

    ကိုဗစ်ရှေ့က ဖြစ်သွားတဲ့ ဆားစ်ရောဂါမှာဆိုရင်လည်း ဒီဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်ရတယ်ဆိုတဲ့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး စာတမ်းပေါင်းများစွာ ထွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကို ဝှေးစေ့တစ်ရှူးထဲမှာ မတွေ့ရသည့်တိုင် ဝှေးစေ့နဲ့ သုက်ပို့ပြွန် ပျက်စီးနေတာကိုတော့ တွေ့ရပါတယ်။ ဒါဆိုရင် ရှေ့က တခြားကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ၇၈ရာခိုင်နှုန်းလောက် မျိုးတူတဲ့ ကိုဗစ်မှာရော ဒါမျိုး မဖြစ်နိုင်ဘူးလား။

    နောက်တစ်ချက်က ကိုဗစ်ဖြစ်စေတဲ့ SAR-CoV-2 ဗိုင်းရပ်စ်က ACE-2ကို သိပ်ကြိုက်ပါတယ်။ ACE-2 ရှိတဲ့ ဆဲလ်တွေဆို ပိုကူးပါတယ်။ ဝှေးစေ့မှာ ACE-2ရှိတဲ့ ဆဲလ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကိုယ်ထဲကို ပိုးစဝင်လာပြီဆိုတာနဲ့ ဝှေးစေ့ကို မြန်မြန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ခုနက လူနာလိုပေါ့။ ဘာလက္ခဏာမှ မယ်မယ်ရရ မပြရသေးခင် ဝှေးစေ့က အောင့်နေပါပြီ။

    ဒါ့ပြင် ACE-2က သုက်ကောင်လေးတွေ၊ သုက်ရည်တွေ ထုတ်တဲ့နေရာမှာ အရေးပါတဲ့ ပရိုတင်းဖြစ်နေပြန်တော့ ဒီဆဲလ်တွေသာ ပျက်စီးကုန်ရင် မျိုးအောင်ဖို့လည်း ခက်ခဲသွားမှာပါ။ ဒါကတော့ နောက်ဆက်တွဲဆိုးကျိုးပေါ့။

    စကားမစပ် သုက်ရည်ထဲမှာ ပိုးမပါလာဘူးလားဆိုတော့ ပါနိုင်ပါတယ်။ သုက်ရည်ထဲမှာ ဗိုင်းရပ်စ်ကို တွေ့ရပေမယ့် လိင်ကတဆင့် ကူးစက်တဲ့ ဖြစ်ရပ်မျိုးတော့ မတွေ့ရသေးပါဘူး။

    အမျိုးသားတွေ သတိထားသင့်ပြီလား။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုပေမယ့် လက်ရှိအခြေအနေအရဆိုရင် ပိုးမကူးခံရအောင် သတိထားတာ အကောင်းဆုံးပါပဲ။ ကိုဗစ်ကို ကျော်လွှားနိုင်ရင်တောင် ကိုဗစ်ကြောင့် ဝှေးစေ့ရောင်တာကို ကျော်လွှားနိုင်ပါ့မလား။ ဝှေးစေ့ရောင်ပြီး မျိုးအောင်နိုင်စွမ်းထိခိုက်သွားနိုင်တာကလည်း နောက်ထပ် သတိထားရမယ့် အချက်တစ်ချက်ပါပဲ။  ခုနေခါများ အကောင်းကြီးကနေ ရုတ်တရက်ကြီး ဝှေးစေ့အောင့်လာခဲ့ရင် ကိုဗစ်ကိုလည်း သတိထားဖို့ ထပ်လောင်းပြီး သတိပေးလိုက်ပါသေးရဲ့။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement