သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ရာစုနှစ်ရဲ့ ကပ်ရောဂါ ဆိုးကြီးများ

    ရာစုနှစ်ရဲ့ ကပ်ရောဂါ ဆိုးကြီးများ

    မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးCOVID-19 ကို PANDEMIC ကပ်ရောဂါ အဖြစ် ကြေညာလိုက်ပါပြီ။ တကယ်တော့ အေဒီနှစ်ကနေ ခု ၂၁ရာစုအထိ Pandemic လို့ သတ်မှတ်လို့ရတဲ့ ရောဂါများများစားစား မရှိသေးပါဘူး။ ဒီထဲမှာ COVID-19 ပါလာခဲ့ပါပြီ။ ဒါက ၂၁ရာစုရဲ့ တတိယမြောက် ကပ်ရောဂါပါ။ ကပ်ရောဂါလို့ ဘာကြောင့် သတ်မှတ်လဲ။ ရာစုနှစ်ရဲ့ ကပ်ရောဂါဆိုးတွေက ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။

    Pandemic

    Pandemic ကပ်ရောဂါလို့ ခေါ်ဖို့ အတွက်ဆိုရင် လက်ရှိမှာ အဖြစ်များတဲ့ epidemic ကူးစက်ရောဂါ တစ်ခုက နိုင်ငံပေါင်းများစွာ တိုက်ကြီးများစွာကို ကူးစက်ပြီး လူပေါင်းများစွာကို သေဆုံးစေရပါမယ်။ ဒါက အကြမ်းဖျင်း နားလည်အောင် ပြောပြတာပါ။ Epidemic ဆိုတာ ကတော့ ကူးစက်ရောဂါတစ်ခု ထင်တားတာထက် ခပ်မြန်မြန် ဖြစ်လာတာကို ပြောတာပါ။

    ဥပမာပြောရရင် COVID-19 က စစချင်းကတော့ တရုတ်နဲ့ အနီးအနားမှာပဲ စဖြစ်တာပါ။ လူအသေအပျောက်လည်း နည်းပါတယ်။ ဒီထက်ပိုပျံ့မယ်လို့လည်း မှန်းထားပါတယ်။ ဒါကြောင့် စစချင်းမှာ Epidemic အနေနဲ့ ပြောထားတာပါ။

    ဒါပေမယ့် ဒီတစ်လ နှစ်လအတွင်းမှာ ကမ္ဘာ့နိုင်ငံ တော်တော်များများကို ပျံ့သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်တာလည်း မြန်လာတယ်။ လူအသေအပျောက်လည်း များလာတဲ့ အတွက် ကမ္ဘာ့ကပ်ရောဂါ Pandemic အဖြစ် သတ်မှတ်လိုက်တာပါ။

    တခြား ကပ်ရောဂါဆိုးတွေကို နောက်ကြောင်း ပြန်ကောက် ကြည့်ရအောင်။

    ၁။ COVID-19 (၂၀၁၉)

    • သေဆုံးမှု – ၄၆၀၀ ++ (၁၁.၃.၂၀၂၀)
    • ဖြစ်ရသည့် အကြောင်းရင်း – COVID-19
    • ၂၀၁၉ ဒီဇင်ဘာ ၈ရက်နေ့မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။ ဘာမှန်းမသိလို့ Wuhan coronavirus လို့ ပဲခေါ်ကြပါတယ်။ ဒီဇင်ဘာ ၁၈ကျတော့ ဒါက ပင်လယ်စာစျေးက စတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၁ရက်ကျတော့ စျေးကို ပိတ်သိမ်းလိုက်ပါတယ်။

    ဇန်နဝါရီ ၈ရက်မှာ 2019-nCoV လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ တရုတ်သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။ ၉ရက်နေ့ မှာတော့ ဒီရောဂါကြောင့် အသက်၆၁နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး စပြီး သေဆုံးခဲ့ပါတယ်။

    ၁၉ရက်နေ့မှာတော့ ဝူဟန်ရဲ့ အပြင်ဘက်မှာ ပထမဆုံးအနေနဲ့ လူနာတွေ့ခဲ့ပါတယ်။ ကွမ်တုန်နဲ့ ပေကျင်းမှာပါ။

    ဖေဖော်ဝါရီ ၁၁မှာတော့ WHO က COVID-19 ရယ်လို့ တရားဝင် နာမည် ပေးခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာလိုက်တာ လက်ရှိ (၁၁.၃.၂၀၂၀) မှာ နိုင်ငံပေါင်း ၁၀၀ကျော် ကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၁၂၆၃၀၀ ကူးစက်ခံရကာ သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်(၁၁.၃.၂၀၂၀) အထိ သံသယလူနာပဲရှိပြီး ရောဂါရှိတယ်လို့ အတည်ပြုထားတဲ့ လူနာ မရှိသေးပါဘူး။

    WHO က မတ်လ ၁၁ရက်နေ့မှာ COVID-19 ရောဂါကူးစက်မှုအခြေအနေကို Epidemic ကနေ Pandemics အဖြစ် ပြောင်းလဲ ကြေညာလိုက်ပါတယ်။

    ၂။ ဝက်တုပ်ကွေး (H1N1) (၂၀၀၉-၂၀၁၀)

    • သေဆုံးမှု – ၅သိန်း
    • ဖြစ်ရသည့် အကြောင်းရင်း – H1N1
    • H1N1u ကို ၂၀၀၉ ခုနှစ် ဧပြီလမှာ ကယ်လီဖိုးနီးယားက ၁၀နှစ်အရွယ် ကလေးမလေးမှာ စတွေ့ခဲ့ပါတယ်။ Influzena Aအမျိုးအစားဖြစ်ပြီး ၁၉၁၈က ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လူ၊ ဝက်နဲ့ ငှက်မှာ ရှိတဲ့ တုပ်ကွေးပိုးတွေ ပေါင်းပြီး အမျိုးအစားအသစ် ဖြစ်လာခဲ့တဲ့ အတွက် ဝက်တုပ်ကွေးလို့ ခေါ်လိုက်ပါတယ်။ WHO က ၂၀၁၉ ဇွန်လမှာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ ဝက်တုပ်ကွေး ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ကြပါတယ်။ နိုင်ငံပေါင်းများစွာကို ပျံ့နှံ့ပြီး လူပေါင်းများစွာ သေဆုံးပြီးတဲ့နောက် ၂၀၁၀ သြဂုတ်လမှာ ကပ်ရောဂါပြီးဆုံးကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

    ၃။ HIV/ AIDS (၂၀၀၅နဲ့ ၂၀၁၂ကြား ကပ်ရောဂါဆိုး ဖြစ်ခဲ့သည်။)

    • သေဆုံးမှု – ၃၆ သန်း
    • ဖြစ်ရသည့် အကြောင်းရင်း – HIV/ AIDS
    • ၁၉၇၆ခုနှစ် ကွန်ဂိုနိုင်ငံမှာ စတွေ့ခဲ့တဲ့ ဒီရောဂါဟာ ၁၉၈၁ တည်းက လူပေါင်း ၃၆သန်းကို သေဆုံးစေခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။ လက်ရှိမှာလည်း ရောဂါရှိသူပေါင်း ၃၁သန်းနဲ့ ၃၅သန်းကြား ရှိနေပြီး အများစုက အာဖရိကကပါ။ HIV ကို လူတွေ ပိုပြီး သတိထားမိလာပြီး ကုသဖို့ ဆေးဝါးအသစ်တွေလည်း တီထွင်လာတဲ့အတွက် ရောဂါရှိသူတွေက သက်တမ်းစေ့နေနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ဒါပေမယ့်လည်း နှစ်စဉ် ရောဂါပိုးရှိနေတဲ့ လူနာအသစ်တွေကို တွေ့နေရဆဲပါပဲ။

    ၄။ H3N2 တုပ်ကွေး (၁၉၆၈)

    • သေဆုံးမှု – ၁သန်း
    • ဖြစ်ရသည့် အကြောင်းရင်း – H3N2
    • ဟောင်ကောင်တုပ်ကွေးလို့ ခေါ်တဲ့ ဒီရောဂါဟာ ၁၉၆၈မှ ကမ္ဘာ့ကပ်ဘေး ဖြစ်ခဲ့ပါတယ်။တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစား အေ (Influzena A) ရဲ့ H3N2 မျိုးစိတ်ကနေ ဖြစ်လာတာပါ။ ၁၉၆၈ ဇူလိုင် ၁၃ရက် ဟောင်ကောင်မှာ ပထမဆုံး လူနာကို တွေ့ပြီး ၁၇ရက် အကြာမှာပဲ စင်္ကာပူနဲ့ ဗီယက်နမ်ကို ရောက်လာပါတယ်။ ၃လအတွင်းမှာပဲ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအထိ ပျံ့သွားပါတယ်။ Case fatality rate လို့ခေါ်တဲ့ သေနှုန်းက ၀.၅ရာခိုင်နှုန်းပဲ ရှိပေမယ့် လူပေါင်း ၁သန်းနဲ့ အထက် သေဆုံးခဲ့တာကြောင့် ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဟောင်ကောင်လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ထိခိုက်ခဲ့ပါတယ်။

    ၅။ အာရှ တုပ်ကွေး (၁၉၅၆-၁၉၅၈)

    • သေဆုံးမှု – ၂သန်း
    • ဖြစ်ရသည့် အကြောင်းရင်း – H2N2
    • အာရှ တုပ်ကွေးက Influenza Aရဲ့ H2N2အမျိုးအစားက ဖြစ်တာပါ။ ၂နှစ်ကြာခဲ့တဲ့ ဒီတုပ်ကွေးက တရုတ်ကနေ စင်္ကာပူ၊ ဟောင်ကောင်၊ အမေရိကအထိ ပျံ့သွားပါတယ်။ လူပေါင်း ၂သန်းခန့် သေဆုံးခဲ့ပြီး အမေရိက တစ်ခုတည်းမှာတင် ၆၉၈၀၀ သေဆုံးခဲ့ပါတယ်။

    ၆။ စပိန်တုပ်ကွေး (၁၉၁၈)

    • သေဆုံးမှု – သန်း ၂၀- ၅၀
    • ဖြစ်ရသည့် အကြောင်းအရင်း – H1N1
    • ၁၉၁၈နဲ့ ၁၉၂၀ကြားမှာ ဒီတုပ်ကွေးရောဂါက တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၁ပုံလောက် ကူးစက်ခံရပြီး လူသန်းပေါင်း ၂၀နဲ့ ၅၀ကြား သေဆုံးခဲ့ပါတယ်။ ၁၉၁၈မှာတင် လူပေါင်း သန်း ၅၀၀ ကူးစက်ခဲ့ရပြီး ပထမ ၂၅ပတ်မှာတင် လူ ၂၅သန်း သေဆုံးခဲ့ပါတယ်။ သေနှုန်းက ၁၀-၂၀ ရာခိုင်နှုန်းပါ။ တခြားတုပ်ကွေးတွေက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းတဲ့ သူတွေ ဖြစ်တာပါ။ သူကတော့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။

    ၇။ ခြောက်ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၉၁၀-၁၉၁၁)

    • သေဆုံးမှု – ၈သိန်းကျော်
    • ဖြစ်ရသည့် အကြောင်းအရင်း – ကာလဝမ်းရောဂါပိုး
    • အရင် ၅ခေါက်တုန်းကလိုပဲ ၆ကြီမ်မြောက် ကာလဝမ်းရောဂါကလလည်း အိန္ဒိယမှာ စဖြစ်ခဲ့ပြီး လူပေါင်း ၈သိန်းကျော် သေဆုံးခဲ့ပါတယ်။ ဒါ့ပြင် အရှေ့အလယ်ပိုင်း၊ မြောက် အာဖရိက၊ အရှေ့ ဥရောပနဲ့ ရုရှားကိုလည်း ပျံ့သွားပါတယ်။ အမေရိကမှာတော့ ဒါနောက်ဆုံးပါပဲ။ ရှေ့အခေါက်က ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် လူ၁၁ယောက်ပဲ သေဆုံးခဲ့ပါတယ်။

    ၈။ တုပ်ကွေး ကပ်ရောဂါ (၁၈၈၉-၁၈၉၀)

    • သေဆုံးမှု – ၁ သန်း
    • ဖြစ်ရသည့် အကြောင်းအရင်း – တုပ်ကွေးပိုး
    • ရုရှား တုပ်ကွေးလို့ခေါ်တဲ့ ဒီတုပ်ကွေးက Influenza Aရဲ့ H2N2အမျိုးအစားက ဖြစ်တယ်လို့ ပြောကြပါတယ်။ နောက်ပိုင်းတွေ့ရှိတာတော့ H3N8 ပါတဲ့။ ၁၈၈၉ မေမှာ မတူညီတဲ့ နေရာ သုံးခု (တာကီစကန်၊ ကနေဒါ အနောက်မြောက်ပိုင်းနဲ့ ဂရင်းလန်း) မှာ စပြီး တွေ့ရှိခဲ့တာပါ။ ၁၉ရာစုရဲ့ လူနေထူထပ်မှုကြောင့် လူပေါင်းများစွာ ကူးစက်ခဲ့ပါတယ်။

    ၉။ ၃ကြိမ်မြောက် ကာလဝမ်း ကပ်ရောဂါ (၁၈၅၂-၁၈၆၀)

    • သေဆုံးမှု – ၁ သန်း
    • ဖြစ်ရသည့် အကြောင်းအရင်း – ကာလဝမ်းရောဂါပိုး
    • ဖြစ်ခဲ့ဖူးတဲ့ ကာလဝမ်းရောဂါ ၇ကြိမ်ထဲမှာ အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အရင်အခေါက်တွေလိုပဲ အိန္ဒိယနိုင်ငံကနေ စတင်ခဲ့ပါတယ်။ ဂင်္ဂါမြစ်ကနေ စခဲ့တဲ့ ဒီရောဂါဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ အာဖရိကထိ ပျံ့နှံ့သွားပြီး လူပေါင်း ၁သန်းကျော် သေဆုံးခဲ့ပါတယ်။

    အင်္ဂလန်က ဆေးပညာရှင် ဂျွန်စနိုးက ဒါဟာ မသန့်တဲ့ ရေကနေ ကူးစက်တတ်တယ်လို့ စတင်တွေ့ရှိခဲ့ပါတယ်။ ကံမကောင်းတာက သူတွေ့ခဲ့တာ ၁၈၅၄မှဖြစ်ပြီး ကပ်ရောဂါရဲ့ အဆိုးဆုံးအခြေအနေပါ။ ဗြိတိန်မှာတင် လူပေါင်း ၂၃၀၀၀ သေဆုံးပြီးပါပြီ။

    ၁၀။ ပလိပ်ရောဂါ (၁၃၄၆-၁၃၅၃)

    • သေဆုံးမှု – ၇၅သန်းမှ သန်း ၂၀၀
    • ဖြစ်ရသည့် အကြောင်းအရင်း – ပလိပ်ရောဂါပိုး
    • The black death လို့ ခေါ်တဲ့ ဒီရောဂါဟာ ၁၃၄၆ကနေ ၁၃၅၃ အထိ ဥရောပ၊ အာဖရိကနဲ့ အာရှအထိ ပျံ့သွားပြီး လူပေါင်း ၇၅သန်းကနေ သန်း ၂၀၀အထိ သေဆုံးသွားပါတယ်။ အာရှမှာ စခဲ့ပေမယ့် ပလိပ်ပိုးက ကြွက်တွေကိုယ်ရဲ့ သန်းတွေမှာ ရှိတာကြောင့် သင်္ဘောနဲ့ ကုန်ကူးရာကနေ ကြွက်တွေက တစ်ဆင့် ကူးခဲ့ပါတယ်။ ဆိပ်ကမ်းတွေ၊ သင်္ဘောတွေမှာ ကြွက်တွေ အများကြီး ပေါက်တဲ့အတွက် တိုက်ကြီး ၃တိုက်ကို ခဏလေးနဲ့ ပျံ့ပြီး လူတွေ အများကြီး သေဆုံးသွားတာပါ။

    ၁၁။ Justinian ပလိပ် (၅၄၁-၅၄၂)

    • သေဆုံးမှု – ၂၅သန်း
    • ဖြစ်ရသည့် အကြောင်းအရင်း – ပလိပ်ရောဂါပိုး
    • ဥရောပရဲ့ လူဦးရေ တစ်ဝက်ကို သေဆုံးစေတဲ့ ဒီရောဂါဟာ ဘေဇန်တင်း အင်ပါယာနဲ့ မြေထဲပင်လယ် ဆိပ်ကမ်းမြို့တွေမှာ စဖြစ်ခဲ့ပြီး သူ့ခေတ် သူ့အခါက လူပေါင်း ၂၅သန်းကို သေဆုံးစေခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ပလိပ်ရောဂါလို့ ပြောလို့ရပြီး အရှေ့ မြေထဲပင်လယ်ဒေသရဲ့ လူဦးရေ ၄ပုံ ၁ပုံကို သေဆုံးစေပါတယ်။ ကွန်စတန်တီနိုပယ်မြို့မှာ ဆိုရင် တစ်နေ့ကို လူ ၅၀၀၀လောက် သေဆုံးပြီး နောက်ဆုံးမှာ မြို့လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းလောက် သေခဲ့ရပါတယ်။

    ၁၂။ Antonine ပလိပ် (၁၆၅ အေဒီ)

    • သေဆုံးမှု – ၅သန်း
    • ဖြစ်ရသည့် အကြောင်းအရင်း – မသိခဲ့ပါ။
    • Antonine ပလိပ်ဟာ အာရှနိုင်ငံအချို့၊ အီဂျစ်၊ ဂရိနဲ့ အီတလီမှာ ဖြစ်ခဲ့ပြီး ကျောက်ကြီးရောဂါ ဒါမှမဟုတ် ဝက်သက်လို့ ထင်ခဲ့တာပါ။ ဒီနေ့ထိလည်း ဘာကြောင့်လည်း ဆိုတာ မပြောနိုင်သေးပါဘူး။ အေဒီ ၁၆၅လောက်မှာ မီဆိုပိုတေးမီးယားကနေ ရောမမြို့ကို ပြန်လာတဲ့ စစ်သားတွေကနေ စကူးတာပါ။ လူပေါင်း ၅သန်း သေဆုံးခဲ့ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 13/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: