backup og meta

ဗိုင်းရပ်စ်ဆန့်ကျင်သော ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင်များ


Dr. Thant Zin မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုင်းရပ်စ်ဆန့်ကျင်သော ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင်များ

    ရှေးနှစ်ပေါင်းများစွာကတည်းက ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း အပါအဝင် ရောဂါမျိုးစုံအတွက် ကုသရာမှာ ဆေးဖက်ဝင်အပင်များကို အသုံးပြုခဲ့ကြပါတယ်။ အပင်တချို့ဆိုရင် သုတေသနများအရ ဗိုင်းရပ်စ်ဆန့်ကျင်နိုင်တဲ့ အာနိသင်တွေရှိကြောင်း အတည်ပြုနိုင်တဲ့အတွက် ယနေ့ခေတ်ကာလထိ တိုင်းရင်းဆေးပညာနယ်ပယ်များမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ယခုဆက်လက်ဖော်ပြမယ့် ဆေးဖက်ဝင်အပင်များမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ အာနိသင် ရှိနေပါတယ်။

    ၁။ ကလျာဏီ

    ကလျာဏီဟာ ပူစီနံအုပ်စုဝင် အပင်တမျိုး ဖြစ်ပါတယ်။ ရနံ့မွှေးပျံ့ပြီး ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကုသရာမှာ အသုံးပြုကြပါတယ်။ အဓိကအားဖြင့် ကလျာဏီမှာပါဝင်တဲ့ safficinolide ဓာတ်ပစ္စည်းဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ HIV ရောဂါပိုးကိုပါ တိုက်ခိုက်နိုင်ခြင်း ရှိ၊မရှိ သုတေသနတွေ ထပ်မံလုပ်ဆောင်နေကြကြောင်း သိရပါတယ်။

    ၂။ ပင်စိမ်း

    ပင်စိမ်းမှာ အမျိုးအစားပေါင်းစုံတော့ ရှိပါတယ်။ ပင်စိမ်းပင်တွေမှာ ပါဝင်တဲ့ apigenin နဲ့ ursolic အက်ဆစ်ဆိုတဲ့ ဓာတ်ပစ္စည်းများဟာ ရေယုန်ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး စတာတွေကို တိုက်ခိုက်နိုင်တဲ့ အာနိသင်ရှိကြောင်း သိရပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တာကြောင့် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရာမှာ အထောက်အကူ ပြုပါတယ်။ အခုအခါမှာ ပင်စိမ်းကို ဖြည့်စွက်စာအနေနဲ့ပါ ထုတ်လုပ်လာကြပါတယ်။

    ၃။  စမုန်နက်

    စမုန်နက်ကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ ရေယုန်ဗိုင်းရပ်စ်ရောဂါပိုး၊ တုတ်ကွေးဗိုင်းရပ်စ်ပိုး စတာတွေကို နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ စမုန်နက်အဆီမှာပါဝင်တဲ့ trans-anethole ဆိုတဲ့ ပစ္စည်းဟာ ရေယုန်ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

    ၄။ ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကို ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားမြင့်တက်စေပြီး ဗိုင်းရပ်စ်ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သုတေသနတခုမှာ ကြွက်နို့များကိုဖြစ်ပေါ်စေတဲ့ HPV ကိုပါ နှိမ်နင်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ အအေးမိတုပ်ကွေးကိုလည်း သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

    ၅။ Lemon balm 

    Lemon balm ကို လက်ဖက်ခြောက်အနေနဲ့၊ အချိုမှုန့်အနေနဲ့ သုံးစွဲခဲ့ကြပါတယ်။ Lemon balm အဆီမှာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ တုတ်ကွေးပိုး၊ ရေယုန်ဗိုင်းရပ်စ်ပိုး စတာတွေကို ကာကွယ်နိုင်ပါတယ်။

    ၆။ Rosemary ဟင်းခတ်မွှေး

    ဟင်းခတ်မွှေးပင်မှာပါတဲ့ အိုလီနိုလစ်အက်ဆစ်ဟာ ဆေးဘက်ဝင်ဓာတ်တမျိုး ဖြစ်ပါတယ်။ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး၊ ရေယုန်၊ တုပ်ကွေးဗိုင်းရပ်စ်ပိုး စတာတွေကို ကာကွယ်နိုင်ပါတယ်။

    ၇။ ဆေးပြောင်းပန်း

    ဆေးပြောင်းပန်းဟာ တိုင်းရင်းဆေးအတော်များများရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ အပွင့်၊ အရွက်၊ အမြစ် အားလုံးမှာ ဆေးဘက်ဝင်အာနိသင်ရှိပါတယ်။ ရှေးခေတ် ရဒ်အင်ဒီးယန်းများဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကို ကာကွယ်ဖို့ ဆေးပြောင်းပန်းအပွင့်ကို သုံးစွဲခဲ့ကြပါတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်နိုင်တဲ့အစွမ်းရှိပါတယ်။

    ၈။ နွယ်ချို

    နွယ်ချိုဟာလည်း တိုင်းရင်းဆေးပညာအတော်များများမှာ အရေးပါတဲ့ ဆေးဘက်ဝင်ပစ္စည်းဖြစ်ပါတယ်။ နွယ်ချိုမှာ ပါဝင်တဲ့ Glycyrrhizin၊ liquiritigenin နဲ့ glabridin စတာတွေဟာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရာမှာ ထိရောက်လှတဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးမျိုးစုံကို ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် အသက်ရှူလမ်းကြောင်းကို ဝင်ရောက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်ပါတယ်။

    ၉။ ဂျင်း (ချင်း)

    ဂျင်း (ချင်း) ကို ဆေးရည်၊ လက်ဖက်ရည်၊ ငုံဆေး စတဲ့ပုံစံမျိုးစုံနဲ့ အသုံးပြုကြပါတယ်။ ဂျင်းမှာ ပါဝင်တဲ့ gingerols နဲ့ zingerone ဆိုတဲ့ ဓာတ်ပစ္စည်းတွေဟာ ဗိုင်းရပ်စ်ပိုးများပွားများခြင်းကို တားဆီးနိုင်ပါတယ်။ ရာသီတုပ်ကွေးများကို ကာကွယ်ရာမှာ ထိရောက်လှပါတယ်။

    ၁၀။ ဂျင်ဆင်း

    ဂျင်ဆင်းကို ကိုရီးယားနဲ့ တရုတ်တိုင်းရင်းဆေးပညာမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ရေယုန်ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုး စတဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ဂျင်ဆင်းမှာပါဝင်တဲ့ ginsenoside ဟာ ဆိုးရွားတဲ့ ဗိုင်းရပ်စ်ပိုးကူစက်ခြင်း အခြေအနေတွေကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။

    ………………………………………

    အထက်ဖော်ပြပါ ဆေးဘက်ဝင်အပင်များကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဖြည့်စွက်အားဆေး supplement တွေအနေနဲ့လည်း ရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိတာကြောင့် သုံးစွဲရင် ကျန်းမာရေးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ဖြည့်စွက်အားဆေးအနေနဲ့ စွဲစွဲမြဲမြဲသုံးမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement