အရင်က သွေးတိုးရှိကောင်း ရှိမယ် ဒါမှမဟုတ် သွေးတိုးမရှိတဲ့ လူတစ်ယောက်က စိတ်ဖိစီးတဲ့အခါ သွေးတက်တတ်ပါတယ်။ ဖြစ်ပုံက စိတ်ဖိစီးတဲ့အခါ ကိုယ်ထဲက ကော်တီစောလိုမျိုး သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးဖိအားများလာပါတယ်။ သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဟော်မုန်းတွေထွက်လာတဲ့အခါ သွေးတိုးပါတယ်။
နောက်တစ်ခုက စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဇက်ကြောတွေတက်၊ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုနဲ့ လူနာက ခေါင်းတွေထိုးနေတယ်။ သွေးတိုးနေသလား မသိဘူးဆိုပြီး သွေးပေါင်ချိန်ကြည့်ပါတယ်။ ချိန်ကြည့်တော့လည်း တက်နေပါတယ်။
တကယ်က စိတ်ဖိစီးတော့ ခေါင်းကိုက်တယ်၊ သွေးတိုးတယ်။ ဒါကြောင့် သွေးတိုးတယ်လို့ ထင်ရတာပါ။ တကယ်သွေးတိုးတာ မဟုတ်ပါဘူး။ ဘယ်မှာ သိသာလဲဆိုတော့ စိတ်တွေ တည်ငြိမ်သွားလို့ ပြန်ချိန်ကြည့်ရင် သွေးပေါင်ချိန်ပုံမှန်အတိုင်း ဖြစ်တာကို တွေ့ရမှာပါ။
သွေးတိုးအခံရှိတဲ့သူက ပိုဆိုးပါတယ်။ သူတို့ စိတ်ဖိစီးရင်လည်း သွေးတက်ပါတယ်။ ပုံမှန် ၁၃၀၊ ၁၄၀ လောက်မှာ ထိန်းထားတဲ့သူတွေက စိတ်ဖိစီးလာတဲ့အခါ ၁၆၀၊ ၁၈၀လောက်ထိ တက်လာပါတယ်။ ဒီလောက်ထိ တက်တော့ လူနာက လန့်၊ လန့်တော့ ပိုတိုးနဲ့ လုံးလည်ချာလည် လိုက်နေတတ်ပါတယ်။
စိတ်ဖိစီးလို့ သွေးတက်ရင် ဒါတွေ မလုပ်ပါနဲ့။
စိတ်ဖိစီးလို့ သွေးတိုးတာက ခဏတဖြုတ်ပါ။ စိတ်ငြိမ်သွားရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် နဂိုသွေးတိုးအခံမရှိတဲ့သူက သူ့ကိုယ်သူ သွေးတိုးတယ်ထင်ပြီး ဆေးတွေ ဝယ်သောက်ပါတယ်။ မလိုဘဲ ဆေးတွေသောက်တော့ အလဟဿဖြစ်ကုန်တာပေါ့။ ပြီးတော့ ဆေးမြီးတိုလေးတွေ သုံးပြီး သူ့ကိုယ်သူ သွေးတိုးပျောက်သွားပြီလို့ ထင်တတ်ပါတယ်။
တကယ်က သွေးတိုးရှိမရှိကို တစ်ခါတည်း တိုင်းလို့မရပါဘူး။ ဒီလို စိတ်ဖိစီးတဲ့အချိန်မှာ တိုင်းတဲ့ သွေးပေါင်ချိန်က အတည်ယူလို့ မရဘူးလို့လည်း ဆေးပညာရှင်တွေက အတိအလင်း ပြောကြားထားပါတယ်။ သွေးတိုးသေချာရင် ဆေးတွေနဲ့ ထိန်းချုပ်ရမှာပါ။ အသက်ကြီးလို့ ဖြစ်တဲ့ သွေးတိုးရောဂါက ပျောက်သွားတယ်ဆိုတာ ရှားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။