သွေးတိုးနေမှန်း ဘယ်လို သိမလဲ
လက္ခဏာမပြဘဲ ရှိနေတတ်သည့် သွေးတိုးရှိမရှိသိရှိနိုင်ရန်မှာ သွေးပေါင်ချိန်ကြည့်မှပင်ရပါမည်။ အသက်၄၀ ကျော်လာသူများအနေဖြင့် သွေးတိုးမရှိသေးလျှင်ပင်၅ နှစ်တစ်ခါခန့် ပုံမှန်သွေးပေါင်ချိန်ကြည့်ခြင်းရန်လိုအပ်သည်။ ထိုမှသာ သွေးတိုးရှိနေလျှင်ရှိနေကြောင်းစောလျင်စွာ သိ၍ နောက်ဆက်တွဲဆိုးကျိုးများမှ ကာကွယ်နိုင်မည်ဖြစ်သည်။
အစားအသောက် အနေအထိုင်နှင့် သွေးတိုး
သွေးတိုးရောဂါသည် အစားအသောက်ဆင်ခြင်ရမည့် ရောဂါတစ်မျိုးဖြစ်သည်။ သွေးတိုးလျှင် အငန်ရှောင်ရမည်ကို လူတိုင်းနီပါး သိကြပါသည်။ သို့သော် မြန်မာလူမျိုးတို့အကြိုက် အစားအစာများထဲတွင် အငန်ဓာတ်ဖြစ်သည့် ဆိုဒီယမ်ဓါတ်များသော အစားအစာများပါဝင်လေ့ရှိပါသည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊
အချိုမှုန့်၊ အသားမှုန့်စသည်တို့တွင် ဆိုဒီယမ်ဓာတ်များများ ပါဝင်တတ်ကြသည်။ ဂျုံနှင့်လုပ်သော အစားအသောက်များဖြစ်သည့် အီကြာကွေး၊ ပဲပြုတ်စသည်တို့တွင်လည်း ဆိုဒါ ထည့်လေ့ရှိရာ ထိုဆိုဒါဓာတ်သည်လည်း ဆိုဒီယမ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုအစားအစာများကိုလည်း အများကြီးမစားသင့်ချေ။
နောက်ထပ်သတိပြုရန်မှာ နွယ်ချိုပါသော ဆေးများ အစားအစာများပင်ဖြစ်သည်။ အငန်တော့ရှောင်ပါသည်။ အစာကြေအောင်ဆိုပြီး နွယ်ချိုပါသော လျက်ဆားလေးတော့အမြဲစားနေပါသည်ဆိုသော လူနာများလည်း တွေ့ဖူးပါသည်။ သွေးတိုးသမားနှင့်မတည့်ပါ။ အရက်သောက်ခြင်းသည်လည်း သွေးတိုးရောဂါကို ပိုဆိုးစေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်လည်း သွေးတိုးကို ထိန်းရန်အတွက်သော်လည်းကောင်း၊ သွေးတိုး၏ နောက်ဆက်တွဲရောဂါများကို ကာကွယ်ထိန်းသိမ်းရန်သော်လည်းကောင်း အကျိုးရှိရာ သွက်လက်တက်ကြွစွာ နေထိုင်သင့်ပါသည်။
သွေးတိုးကျဆေးကို ပုံမှန် သောက်ရမှာလား
သွေးတိုးရှိသူများ အနေဖြင့်လည်း ခေါင်းမူးမှသွေးတိုးသည်၊ သွေးပေါင်ကျဆေးသောက်ရတော့မည်ဟုမှားယွင်းစွာ ယူဆမိတတ်ကြပါသည်။ အမှန်မှာ သွေးပေါင်ကျဆေးသည် နေ့စဉ်ပုံမှန်သောက်ရမည့်ဆေးဖြစ်သည်။ သွေးပေါင်ကို ပုံမှန်ဆေးသောက်ပြီး ထိန်းပါမှ သွေးတိုးကြောင့်နောက်ဆက်တွဲ ထိခိုက်မှုများကို
ကာကွယ်နိုင်မည်ဖြစ်သည်။
ခေါင်းမူးမှဆေးသောက်ပါက ခေါင်းမမူးဘဲ တိုးနေတတ်သော သွေးတိုး၏နောက်ဆက်တွဲ ပြဿနာများကို ကျိန်းသေပေါက်ခံစားကြရပါလိမ့်မည်။ သွေးပေါင်ကျဆေးသောက်ရင် သွေးပေါင်အရမ်းကျသွားမှာပေါ့ဟု စိုးရိမ်ကြသူများကိုလည်းတွေ့ဖူးပါသည်။ သွေးပေါင်ကျဆေးသောက်ရာတွင်လည်း သွေးပေါင်ကိုပုံမှန်အနေအထားအတွင်း ထိန်းနိုင်မထိန်းနိုင်ပုံမှန်တိုင်းကြည့်ရန်လိုပါသည်။
ဆရာဝန်များဘက်မှလည်း သွေးပေါင်ကျဆေးပေးရာတွင်လူနာတစ်ဦးချင်းစီအနေအထားပေါ် မူတည်၍ ဆေးကို ပေးကြရသည်ဖြစ်ရာ သွေးပေါင်အလွန်ကျသွားခြင်းမဖြစ်အောင် ထိန်းညှိပေးထားကြသည်သာဖြစ်သည်။ သွေးတိုးရောဂါရှိသူများအနေဖြင့်လည်း သွေးပေါင်ကျဆေးသောက်နေရင်းနှင့် ဝမ်းလျှောခြင်း၊ သွေးအများကြီးထွက်ခြင်း၊ မူးခြင်းစသည်များဖြစ်လာပါက သွေးပေါင်ပုံမှန်အနေအထားရှိမရှိ ပြန်လည်စစ်ဆေးနိုင်ရန်ဆရာဝန်နှင့် ပြန်လည်တိုင်ပင်သင့်ပါသည်။ သွေးပေါင်ကျဆေးကိုလည်း သူများအပြောနှင့်လိုက်မသောက်ဘဲ ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ပြီး သောက်သုံးသင့်ပါသည်။
သွေးပေါင်အရမ်းတက်နေရင်
သွေးတိုးရောဂါ၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ သွေးပေါင်အရမ်းတက်နေချိန်တွင် သွေးပေါင်ကို အမြန်ချတိုင်းလည်း မကောင်းသည့်အချက်ပင်။ သွေးပေါင်၁၈၀/၁၂၀ ကျော်နေသည့်အချိန်တွင် သွေးပေါင်ကိုချသင့်သည့် အနေအထားထက်ပိုပြီး အမြန်ချလိုက်လျှင်ပင် အန္တရာယ်ရှိနိုင်ပြီး လေဖြတ်သည်အထိပင်ဖြစ်နိုင်ပါသည်။
သွေးပေါင်အမြန်ချရမည့်အနေအထားများတွင် နှလုံးဖောက်ခြင်း၊ သတိလစ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ သွေးကြောမကြီးနံရံကွဲခြင်းစသည်တို့ပါဝင်ပြီး တခြားအနေအထားများတွင် သွေးပေါင်ကိုသောက်ဆေးနှင့်သာ ဖြည်းဖြည်းချင်းချရပါသည်။ ထို့ကြောင့် သွေးအရမ်းတိုးတိုင်းလည်း သွေးပေါင်အမြန်မချရသည့်အချက်ကိုလည်း နားလည်သဘောပေါက်စေချင်ပါသည်။ ယခုနောက်ပိုင်းတွေ့ရှိချက်များအရ အရင်က သွေးပေါင်အမြန်ချရန်သုံးလေ့ရှိသည့် သွေးပေါင်ကျဆေးကိုလျှာအောက်ငုံစေခြင်းသည်း ကောင်းကျိုးထက် သွေးပေါင်ရုတ်တရက်ကျသွားနိုင်သည့် ဆိုးကျိုးပိုများကြောင်းတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောရောဂါတစ်မျိုးဖြစ်ပြီး သေချာမကုသမိပါကလည်း နောက်ဆက်တွဲ ဆိုးကျိုးများသောရောဂါဖြစ်သည်။ ကုသလျှင်လည်း ဆေးကို သောက်လိုက် မသောက်လိုက်လုပ်၍ မရဘဲ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးပုံမှန်သောက်၊အစားအသောက်ဆင်ခြင်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ကာ ထိန်းသိမ်းသွားသင့်သော ရောဂါပင်ဖြစ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။