home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး (Aorta)ဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံး သွေးကြောပါပဲ။ နှလုံးက ညှစ်လိုက်တဲ့ သွေးတွေကို တစ်ကိုယ်လုံး ဖြန့်ဝေနေတာလည်း သူပါပဲ။ ဒီလို သွေးကြောမကြီးသာ ပြဲသွားခဲ့ရင် အန္တရာယ်က မသေးပါဘူး။ တော်သေးတာတာ ဒီလိုရောဂါက စောစောသိလို့ စောစောကုလေလေ အသက်ရှင်နှုန်း များလေလေပါပဲတဲ့။

သွေးကြောမကြီး ဘယ်နားမှာရှိတာ

သွေးကြောမကြီးက ထီးကောက်ကြီးနဲ့ တူပါတယ်။ နှလုံးကနေ ကွေးကွေးလေး တက်လာမယ်။ ကွေးကွေးလေး ဆင်းလာမယ်။ ပြီးရင် အောက်ကို တောက်လျှောက် အရှည်ကြီး ဆင်းလာပြီး ဆီးခုံနားရောက်မှပဲ ခြေထောက်တွေကို သွေးပေးဖို့ သွေးကြောတွေ ခွဲသွားပါတယ်။ ဒီတစ်တောက်လျှောက် ဘယ်နေရာမှာမဆို သွေးကြောပြဲနိုင်ပါတယ်။ သေးသေးလေးလည်း ပြဲနိုင်သလို၊ အကြီးကြီးလည်း ပြဲနိုင်ပါတယ်။

သွေးကြောပြဲမှန်း ဘယ်လိုသိမလဲ။

ခက်တာက သွေးကြောပြဲတဲ့ လက္ခဏာက တခြားနှလုံးရောဂါလက္ခဏာတွေနဲ့ သွားတူနေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ ရောဂါလွဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူနာပြောတဲ့ လက္ခဏာပေါ်၊ နောက်ခံရောဂါတွေအပေါ်မူတည်ပြီး ရောဂါသံသယရှိရင်တော့ သေချာအောင် စစ်ဆေးမှုတွေ ထပ်လုပ်ရပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

  • ရင်ဘတ် ဒါမှမဟုတ် နောက်ကျောကနေ ရုတ်တရက် တစ်ခုခုက ဆွဲဖြဲထားသလို အောင့်ပါတယ်။ သွေးကြောပြဲတဲ့နေရာပေါ်မူတည်ပြီး လည်ပင်း ဒါမှမဟုတ် နောက်ကျောတစ်လျှောက် ပြန့်သွားတတ်ပါတယ်။
  • တစ်ခါတလေ ဘာမှန်းမသိဘဲ ရင်ဘတ်အောင့်တာ သက်သက်ပဲ ဖြစ်တတ်ပါတယ်။ ဥပမာ ကွေးကွေးလေး စတက်သွားတဲ့ သွေးကြောမကြီး နေရာက ပြဲရင် ရင်ဘတ်ပဲ အောင့်မယ်။ လည်ပင်းက သွေးကြောတွေပါပါရင် လည်ပင်းနဲ့ မေးကြောတွေပါ အောင့်မယ်။ (ဒါက နှလုံးသွေးကြောပိတ်လို့ အောင့်တာနဲ့ တော်တော်ဆင်တူနေပါတယ်။)
  • အောက်ကို ဆင်းသွားတဲ့ သွေးကြောမကြီးက အောင့်ရင် နောက်ကျောဘက်က အောင့်ပါတယ်။ ဒါကြောင့် ရောဂါခွဲရ ခက်ပါတယ်။
  • ဒီကြားထဲမှာ ၁၀ရာခိုင်နှုန်းလောက်က နာတဲ့ လက္ခဏာလေးတောင် မပြကြပါဘူး။

ဒါ့ပြင် ပြဲတဲ့နေရာကို လိုက်ပြီး

  • သတိလစ်သွားတာ
  • လေဖြတ်သွားတာ
  • ခြေထောက်တွေမှာ ထုံကျဉ်ပြီး အားပျော့သွားတာ
  • ဗိုက်အောင့်တာ
  • မောတာ စတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။

သွေးကြောပြဲတဲ့နေရာကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွဲသွားပါတယ်။

ဘာကြောင့် သွေးကြောပြဲရတာလဲ။

သွေးကြောနံရံပျော့နေတာကတော့ အဓိက အကြောင်းရင်းပါပဲ။ သွေးကြောနံရံပျော့နေတာကို သွေးက မတရားတိုးလာရင် ရုတ်တရက် ပြဲထွက်သွားတာမျိုးပါ။ ဒါကြောင့် ဘယ်သူတွေမှာ အတွေ့ရများသလဲဆိုရင်

  • နဂို သွေးတိုးရောဂါအခံရှိပြီး ကောင်းကောင်းလည်း ထိန်းမထားနိုင်ဘူးဆိုရင်
  • သွေးကြောတွေမှာ အဆီတွေ အနယ်ထိုင်ပြီး မာနေရင်
  • နဂိုတည်းက သွေးကြောဖောင်းတဲ့ရောဂါရှိရင်
  • သွေးကြောမအဆို့ရှင် မကောင်းတဲ့သူတွေ
  • မွေးရာပါ သွေးကြောမအဆို့ရှင် ကျဉ်းတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

ဒါ့ပြင် ရှားရှားပါးပါး Turner’s ရောဂါစု၊ Marfan ရောဂါစုတို့လို မွေးရာပါ ရောဂါရှင်တွေမှာလည်း တွေ့ရတတ်ပါတယ်။

တခြားအချက်တွေ အနေနဲ့ကတော့

  • အမျိုးသားတွေက အမျိုးသမီးတွေထက် သွေးကြောပြဲနိုင်ခြေ နှစ်ဆရှိပါတယ်။
  • အသက် ၆၀ကျော်လာရင် ပိုဖြစ်တတ်ပါတယ်။
  • ကိုကင်းသုံးတဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ (ကိုကင်း သုံးလိုက်တဲ့အချိန်မှာ ရုတ်တရက် သွေးပေါင်ဆောင့်တက်လာလို့ပါ။)
  • နောက်ပြီး ရင်ဘတ်ကို ရုတ်တရက် ထိခိုက်ဒဏ်ရာရတာ (ဥပမာ ကားအက်စီးဒင့်)ကြောင့်လည်း သွေးကြောပြဲတတ်ပါသေးတယ်။

နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

သွေးကြောပြဲတာက ၂၄နာရီနဲ့ ၄၈နာရီအတွင်း ကုနိုင်ရင် ပိုကောင်းပါတယ်။ စောလေ ကောင်းလေပါပဲ။ နောက်ကျရင်

  • ကိုယ်တွင်းမှာ သွေးထွက်လွန်ပြီး ရှော့ဖြစ်တတ်ပါတယ်။
  • သွေးကြောပြဲပြီး ကိုယ်တွင်းအင်္ဂါတွေ သွေးမရလို့ ပျက်စီးတတ်ပါတယ်။
  • ဦးနှောက်မှာဆိုရင် လေဖြတ်သွားတတ်ပါတယ်။

ကုသလို့ရနိုင်ပါ့မလား။

ဘယ်လောက်ပြဲသွားလဲ၊ ဘယ်လောက်စောစောသိလဲပေါ်မူတည်ပါတယ်။ သွေးကြောပြဲတာရဲ့ အဓိက ကုသနည်းကတော့ ပြဲနေတဲ့ သွေးကြောကို ပြန်ဖာထေးဖို့ပါပဲ။ ဒါကြောင့် သွေးပေါင်ချိန်ကို အရင်ထိန်း၊ ငြိမ်သွားရင် ခွဲစိတ်ပြီး ကုသမှု စလို့ရပါပြီ။

ပြန်ဖြစ်နိုင်သေးလား။

ခွဲပြီးပြီးချင်း ၂နှစ်အတွင်းမှာ သွေးကြောဖောင်းတာ၊ သွေးကြောပြဲတာတွေ ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လူနာအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမှာ ဖြစ်သလို ရက်ချိန်းလည်း မှန်မှန်သွားပြပြီး အနီးကပ်စောင့်ရှောက်မှု ခံယူရမှာပါ။

ဆောင်ရန် ရှောင်ရန် အနေနဲ့ကတော့

  • သွေးပေါင်ချိန်ထိန်းပါ။ သွေးပေါင်ချိန်မထိန်းနိုင်ရင် ပြန်ပြဲတတ်ပါတယ်။
  • သွေးကြောတွေကို ထိခိုက်စေတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • သာမန် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ၊ အိမ်အလုပ်တွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် အလေးအပင်တွေ မတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။

သွေးကြောပြဲတာက အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်လာရင် မြန်မြန်ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါပါ။ ဒါ့ပြင် တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါ ထပ်ဖြစ်နိုင်တဲ့အတွက် ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 22/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။