backup og meta

ညနေဘက် အိပ်ရင် ဖျားတတ် သလား

လူကြီးတွေက ညနေဘက် မအိပ်ရဘူး။ ညနေဘက် အိပ်ရင် ဖျားတတ် တယ်ဆိုပြီး ပြောကြတာ ရှိပါတယ်။ တစ်ခါတလေ ကိုယ်ကလည်း ညနေဆို ပင်ပန်းလို့ အိပ်ချင်၊ ဖျားမှာကလည်း ကြောက်နဲ့ ဘာလုပ်ရမှန်း မသိဖြစ်နေမှာပါ။ ဒီနေ့တော့ ဒီအကြောင်းလေးကို ရှင်းပြပေးပါမယ်။

ညနေဘက် အိပ်ရင် ဖျားတတ် သလား

ညနေပိုင်းမှာ အိပ်ရုံနဲ့ ဖျားတယ်လို့ ပြောဖို့က ခက်ပါတယ်။ လူကို ဖျားစေတဲ့ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။

လူကြီးတွေက မအိပ်နဲ့လို့ ပြောပေမယ့် ပင်ပန်းပြီး ညနေဘက်ဆို အိပ်ပျော်ပျော် သွားကြသူတွေ ရှိပါတယ်။ သူတို့တွေလည်း လူတိုင်း မဖျားပါဘူး။ တစ်ယောက်တည်းမှာတောင်မှ ညနေအိပ်တိုင်း အမြဲမဖျားတဲ့သူတွေ ရှိပါတယ်။

ညနေဘက်အိပ်ရင် ဖျားတာက ရောဂါ‌ကြောင့်၊ အိပ်တာကြောင့်ဆိုတာထက် တိုက်ဆိုင်မှုကြောင့် ဖြစ်တာ များပါတယ်။

ဒါဆို ညနေဘက် အိပ်ရင် ဖျားတာ ဘာကြောင့်လဲ

ဖြစ်နိုင်တဲ့ အချက်တွေကတော့

  • Sleep inertia

ဘယ်အချိန်ပဲ အိပ်အိပ်၊ အိပ်ပြီး နိုးလာရင် စစချင်းဆို ခေါင်းမကြည်တတ်ပါဘူး။ အဲ့တာ အိပ်တာကနေ နိုးထဖို့ ခန္ဓာကိုယ်က အသားမကျသေးလို့ပါ။ အဲ့တာကို Sleep inertiaလို့ ခေါ်ပါတယ်။

Sleep inertia ဖြစ်တဲ့အခါ ငြီးစီစီနဲ့ ခေါင်းတွေ နောက်ပြီး နေမကောင်းချင်သလိုလို၊ ကိုယ်လက်နာသလိုလို ဖြစ်တတ်ပါတယ်။ တချို့ဆို ပျို့အန်တတ်ပါတယ်။

ဒီSleep inertiaကြောင့်ဖြစ်တဲ့ လက္ခဏာတွေက နာရီဝက်၊ ၁နာရီလောက် ကြာတတ်ပါတယ်။ တချို့တွေမှာဆို ၂နာရီလောက်ထိ ကြာတတ်ပါတယ်။

  • နဂိုတည်းက ဖျားချင်နေတာ

တချို့တွေက ညနေစောင်းအိပ်ရင် ဖျားတာကို ‌ဆောင်းတွင်းလို အချိန်မျိုးမှာ အများဆုံးကြုံရတယ်လို့ ဆိုပါတယ်။ ဆောင်းတွင်းမှာ ညနေစောင်းလောက်ဆို အေးတတ်တော့ လူက အလိုလိုနေရင်း အိပ်ချင်တာပေါ့။

အအေးမိတာ၊ တုပ်ကွေးဖြစ်တာ ဖြစ်လွယ်တဲ့ ရာသီဆိုတော့ နဂိုတည်းက ကိုယ်က အအေးမိပြီး နုံးသလိုလို ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ အိပ်ချင်တော့ အိပ်လိုက်မယ်။ အိပ်တာနဲ့ ဖျားတာနဲ့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်ကတော့ အိပ်အိပ် မအိပ်အိပ် အအေးမိ၊ တုပ်ကွေးပိုးဝင်ထားရင် ဖျားတာက ဖျားတာမှာပဲ။

  • ဆေးပတ်လည်အောင် မသောက်တာ

တချို့က ဖျားတာက သက်သာနေပြီ။ ညနေပိုင်းအိပ်လိုက်တာ ပြန်ဖျားသွားတယ်၊ မနက်က ဆေးသောက်ပြီး အဖျားကျပြီးသားကိုဆိုပြီး ပြောတတ်ပါတယ်။ ဒါကတော့ ဆေးပတ်လည်အောင် မသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဖျားရင် သောက်တတ်ကြတဲ့ ပါရာစီတမောက ၄နာရီကနေ ၆နာရီလောက်ထိပဲ အာနိသင်ရှိပါတယ်။ နေ့လယ်စာစားပြီးခါစက သောက်ထားရင် ညနေစောင်းလောက်ဆို အာနိသင်ပြယ်ပြီး အဖျားပြန်တက်လာပါပြီ။

ညနေမှာအိပ်လိုက်မိတဲ့အခါကျတော့ ဆေးအာနိသင်ပြယ်တဲ့အချိန်နဲ့ တိုက်သွားပြီး အိပ်လိုက်လို့ ပြန်ဖျားတယ်လို့ ထင်ကြတာပါ။

  • ရောဂါတစ်ခုခု ရှိနေတာ

တီဘီရောဂါ၊ ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါ၊ ကင်ဆာ စတာတွေက ရောဂါရဲ့ သဘာဝအရကို ညနေဆို အဖျားတက်တတ်ပါတယ်။ ညနေစောင်း အိပ်တာနဲ့များ တိုက်ဆိုင်သွားရင် အိပ်လို့ ဖျားတယ်လို့ အထင်မှားတတ်ပါတယ်။

ညနေပိုင်းမှာ အိပ်ပြီး လန်းလန်းဆန်းဆန်းဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ

ညနေပိုင်းမှာ အိပ်ပြီး နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းဖြစ်အောင်

  • အချိန်ခဏပဲ အိပ်ပါ။ မိနစ် ၂၀လောက်ပဲ အိပ်ရင် လုံလောက်ပါပြီ။ အကြာကြီးအိပ်ရင် ခေါင်းမကြည်တာ ဖြစ်နိုင်သလို ညဘက်ကျရင်လည်း ပြန်အိပ်ဖို့ ခက်ပါတယ်။
  • အိပ်ရာနိုးနိုးချင်းမှာ အာရုံစိုက်ရတဲ့ အလုပ်တွေ သိပ်မလုပ်ပါနဲ့။ အာရုံစိုက်ရတဲ့အလုပ်တွေ၊ ဦးနှောက်သုံးရတဲ့ အလုပ်တွေက လူကို ပိုပြီး ခေါင်းကိုက်စေပါတယ်။
  • အိပ်တဲ့အခါ ပူလွန်း အေးလွန်းတဲ့နေရာမှာ မအိပ်ပါနဲ့။
  • ကြုံရာနေရာမှာ အိပ်လိုက်တာထက် သက်သောင့်သက်သာဖြစ်တဲ့နေရာမှာ အိပ်ပါ။

ညနေစောင်းမှာဖျားတာက ဘယ်လိုအချိန်မှာ အရေးကြီးသလဲ

ရံဖန်ရံခါ ဖျားတာက ပြဿနာမဟုတ်သလို အအေးမိ၊ တုပ်ကွေးကြောင့်ဆိုရင်လည်း ရက်ပိုင်းလောက်နေရင် သက်သာသွားနိုင်တာကြောင့် ဒါကလည်း သိပ်ပြီး အ‌ရေးကြီးလှတာ မဟုတ်ပါဘူး။

အရေးကြီးတာက တီဘီရောဂါ၊ ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါ၊ ကင်ဆာ စတာတွေကြောင့် ဖျားတာပါ။

ဒါကြောင့် ညနေပိုင်း ဒါမှမဟုတ် ညဘက်ရောက်တာနဲ့ အိပ်အိပ် မအိပ်အိပ် ဖျားလာရင် သတိထားပါ။ နီးစပ်ရာဆေးရုံဆေးခန်းမှာ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Do Naps Make Me Feel Sick? https://www.sleepfoundation.org/napping/why-do-naps-make-me-feel-sick#:~:text=In%20general%2C%20the%20longer%20a,sleep%20inertia%20or%20acid%20reflux. Accessed date Jan 17, 2024

Sleep Inertia https://www.cdc.gov/niosh/work-hour-training-for-nurses/longhours/mod7/03.html#:~:text=Sleep%20inertia%20is%20a%20temporary,reasoning%2C%20remembering%2C%20and%20learning. Accessed date Jan 17, 2024

Paracetamol https://www.healthdirect.gov.au/paracetamol#:~:text=Paracetamol%20begins%20to%20ease%20pain,about%204%20to%206%20hours. Accessed date Jan 17, 2024

Sleep and Body Temperature in “Morning” and “Evening” People https://academic.oup.com/sleep/article/8/4/311/2742849 Accessed date Jan 17, 2024

Fever, Chills, and Night Sweats https://www.ncbi.nlm.nih.gov/books/NBK324/ Accessed date Jan 17, 2024

ယခုပုံစံ

21/02/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


သက်ဆိုင်သည့် ဆောင်းပါး

အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement