အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် အိပ်မပျော်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် အိပ်မပျော်ခြင်း

    အိပ်မပျော်ဘူးလို့ လူတိုင်းမကြာခဏပြောနေမိတတ်ကြပေမယ့် အိပ်မပျော်ခြင်း ဝေဒနာဟာ အမျိုးအစား အမျိုးမျိုးရှိပြီး နောက်ခံအကြောင်းတရားလည်း အမျိုးမျိုးရှိနေတယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။ သာမန်အိပ်မပျော်တာကနေ အိပ်မပျော်တဲ့ရောဂါ အမျိုးမျိုးအထိပါပဲ။

    လူတစ်ယောက်ကို အိပ်မပျော်ဖြစ်စေနိုင်တဲ့ အကြောင်းတရားအမျိုးမျိုးရှိပြီးတော့ အဆိုပါအကြောင်းတရားကြောင့် ဖြစ်လာတဲ့ အိပ်မပျော်ခြင်းဝေဒနာကလည်း အမျိုးအမည် အမျိုးမျိုးရှိနေပါတယ်။

    သာမန် အိပ်မပျော်တာ (Sleep Deprivation) ပါလို့ တွေးထင်မိနေပေမယ့် စိတ်နဲ့ ကိုယ်ကိုထိခိုက်စေနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာတွေ (Insomia) ဖြစ်နေနိုင်တာကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

    သင်ဘယ်လို အိပ်မပျော်ဖြစ်နေတာလဲ

    အိပ်မပျော်တဲ့ဝေဒနာကို လူတိုင်းခံစားဖူးကြပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် အလွယ်တကူဖြစ်နိုင်တဲ့ ပြဿနာတစ်မျိုးမို့ပါ။ ဒါကြောင့်လည်း လူအတော်များများက အိပ်မပျော်တာကို ဆိုးရွားတဲ့ပြဿနာတစ်ခုအဖြစ် မရှုမြင်တတ်ကြပါဘူး။

    ဒါပေမယ့် အိပ်စက်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ သာမန် အိပ်မပျော်တာလေးကနေစပြီး အိပ်မပျော်တဲ့ဝေဒနာတွေ အဆုံး အခြေအနေအမျိုးမျိုးတိုင်းဟာ ခန္ဓကိုယ်ကြီးကို ထိခိုက်ပျက်ယွင်းစေပါတယ်။

    အိပ်မပျော်ခြင်းကို သတိထားဖို့လိုအပ်တယ်လို့ ဒါကြောင့်ဆိုနေရတာပါ။ များသောအားဖြင့် စိတ်ဖိစီးမှု၊ ခရီးသွားလာမှု၊ ကျန်းမာရေးအခြေအနေ၊ အပူချိန်နဲ့ ပြင်ပအခြေအနေတွေကြောင့် အိပ်မပျော်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအိပ်မပျော်တာတွေ ရက်ဆက်လာပြီဆိုရင်တော့ သင့်ရဲ့ကျန်းမာရေး အခြေအနေတွေ ထိခိုက်ပျက်ယွင်းလာပါလိမ့်မယ်။

    အိပ်မပျော်တဲ့ရောဂါ များလား

    အိပ်မပျော်တာ ရက်ဆက်လာပြီဆိုရင် အိပ်မပျော်တဲ့ ရောဂါတစ်မျိုးမျိုး ခံစားနေရတာလားဆိုတာကို ဆန်းစစ်ဖို့ လိုအပ်လာပါပြီ။ တကယ်လို့ ကိုယ့်မှာ အိပ်မပျော်တဲ့ရောဂါတစ်မျိုးမျိုးရှိနေတယ်ဆိုရင် ကုစားရမယ်မဟုတ်လား။

    ကိုယ်အိပ်မပျော်ဘူးလို့ ခံစားလာရရင် အောက်ပါ အချက်တွေနဲ့ ချိန်ကိုက် ဆန်းစစ်ကြည့်ပါ။

    • နေ့အချိန်တွေမှာ စိတ်ကသိကအောက်ဖြစ်နေတာ အိပ်ချင်တာမျိုးဖြစ်နေတတ်တာ၊
    • အိပ်မပျော်ပေမယ့် တီဗီကြည့်ချိန်၊ စာဖတ်ချိန်၊ ထိုင်နေချိန်တွေမှာ အိပ်ချင်နေတတ်တာ၊
    • ပင်ပန်းနွမ်းနယ်တယ်လို့ မကြာခဏခံစားနေရတာ၊
    • အာရုံစူးစိုက်ဖို့ ခက်နေတတ်တာ၊
    • လူတွေနဲ့စကားပြောချင် ဆိုချင်စိတ် နည်းပါးနေတာ၊
    • ဘာလုပ်လုပ် နှေးကွေးလေးလံနေတာ၊
    • စိတ်ခံစားချက်ကို ထိမ်းချုပ်ဖို့ ခက်ခဲနေတတ်တာ၊
    • နေ့ခင်းဘက်တွေမှာ မကြာခဏ တရေးတမော အိပ်စက်ဖြစ်နေတာ၊
    • ကဖိန်းဓာတ်နဲ့ အရက်သေစာ အသုံးပြုမှုနှုန်း ပိုမိုမြင့်မားလာနေတာတွေပါပဲ။

    ဒီအချက်တွေထဲက အချက်တချို့တဝက်လောက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်မှာ အိပ်မပျော်တဲ့ဝေဒနာ တစ်စုံတစ်ရာ ခံစားနေရပြီလို့ ဆိုရမှာပါ။

    အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် အိပ်မပျော်ခြင်း

    အိပ်မပျော်ဖြစ်စေတဲ့ ရောဂါတွေအမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့

    • ညဘက် အိပ်မပျော်ခြင်း (Insomnia)

    Insomnia က ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်တာ ဒါမှမဟုတ် လုံးဝအိပ်မပျော်တာမျိုးဖြစ်တဲ့ ဝေဒနာပါ။ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ ခရီးပမ်းတာတွေကြောင့်ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတရာကြောင့်လည်းဖြစ်တတ်ပါတယ်။

    • အိပ်ဟောက်အသက်ရှူရပ်ဝေဒနာ (Sleep apnea)

    ညဘက်မှာ ကျယ်လောင်စွာ ဟောက်တတ်တာမျိုးပါ။ ဒီလိုဟောက်ချိန်မှာ အသက်ရှူရပ်သွားတာမို့ တစ်ခါတစ်ရံမှာ အိပ်မရပဲ ပြန်နိုးနေတတ်ပါတယ်။ ဒီဝေဒနာရှိသူတွေဟာ အိပ်ပျော်နေရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမျိုး ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုပါတယ်။

    • ခြေထောက်အကြောဆွဲခြင်း (Restless legs syndrome – RLS)

    Restless leg syndrome ကို Ekbom disease လို့လည်းခေါ်ပါတယ်။ ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်တာ၊ အကြောဆွဲတာတွေဖြစ်စေတဲ့ အာရုံကြောရောဂါတစ်မျိုးပါ။ ခြေဖဝါး၊ ခြေသလုံးနဲ့ ပေါင်တို့မှာလဲ ယွစိယွစိဖြစ်နေတဲ့ ခံစားချက်ရှိနေနိုင်ပါတယ်။ ညနေဘက်တွေ၊ ညဘက်တွေမှာ ပိုပြင်းထန်တာမို့ ညဘက်တွေမှာ အိပ်မပျော်စေဖြစ်စေနိုင်ပါတယ်။

    • ရုတ်တရက်အိပ်ပျော်သွားတတ်သောရောဂါ (Narcolepsy)

    Narcolepsy ဆိုတာက နာတာရှည်ရောဂါ တစ်မျိုးပါ။ မအိပ်ပျော်သင့်တဲ့အချိန်တွေမှာ ခဏတဖြုတ် ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီလို မကြာခဏအိပ်ပျော်တတ်တာကြောင့် ညဘက် တကယ်အိပ်စက်ရမယ့် အချိန်မှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။

    • Circadian rhythm sleep disorders

    Circadian rhythm sleep disorders ဆိုတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ လည်ပတ်ပုံပျက်ယွင်းပြီး အိပ်ချိန်နဲ့ နိုးထချိန်မမှန်ဖြစ်တဲ့ ဝေဒနာပါ။ စိတ်ကျဝေဒနာ၊ စိတ်အတက်အကျမြန်ဝေဒနာနဲ့ ရာသီအလိုက်ဖြစ်တတ်တဲ့ စိတ်ဝေဒနာတွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။

    • Shift work sleep disorder

    Shift work sleep disorder က ပုံမှန်အနားယူချိန်မှာ လုပ်ငန်းခွင်ဝင်နေရသူတွေမှာ ဖြစ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ ညဆိုင်းဆင်းရသူတွေ ၂၄ နာရီပတ်လုံး အချိန်အပိုင်းအခြားနဲ့ လုပ်ကိုင်ရေသူတွေမှာ အဖြစ်များပါတယ်။ ဒီလိုကိစ္စတွေကြောင့် အိပ်စက်သင့်တဲ့အချိန်မှာ အိပ်မပျော်တဲ့ပြဿနာသာမက ခန္ဓာကိုယ်က အာရုံစူးစိုက်မှုအားနည်းပြီး ထိခိုက်ဒါဏ်ရာရမှုဖြစ်နိုင်ခြေအလွန်မြင့်မားလာတတ်ပါတယ်။

    • Delayed sleep phase disorder

    Delayed sleep phase disorder ကတော့ ဇီဝနာရီ အလုပ်လုပ်ပုံနောက်ကျပြီး အိပ်ချိန် မမှန်တော့တာကိုဆိုလိုတာပါ။ အိပ်ချိန်ရော နိုးထချိန်ပါ ပုံမှန်လူတွေထက် နောက်ကျနေတတ်ပါတယ်။ မိုးလင်းခါနီးမှ အိပ်ပြီး နေ့ခင်းလောက်မှ နိုးတာကို အကျင့်တစ်ခုလိုဖြစ်နေတာမျိုးကို ဆိုလိုတာပါ။

    • Jet lag

    အချိန်ဇုန်မတူညီတဲ့နေရာတွေကို ခရီးထွက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီက လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိတာကြောင့် ပင်ပန်းနွမ်းနယ်တဲ့ ဝေဒနာပါ။ ဒီဝေဒနာကို ခံစားရရင် ပင်ပန်းနွမ်းနယ်ရုံသာမက အိပ်မပျော်တာကိုပါ ကြုံရတတ်ပါတယ်။

    အိပ်မပျော်ခြင်းကို သက်သာစေဖို့ဆိုရင်

    အိပ်မပျော်တဲ့ရောဂါတစ်မျိုးမျိုးကို ခံစားနေရတယ်ဆိုရင် ကုစားဖို့လိုအပ်ပါတယ်။ အိပ်မပျော်တဲ့လက္ခဏာတွေကို ရင်ဆိုင်လာရပြီဆိုရင် တားဆီးကုစားနိုင်တဲ့နည်းလမ်းတွေ ရှိထားပါတယ်။

    အောက်ပါနည်းလမ်းတွေကို လိုက်နာပါ။

    • အိပ်စက်ချိန်ကို ဂရုစိုက် မှတ်တမ်းတင်ထားပါ၊
    • အိပ်ချိန်၊ ထချိန်ကို သတ်မှတ်ပါ၊
    • အိပ်ရာက နိုးချိန်မှာ ဆက်ပြီး အိပ်မနေပါနဲ့၊
    • လုံလောက်တဲ့ အိပ်စက်ချိန်ရှိဖို့ ကြိုးစားပါ၊
    • တစ်နေ့ကို မိနစ် ၂၀-၃၀ ဝန်းကျင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊
    • အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ပါ၊
    • အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ၊
    • အိပ်ရာဝင်ခါနီးမှာ အစားအစာမှီဝဲတာမျိုးရှောင်ကျဉ်ပါ၊
    • အိပ်ရာဝင်ခါနီးမှာ စိတ်ပျော်ရွှင်အောင် နေပါ၊
    • အဖော်ယမကာ၊ အရက်သေစာနဲ့ ဆေးလိပ် သောက်စားခြင်းကို ရှောင်ကျဉ်ပါ၊
    • အထူးသဖြင့် အိပ်ရာဝင်ချိန်နားနီးမှ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ပါ။

    ဒီနည်းလမ်းတွေဟာ အိပ်မပျော်ဖြစ်နေသူတွေအတွက် အိပ်စက်ရာမှာ ကောင်းမွန်မှန်ကန်လာစေဖို့ အထောက်အကူပြုနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement