backup og meta

စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ

    ကမ္ဘာပေါ်ရှိလူဦးရေ သန်းပေါင်း ၄၅၀ ခန့်က စိတ်မူမမှန်မှုများကို ခံစားနေကြရပြီး ဒါက လူ ၄ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရ စိတ်မူမမှန်မှုဖြစ်စဉ်များ ခံစားနေရသူတွေရဲ့ ၃ ပုံ ၂ ပုံက ဆေးကုသမှု မခံယူဘဲနေကြပါသည်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ ကို ဖော်ပြပေးလိုက်ပါတယ်။

    စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့်သော အကြောင်းရာများ

    စိတ်ကျန်းမာရေးမကောင်းမွန်ရင် မိမိဘဝမှာ မကောင်းတဲ့ သက်ရောက်မှုများဖြစ်လာနိုင်ပြီး နေရထိုင်ရ ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောဂါများ၊ မူမမှန်မှုများ ခံစားနေရရင် ဆေးကုသမှုများ ခံယူသင့်ပါတယ်။

    စိတ်ရောဂါဆိုတာ ဘာလဲ။

    စိတ်ကျန်းမာရေးတွင် ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံမှုပိုင်းဆိုင်ရာ စသည့် အချက်များပါဝင်သည်။ ကိုယ်ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာနေဖို့လည်း အရေးကြီးသည်။ စိတ်ရောဂါဟူသည် ဦးနှောက်တွင် ဓါတုသက်ရောက်မှုမမှန်ကန်ခြင်းကြောင့် စိတ်မူမမှန်ဖြစ်ရခြင်းဖြစ်သည်။

    ထိုအခါ သင်တွေးတောပြုမူပုံ၊ လူများနှင့်ပက်သက်သည့် ခံယူချက်နှင့် ဘဝတွင် ဖြစ်ပျက်နေသော အရာများတွင် သက်ရောက်မှု အနည်းနှင့် အများရှိနိုင်ပါသည်။ စိတ်ရောဂါသည် ကြာရှည်လာသောအခါ ဆရာဝန်နှင့် ပြပြီး ကုသမှုခံယူရန်လိုအပ်ပါသည်။

    အဖြစ်များသော စိတ်ရောဂါများမှာ စိတ်ဓါတ်ကျခြင်း ၊ စိတ်ကျစိတ်ကြွဖြစ်ခြင်း၊ စိတ်ဒဏ်ရာရခြင်း၊ စိတ်စွဲကြီးခြင်း တို့ဖြစ်ပါသည်။ အချို့သောစိတ်ရောဂါများသည် သားဦးကလေးမွေပြီးကာစမိခင်များတွင်ဖြစ်လေ့ရှိပါသည်။

    အိမ်တွင်း အကြမ်းဖက်မှုများ၊ ကလေးအကြမ်းဖက်မှုများနှင့် ကာလကြာရှည်စွာ စိတ်ဖိစီးစရာများရှိခြင်း စသည့် ဘဝတွင်ကြုံတွေ့ရသည်အဖြစ်ပျက်များကြောင့် စိတ်ရောဂါဖြစ်ရသည်များရှိပြီး သင့်ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များကို ထိခိုက်နိုင်ပါသည်။

    စိတ်ရောဂါသည် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ရွေးချယ်မှုများအပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါသည်။ အဆိုးဆုံး မိမိကိုယ်ကို အန္တရာယ်ပြုခြင်း နှင့် ရုတ်ရင်းကြမ်းတမ်းသော အတွေးများဝင်လာနိုင်ပါသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးဟူသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိအရေးပါပါသည်။

    စိတ်ရောဂါဖြစ်စေရသော အကြောင်းများ

    စိတ်ရောဂါဖြစ်စေရသော အကြောင်းများစွာ အနက် အဖြစ်များသောအကြာင်းများမှာ

    · ကာလကြာရှည်စွာ စိတ်ဖိစီးစရာများရှိခြင်း

    · တိုက်ပွဲများ၊ ပြင်းထန်သော မတော်တဆမှုများ၊ အကြမ်းဖက်မှုများကြောင့် ဒဏ်ရာများရခြင်း

    · အိမ်တွင်းအကြမ်းဖက်မှုများနှင့် အရွယ်ရောက်ပြီးသူများကို အကြမ်းဖက်ခြင်းများ

    · ကလေးသူငယ်အကြမ်းဖက်မှု၊ ထိခိုက်စေမှုများနှင့် လျစ်လျှူရှုမှုများ

    · မျိုးရိုးလိုက်ခြင်း

    · ဦးနှောက်ထဲတွင် မူမှန်ဖြစ်ခြင်း

    · ခေါင်းထိခိုက်မိခြင်း

    · သီးခြားနေခြင်း၊ အထီးကျန်ခြင်း

    · အလုပ်အကိုင်မရှိခြင်း၊ အလုပ်ပြုတ်သွားခြင်း

    · ခွဲခြားဆက်ဆံမှုများ ခံရခြင်း

    · မိမိနှင့် ရင်းနှီးသူတဦးသေဆုံးသွားခြင်း

    · အိမ်ခြေရာခြေမရှိခြင်း၊ အနေဆင်းရဲခြင်း

    · မိသားစုဝင်များ၊ မိတ်ဆွေများကို ထောက်ပံ့နေရခြင်း တို့ဖြစ်သည်။

    စိတ်ရောဂါဖြစ်ခြင်းသည် အထက်ပါအကြောင်းအရာများ ပေါင်းစပ်သွားသောကြောင့် ဖြစ်လာရသည်။ ကောင်းမွန်သော ဂရုစိုက်မှုနှင့် ကုသမှုများခံယူပါက လျှင်မြန်စွာပြန်ကောင်းနိုင်သော်လည်း မကုဘဲထားပါက ရေရှည်အတွက်မကောင်းပါ။

    ဘယ်သူတွေက စိတ်ရောဂါဖြစ်နိုင်ခြေများသလဲ။

    စိတ်ရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ခံစားရနိုင်ပါသည်။ စိတ်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။

    · စိတ်ဖိအားများစေသော အလုပ်များလုပ်ကိုင်နေရသည့် ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ

    · အမျိုးသမီးများသည် စိတ်ကျရောဂါဖြစ်ခြင်း၊ စိုးရိမ်သောကများခြင်း တို့ဖြစ်နိုင်ခြေများပြီး အမျိုးသားများသည် တရားမဝင်မူးယစ်ဆေးများသုံးစွဲခြင်း၊ လူမှုဆက်ဆံရေးအားနည်းခြင်းတို့ဖြစ်နိုင်ချေများပါသည်။

    · ဦးနှောက်တွင်မွေးရာပါ ချွတ်ယွင်းချက်များရှိနေခြင်း

    · မိသားစုဝင်များထဲတွင် စိတ်ရောဂါရှိခြင်း

    · နာတာရှည်ရောဂါများ ခံစားနေရခြင်း

    · ကလေးဘဝနှင့် လူနေမှုပုံစံများ မူမမှန်ခြင်း

    · ကျောင်းနှင့် အလုပ်ခွင်တို့တွင် အဆင်မပြေသူများ

    · အရက်သေစာ အလွန်အကျွံသောက်စားသူများ

    · ယခင်က စိတ်ရောဂါခံစားနေရသူများ

    စိတ်ရောဂါ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    စိတ်ရောဂါခံစားရခြင်းသည် သင့်ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ပိုဖြစ်စေလိမ့်မည်။ စိတ်အခြေအနေပြောင်းလဲခြင်း၊ ကိုယ်ရည်ကိုယ်သွေးများ နှင့် အမူအကျင့်များပြောင်းလဲခြင်း နှင့် လူမှုဆက်ဆံရေးကျဲပါးလာခြင်း စသည့် ရောဂါလက္ခဏာများခံစားလာရပါက သူတို့၏ အလုပ်နှင့် ဘဝကို ထိခိုက်လာနိုင်ပါသည်။

    အဖြစ်များသော ရောဂါလက္ခဏာများမှာ

    · ဝမ်းနည်းခြင်း၊စိတ်ဓါတ်ကျခြင်း

    · ထုံပေခြင်း၊ မည်သည့်အရာကိုမျှ အလေးမထားတော့ခြင်း

    · မောပန်းနေခြင်း၊ အားအင်မရှိခြင်း၊ အိပ်လွန်းခြင်း၊ အိပ်စက်ရန်ခဲယဉ်းခြင်း

    · ဒေါသထွက်လွယ်ခြင်း၊ စိတ်ဓါတ်ကြမ်းတမ်းလာခြင်း

    · ခိုကိုးရာမဲ့ဖြစ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း

    · စိတ်ရှုပ်ထွေးခြင်း၊ မေ့လွယ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ အစွန်းရောက်ခြင်း၊စိုးရိမ်စိတ်များခြင်း၊ကြောက်ရွံ့ခြင်း

    · အချို့သောအကြောင်းရာများကို ခေါင်းထဲမှထုတ်မရခြင်း

    · ထင်ယောင်ထင်မှားဖြစ်ကာ အသံများကြားခြင်း၊ ရုပ်များမြင်နေခြင်း

    · အာရုံမစူးစိုက်နိုင်ခြင်း၊ အာရုံများရှုပ်ထွေးခြင်း

    · အစိုးရိမ်လွန်ခြင်း၊ ကြောက်လွန်းခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်း

    · စိတ်အတက် အကျမြန်ခြင်း

    · အပေါင်းအသင်းများ၊ အဖွဲ့ အစည်းများ မှသွေဖယ်လာခြင်း

    · နေ့စဉ်ကြုံတွေကနေရသည့်ပြသနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခြင်း

    · မိမိကြုံတွေကနေရသော အခြေအနေများနှင့် လူများကို နားလည်မှုမရှိခြင်း

    · မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း

    သင်စိတ်ရောဂါဖြစ်နေပြီ ဆိုလျှင် ဘယ်လိုဖြစ်လာမလဲ။

    သင်သည် သင့်ကိုယ်သင်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် ဆက်ဆံရေးပြောင်းလဲမှုများကို သတိထားမိလာနိုင်သည်။ အောက်ပါတို့ကို ခံစားလာရပါက စိုးရိမ်ဖွယ်ရှိပါသည်။

    · ဆေးလိပ်အရက်တို့ကို အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း

    · မိသားစုဝင်များ၊ အပေါင်းအသင်းမျာကို အော်ဟစ်ခြင်း၊ ရန်ဖြစ်ခြင်း

    · စိတ်အတက်အကျများခြင်းတို့ကြောင့် မိသားစုဝင်များကြားတွင် ပြသနာများဖြစ်လာခြင်း

    · အကြောင်းရင်းမရှိဘဲ ကိုက်ခဲနာကျင်ခြင်း

    · အအိပ် အစား မူမမှန်ခြင်း

    · လူများနှင့် မဆက်ဆံတော့ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်တော့ခြင်း

    · သင့်ကလေးကျောင်းပို့ခြင်း၊ အလုပ်သွားခြင်း စသည့် နေ့စဉ်အလုပ်များ မလုပ်တော့ခြင်း

    · အစားအသောက်ပုံစံပြောင်းလဲသွားခြင်း (ဥပမာ ယခင်ထက်ပိုစားလာခြင်း)

    · လိင်မှုကိစ္စဆိုင်ရာ စိတ်အခြေအနေများပြောင်းလဲလာခြင်း တို့ဖြစ်သည်။

    စိတ်ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ။

    စိတ်ရောဂါဖြစ်ပါက မိမိကိုယ်ကို ထိခိုက်အောင်လုပ်ခြင်း၊ သေကြောင်းကြံစည်ခြင်း တို့ဖြစ်လာခြင်း၊ အရက်နှင့် မူးယစ်ဆေးများသုံးစွဲခြင်း တို့ဖြစ်လာနိုင်ပြီး သင့်ဘဝကို အောက်ပါနည်းများဖြင့် ထိခိုက်လာနိုင်ပါသည်။

    · မပျော်ရွှင်တော့ခြင်း၊ မိမိဘဝကို မနှစ်မြို့ခြင်း

    · မိသားစုပြသနာများဖြစ်ခြင်း

    · အိမ်ထောင်ရေး အဆင်မပြေခြင်း

    · လူမှုပတ်ဝန်းကျင်မှ သီးခြားနေခြင်း

    · ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးများသုံးစွဲခြင်း

    · အလုပ်ပျက်ခြင်း၊ ကျောင်းပျက်ခြင်း၊ အလုပ်ခွင်၊ ကျောင်းတို့တွင် အဆင်မပြေဖြစ်ခြင်း

    · ငွေရေးကြေးရေးပြသနာများ၊ တရားရေးရာ ပြသနာများဖြစ်ခြင်း

    · ဆင်းရဲခြင်း၊ အိမ်မဲ့ရာမဲ့ဖြစ်ခြင်း

    · မိမိကိုယ်ကို နှင့် သူများကို သေကြောင်းကြံစည်ခြင်း

    · ကိုယ်ခံအားနည်းပြီးရောဂါများကူးစက်ခံရခြင်း

    · နှလုံးရောဂါနှင့် အခြားသော ကျန်းမာရေးပြသနာများဖြစ်ခြင်း တို့ဖြစ်ပါသည်။

    စိတ်ရောဂါခံစားနေရကြောင်းဘယ်လိုသိနိုင်မလဲ။

    စိတ်ရောဂါသည် အဖြစ်များသော် လည်း ဆရာဝန်များသည်ရောဂါကိုသိနိုင်ခဲပါသည်။

    စိတ်ရောဂါခံစားနေရသူများ၏ တဝက်အောက်ခန့်သာလျှင် ဆရာဝန်က စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုများပြုလုပ်ပြီးရောဂါကို ဖော်ထုတ်နိုင်ကြပါသည်။ ဆရာဝန်က

    · လူနာ၏ ခံစားမှုနှင့် ရောဂါလက္ခဏာများကို မေးမြန်းခြင်း

    · အခြားသောရောဂါများ ရှိမရှိသိရန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း

    · မိသားစုဝင်များ၊ အပေါင်းအသင်းများနှင့် တွေ့ဆုံမှုရှိမရှိမေးမြန်းခြင်း

    · သိုင်းရွိုက်ဟော်မုန်းစစ်ခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးများသောက်စားမှု ရှိ မရှိစစ်ဆေးခြင်း စသည့် စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။

    ထို့နောက် ဆရာဝန်က သင်လိုအပ်သော ဆေးများနှင့် စိတ်ကို ထိန်းချုပ်နိုင်ရန် အကြံများပေးခြင်း၊ စိတ်ရောဂါအထူးကုနှင့်သွားပြရန် အကြံပေးခြင်း တို့ပြုလုပ်ပါလိမ့်မည်။

    စိတ်ရောဂါကို ဘယ်လိုကုသမလဲ။

    စိတ်ရောဂါဖြစ်နေသူများသည် ကုသမှုခံယူရန် ဝန်လေးကြပါသည်။ စိတ်ရောဂါဖြစ်နေသူ၊ မူးယစ်ဆေးစွဲနေသူ ၅ ယောက်တွင် ၂ ယောက်သာလျှင် ကုသမှုခံယူကြသည်။ ဆေးကုသရခြင်း၏ရည်ရွယ်ချက်မှာ

    · ကျန်းမာရေး ကောင်းမွန်လာစေရန်

    · မိမိဘဝကို ထိန်းကျောင်းနေထိုင်နိုင်စေရန်နှင့်

    · ကိုယ်စွမ်းရှိသလောက် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။

    သို့သော် စိတ်ရောဂါကုသမှုတွင် ရောဂါ အပြီးပြတ်ကောင်းမွန်သွားမည်ဟု အာမ မခံပါ။ လူတဦးနှင့် တဦးရောဂါခံစားရပုံခြင်း မတူညီသောကြောင့် ကုသမှုပုံစံများမတူညီပါ။ ကုသမှုနည်းများ ကို တစ်ခု၊ နှစ်ခုစသည်ဖြင့် ရောပြီးကုသရသည့်လူနာများလည်းရှိပါသည်။

    အောက်ပါတို့သည် စိတ်ရောဂါ ကုသနည်းများဖြစ်ပါသည်။

    · စိတ်ရောဂါကုထုံး

    ထိုကုထုံးသည် သင့်ခံစားချက်များကို ဖော်ပြနိုင်ရန်နှင့် အကြံပေးဉာဏ်များရယူနိုင်ရန် ရောဂါကုသူနှင့် သီးသန့်စကားပြောခြင်းဖြစ်သည်။ ရောဂါကုသူသည် သင့်ခံစားမှုများနှင့် ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံနှင့် ပိုကောင်းသော အကြံဉာဏ်များ ပေးပါလိမ့်မည်။ ထိုကုထုံးအပြင် ဆေးပညာကုထုံးများပါ ပေါင်းစပ်ပါက ပိုပြီး အကျိုးရှိပါသည်။ ဥပမာ- အသိစိတ်နှင့် အမူအကျင့်ကိုပြောင်းလဲပေးသောကုထုံးများ၊ ကြောက်တတ်သော အရာကို ရင်းနှီးစေရန် ထိတွေ့ပေးသော ကုထုံးများ ၊ ယုတ္တိနည်းကျ အကျိုးအကြောင်းဆက်စပ်ပြသော ကုထုံးများ စသည်တို့ဖြင့် ကုသခြင်းဖြစ်သည်။

    · ဆေးများ

    ဆေးများသည် ဦးနှောက်ထဲတွင် ဓါတုဓါတ်များကိုေ ပြာင်းလဲပေးသော ကုထုံးများဖြစ်သည်။ selective serotonin reuptake inhibitors (SSRIs), serotonin-norepinephrine reuptake inhibitors (SNRIs) and tricyclic antidepressants စသည့်ဆေများသည် စိတ်ရောဂါကုထုံးများနှင့် တွဲသောက်သင့်သောဆေးများဖြစ်သည်။

    · ဆေးရုံတက်ခြင်း

    သင့်တွင် စိတ်ရောဂါကို ဆိုးရွားစွာခံစားနေရပါက ဆေးရုံတက်ပြီး အနီးကပ်ကုသမှုခံယူခြင်း လိုအပ်နိုင်ပါသည်။

    · ထောက်ပံ့ပေးသော အဖွဲ့အစည်းများ

    သင့်နည်းတူ စိတ်ရောဂါခံစားနေရသော လူများနှင့် တွေ့ဆုံခြင်း၊ အတွေ့အကြုံများဝေမျှခြင်း တို့ကိုပြုလုပ်နိုင်ပါသည်။

    · ဖြည့်စွက်စာများစားခြင်း နှင့် အခြားဆေးများနှင့် ကုသခြင်း

    ထိုကုသမှုသည် စံသတ်မှတ်ထားသော ကုထုံးများ၊ ဆေးများမဟုတ်ဘဲ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများဖြင့် ကုသခြင်း၊ အပ်စိုက်ကုခြင်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်း စသည်တို့ဖြစ်သည်။

    · မိမိကိုယ်ကို ဖေးမခြင်း

    သင့်လူနေမှုဘဝပုံစံများကို ပြောင်းလဲပစ်ခြင်းဖြင် စိတ်ရောဂါကို အနိုင်ယူနိုင်ပါသည်။ သင်သည် သင့်ကျန်းမာရေး၊ သင့်ကို စိတ်ထိခိုက်စေသောအရာများကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ရန် စီစဉ်ခြင်းတို့ပြုလုပ်နိုင်ပါသည်။

    စိတ်ရောဂါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။

    အောက်ဖော်ပြပါ အချက်များဖြင့် မိမိ၏ စိတ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။

    1. သင်သည် သင့် စိတ်ကျန်းမာရေးအတွက် ဓမ္မဓိဌာန်ကျကျ ထိန်းသိမ်းသင့်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေမည့်နည်းလမ်းများကို ရွေးချယ်သင့်သည်။

    2. မိသားစု၊ သူငယ်ချင်းနှင့် ဆေးပညာအဖွဲ့အစည်းများနှင့် လုံခြုံသော လူမှုပတ်ဝန်းကျင်တခု ဖန်တီးပါ။

    3. နေ့စဉ်လုပ်ငန်းများ၊ လုပ်အားပေးအဖွဲ့များတွင်ပါဝင်ပါ။ မိသားစုကိုစောင့်ရှောက်ပါ။ ငွေကြေး အခက်အခဲများကင်းအောင် အလုပ်ကြိုးစားပါ။

    4. ထောက်ပံ့ပေးသော အဖွဲ့အစည်များ၊ အင်တာနက်ကွန်များ မှတဆင့် အုပ်စုများတွင် ပါဝင်လုပ်ဆောင်ပါ။

    အထက်ဖော်ပြပါ အချက်များကို ဆောင်ရွက်နိုင်ရန် အောက်ပါတို့ကို ပြုလုပ်ရမည်။

    · ကျွမ်းကျင်သူများထံမှအကူအညီရယူခြင်း

    · အခြားသူများနှင့် ချိတ်ဆက်ခြင်း

    · အကောင်းမြင်စိတ်မွေးခြင်း

    · တက်ကြွစွာနေထိုင်ခြင်း

    · အခြားသူများကို ကူညီခြင်း

    · အိပ်ရေး၀၀အိပ်ခြင်း

    · အရည်အသွေးများတိုးတက်အောင်ကြိုးစားခြင်း တို့ဖြင့် သင့်စိတ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။

    သင့်တွင် စိတ်ကျန်းမာရေး မကောင်းမွန်ကြောင်းသိသောအခါ သင့်ဘဝသည် မျှော်လင့်ချက်မဲ့ပြီး တန်ဖိုးမရှိသလို ခံစားရတတ်ပါသည်။ သို့သော် ထိုသို့သော ဘဝလောကဓံများသည် သင့်ကို ပို ကြံ့ခိုင်လာစေနိုင်ပါသည်။

    ပထမဦးစွာ သင့်အခြေအနေကို သင်နားလည်လက်ခံပြီး ဆေးကုသမှုများကို ခံယူရမည်ဖြစ်သည်။ သင့်ရောဂါသည် ချက်ချင်းမပျောက်ကင်းသွားနိုင်သော်လည်း မှန်မှန် ကုသမှုခံယူခြင်းဖြင့် ကောင်းမွန်သောရလဒ်ကောင်းများ နှင့် တိုးတက်မှုများကို တဖြေးဖြေးခံစားရမည်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement