(၁) သင့်ကိုယ်သင် တန်ဖိုးချမပစ်လိုက်ပါနဲ့။
စိတ်တွင်းပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းတခုက သင့်အနေနဲ့ ကိုယ့်တန်ဖိုး ကိုယ်ချလိုက်လို့ပါပဲ။ မသိစိတ်ထဲက သင့်အတွက်အကောင်းဆုံးလို့ ဆုံးဖြတ်သတ်မှတ်ပေးထားတာနဲ့ဆန့်ကျင်ပြီး လုပ်လိုက်မယ်ဆိုရင် သင့်စိတ်နဲ့ ခန္ဓါ စ,ပြီး တိုက်ပွဲ ဖြစ်ပါပြီ။ ဒီတော့ မှတ်ထားရမယ့်အချက်က သင်ယုံကြည်ရာ၊မှန်တယ်ထင်ရာကို ရဲရဲကြီးလုပ်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒီတခါတော့ ကိုယ့်မသိစိတ်ရဲ့ လမ်းညွှန်မှုကို ဆန့်ကျင်ပြီး လုပ်လိုက်မိတယ်လို့ ထင်တယ်ဆိုရင် နောက်တခါ ဒါမျိုးမဖြစ်ပါစေနဲ့။ စိတ်တွင်းပဋိပက္ခဆိုတဲ့ အခြေအနေဟာ သင့်အနေနဲ့ နေ့တိုင်းလိုလို မိမိတန်ဖိုးကို ကိုယ်တိုင် ရိုက်ချိုးဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ပေါ်ပါတယ်။ အမှားသေးသေးကွေးကွေး ကျူးလွန်လိုက်မိတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။
(၂) လုပ်သင့်တာကို လုပ်ပါ။
စိတ်တွင်းပဋိပက္ခကို ဖြစ်စေတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းခံတခုက သင့်အနေနဲ့ လုပ်ကိုလုပ်ရမယ့်၊လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာကိစ္စတွေကနေ ထွက်ပြေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သင်ယုံကြည်တန်ဖိုးထားတာတွေ၊ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက် သင့်အနေနဲ့ အမြဲတမ်းကြိုးစားလုပ်ကိုင်နေရပါမယ်။ ဒီလိုတွေလုပ်ဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မလုပ်နိုင်တာ၊ချက်ချင်းထလုပ်လိုက်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်နေတာတွေဟာ ဆိုးရွားပြင်းထန်လှတဲ့ စိတ်တွင်းပဋိပက္ခဆီကို ဦးတည်စေပါတယ်။
(၃) သင့်စိတ်ထဲ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ချရေးပါ။
သင့်ဦးနှောက်ထဲမှာ မရှိစေချင်တဲ့၊မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို အန်ထုတ်ဖို့ အကောင်းဆုံးနည်းကတော့ ချရေးတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ချရေးနေစဉ်ကာလမှာ သင့်အနေနဲ့ စိတ်ခံစားချက်တွေကို စာရွက်ပေါ် အန်ချ၊ထွေးချလိုက်ရသလို ခံစားရမှာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ စိတ်သက်သာရာ ရသွားမှာ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လာမှာ ဖြစ်တဲ့အတွက် စိတ်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖြေရှင်းဖို့ ဘယ်လိုမျိုးနည်းလမ်းတွေ အသုံးပြုသင့်တယ်ဆိုတာကို ပါ သဘောပေါက်သွားမှာ ဖြစ်ပါတယ်။
(၄) အမြဲကြိုတင်ပြင်ဆင်ပါ။
သင့်အနေနဲ့ အသက်တဖြည်းဖြည်း ကြီးလာတဲ့အခါ ဒါမှမဟုတ် ဘဝရဲ့ အရေးပါတဲ့ အချိုးအကွေ့တွေတိုင်းမှာ (ဥပမာ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်တာ၊ဘွဲ့ရပြီးလို့ အလုပ်ဝင်တာ) သင့်ကိုယ်သင် ဘေးနားက အပေါင်းအသင်းတွေနဲ့ ချိန်ထိုး နှိုင်းယှဉ်မိမှာပဲ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးတွေမှာ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုရင် မထောင်းသာပေမယ့် မပြင်မဆင်နဲ့ ဆိုရင်တော့ သင့်အနေနဲ့ ဘဝရဲ့ အချိုးအကွေ့တွေ ရောက်တိုင်းမှာ စိတ်တွင်းပဋိပက္ခဖြစ်တာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။