backup og meta

ရပ်၊ ဒီမှာတင်ရပ်

ရပ်၊ ဒီမှာတင်ရပ်

လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး’ ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။

၁။ သင့်ကို ထိန်းချုပ်လွန်းတယ်

ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ မဟုတ်သေးပါဘူး။ သဝန်တိုတာဟာ ချစ်ခြင်းရဲ့ သင်္ကေတ တခုဖြစ်ပေမယ့် လိုတာထက် ပိုလာရင် အန္တရာယ်ရှိပါတယ်။ ဒါဟာ သင့်ကို ထိန်းချုပ်လွန်းခြင်း၊လွတ်လပ်ခွင့်ကို ထိပါးခြင်းပါပဲ။ ဒါဟာ ရေရှည်မှာ မကောင်းပါဘူး။ ရည်းစားဟောင်းနဲ့ နှစ်ယောက်တည်း ချိန်းတွေ့လို့ ဒေါသထွက်တယ်ဆိုရင်တော့ သဘာဝကျပါတယ်။ ဒါဟာ ထိန်းချုပ်လွန်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သာမန်ကိစ္စလေးတွေကိုပါ ဟိုဟာလုပ်၊ဒီဟာမလုပ်နဲ့ စသဖြင့် ထိန်းချုပ်လွန်းရင် ဒီဆက်ဆံရေးဟာ ကောင်းကျိုးထက် ဆိုးပြစ်တွေပဲ များလာပါလိမ့်မယ်။ ချစ်သူရည်းစား၊အိမ်ထောင်ဖက်တွေဆိုတာဟာ တဦးနဲ့တဦး နားလည်မှုရှိရမှာပါ။ ချုပ်ကိုင်ရမှာ မဟုတ်ပါဘူး။

၂။ သင့်ရဲ့ လေ့လာသင်ယူ တိုးတက်မှုတွေကို အသိအမှတ်ပြု အားမပေးဘူး

အသက်၂၀ပဲဖြစ်ဖြစ် အသက်၉၀ပဲဖြစ်ဖြစ် လူဆိုတာဟာ အမြဲတမ်း တိုးတက်အောင် လေ့လာသင်ယူနေရမှာပါ (သွားတွေမရှိတော့တဲ့အခါ သွားဖုံးနဲ့ ဘယ်လိုကြိတ်ဝါးမလဲ သင်ယူရတာ အပါအဝင်ပေါ့)။ ယေဘုယျအားဖြင့် ကောင်းမွန်ပျော်ရွှင်တဲ့ ပေါင်းသင်းဆက်ဆံရေးတခုဟာဆိုရင် ကိုယ့်ချစ်သူ၊အိမ်ထောင်ဖက် တစုံတရာ တိုးတက်ကောင်းမွန်လာပြီ၊အသစ်အဆန်းတခုခု တတ်မြောက်လာပြီဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ အားပေးကြိုဆိုရပါမယ်။ ဒီလိုမဟုတ်ဘဲ သင်တဆင့်မြင့်သွားမှာ၊တိုးတက်သွားမှာ တနည်းပြောရရင် သူ့ထက်ပိုသာသွားမှာကို တွေးကြောက်ပြီး အပျက်စကားတွေပဲ ပြောနေတယ်ဆိုရင်တော့ ဒီလူနဲ့ သင်ရှိမနေသင့်တော့ပါဘူး။ စဉ်းစားချိန် တန်ပါပြီ။

၃။ သင့်ကို မလေးစားဘူး

ဒါဟာ အထူးတလည် ရှင်းပြနေစရာတောင် မလိုပါဘူး။ ရှင်းနေပါပြီ။ လူတဦးနဲ့ တဦးဆက်ဆံရေးမှာ လေးစားသမှုရှိခြင်းဟာ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သင့်ရဲ့ အသည်းတခြမ်းကိုယ်တိုင်က သင့်ကို လေးစားတန်ဖိုးထားခြင်း မရှိတဲ့အခါ သင့်အနေနဲ့ စိတ်ဆိုးဒေါသထွက်ခြင်း၊ဝမ်းနည်းသိမ်ငယ်ခြင်း၊စိတ်ဖိစီးခြင်း၊မိမိကိုယ်ကို တန်ဖိုးထားမှုကျဆင်းခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ဒါ့အပြင် သင့်ကို ပြစ်တင်စွပ်စွဲမယ့်စကားတွေ၊နှိမ့်ချမယ့် စကားတွေကို ပြန်လည်ချေပဖို့ အမြဲမောင်းတင်ထားရတဲ့အတွက် စိတ်နဲ့ခန္ဓါကို ပင်ပန်းစေပါတယ်။ ဒါကြောင့် ဒီအချက်ကလည်း မဟန်ပါဘူး။

၄။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင်ဖွင့်ဖို့ အဆင်မပြေဘူး

သင်ဟာ စကားသွက်တဲ့သူပဲဖြစ်ဖြစ်၊ခပ်အေးအေး စကားနည်းနည်း နေတတ်သူပဲဖြစ်ဖြစ် အရေးကြီးတဲ့ အကြောင်းအရာတခု ရှိလာရင် ချစ်ရသူနဲ့ ရင်ဖွင့်ဆွေးနွေးချင်မှာပါ။ ဒီလို တိုင်ပင်ရင်ဖွင့်တဲ့အခါ လှောင်ပြောင်ပျက်ရယ်ပြုခြင်း၊ဝေဖန်ပြစ်တင်ခြင်း အလျဉ်းမရှိဘဲ နှစ်သိမ့်အားပေးမယ်၊လိုအပ်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးမယ်ဆိုရင် ဒါဟာ အင်မတန်မှကို နှစ်ဦးနှစ်ဖက် အကျိုးရှိပျော်ရွှင်ရတဲ့ အချစ်ရေးတခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ သင်ရင်ဖွင့်လိုက်လို့ သင့်ချစ်သူ/အိမ်ထောင်ဖက်က အဆိုးမြင်ဖက်က တုံ့ပြန်မှုတွေ လုပ်လာမယ်၊သင့်ကို ဝေဖန်ပြစ်တင်မယ်ဆိုရင် သင့်အတွက် မြိုသိပ်ရတာတွေ ပိုမိုများပြားလာမှာပါ။ ဒါဟာ တော်တော်လေး ဆိုးကျိုးများတဲ့ အနေအထားတခု ဖြစ်ပါတယ်။

၅။ သင့်ချစ်သူ/အိမ်ထောင်ဖက်က သင့်ကို အနိုင်ကျင့်တယ်

ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း နှစ်မျိုးလုံး ပါဝင်ပါတယ်။ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမျိုးကတော့ အဆိုးဆုံးပေါ့။ ငယ်ငယ်က ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးကို အရွယ်ရောက်မှ တခါထပ်ခံစားရပြန်ပြီဆိုရင်တော့ ဒီအချစ်ရေး/အိမ်ထောင်ရေးဟာ သင့်အတွက် ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်တော့ပါဘူး။

၆။ သင့်မိဘနဲ့ အဆင်မပြေတဲ့ ချစ်သူ

ဒါဟာ ကြုံရတတ်တဲ့ အခြေအနေလေးတခုပါ။ အိမ်ထောင်ပြုကြတဲ့အခါ နှစ်ဦးတည်း အဆင်ပြေရုံနဲ့ မရတော့ဘဲ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ပါ အဆင်ပြေဖို့ လိုအပ်လာပါပြီ။ မိဘနဲ့ အဆင်မပြေတဲ့ ချစ်သူကို လက်ထပ်တဲ့အခါ နောက်ပိုင်းရင်ဆိုင်လာရမယ့် စိတ်ညစ်ညူးထိခိုက်စရာတွေ အများကြီးရှိလာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သံခင်းတမန်ခင်းတွေ သုံးပြီး နှစ်ဖက်ပြေလည်အောင် တတ်နိုင်သမျှ ပညာကုန်သုံးပြီး ညှိနှိုင်းဖို့ လိုအပ်သလို ဘယ်လိုမှ ညှိနှိုင်းလို့ အဆင်မပြေတော့ဘူးဆိုရင်တော့ တဖက်ဖက်ကို လွှတ်ချဖို့ လိုအပ်လာပါပြီ။

ဒါတွေကတော့ Relationship တခု တည်ဆောက်ပြီဟေ့ဆိုရင် ကြုံလာရတတ်တဲ့ ပြဿနာလေးတွေ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် အရေးမကြီးဘူးထင်ရပေမယ့် အချိန်ကြာလာလို့ အားလုံးပေါင်းစုသွားရင် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်ရှိအချစ်ရေးမှာ အထက်ပါ အချက်လေးတွေ ရှိနေပြီလား၊ရှိနေပြီဆိုရင်လည်း ဘယ်လိုပြင်ဆင်သုံးသပ်မလဲဆိုတာကို စဉ်းစားနိုင်စေဖို့အတွက် မျှဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/04/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။

အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement