backup og meta

စိုးရိမ်ပူပန်ခြင်းအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်ခြင်းအကြောင်း

    စိုးရိမ်ပူပန်ခြင်းဆိုတာ အန္တရာယ်ကြုံလာချိန်မှာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွှံချိန်၊ ဖိအားများချိန်၊ စိတ်ဖိစိးမှုကြုံရချိန်တွေမှာ သတိပေးတဲ့ အချက်ပေးခေါင်းလောင်းပဲ ဖြစ်ပါတယ်။

    စိတ်ပူပန်မှုအမျိုးအစားများ

    – အထွေထွေပူပန်ခြင်း။ အမြဲတမ်းလိုလို ပူပန်နေတတ်ပါတယ်။ အကြောင်းအရာ ပေါင်းစုံအတွက် ပူပန်နေတတ်ပြီး ခြောက်လနဲ့ အထက် ကြာတတ်ပါတယ်။

    – လူမှုနယ်ပယ်ကိုစိုးရွံ့ခြင်း။ မိမိကိုယ် သူတပါးက ဝေဖန်မှာ၊ အရှက်ကွဲစေမှာ စသဖြင့် ကြောက်ရွှံနေတတ်ပါတယ်။ နေ့စဉ်ကြုံနေကြ လူအများအလယ်မှာ စကားပြောရမှာ၊ အစားအသောက်စားရမှာ စတာတွေကိုပါ ကြောက်ရွှံ့နေတတ်ပါတယ်။

    – သီးသန့်ကြောက်ရွှံ့မှု။ အရာဝတ္တုတခုခု၊ အခြေအနေတခုခုကို ကြောက်ရွှံ့ပြီး ရှောင်ရှား နေတတ်ပါတယ်။ ဥပမာ ဆေးထိုးခံရမှာ၊ လေယာဉ်စီးရမှာ ကြောက်ရွံ့နေတတ်ပါတယ်။ တခြား စိုးရိမ်ကြောက်ရွံ့အမျိုးအစားတွေ အများကြီး ရှိပါတယ်။

    – စိတ်စွဲလွန်ခြင်းပြသနာ။ မလိုလားအပ်တဲ့ အတွေးတွေ၊ ကြောက်ရွံ့မှုတွေကို မထိန်းချုပ်နိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ ရောဂါပိုးကို ကြောက်တဲ့စိတ်ကြောင့် လိုတာထက်ပိုပြီး လက်ကိုဆေးနေတာ၊ အဝတ်လျှော်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    – ထိခိုက်မှုကြုံပြီးနောက် စိတ်တွင် စွဲထင် ကျန်ခဲ့ခြင်း။ စိတ်ထိခိုက်စရာ ဖြစ်ရပ် (ဥပမာ စစ်ပွဲ၊ အတိုက်ခိုက်ခံရခြင်း၊ မတော်တဆဖြစ်ရပ်) စတာတွေ ကြုံပြီးချိန်မှာ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ အေးဆေးသက်သာစွာ မနေနိုင်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ ဖြစ်ရပ်ကို ပြန်သတိရနေခြင်း၊ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းကို ရှောင်ရှားလိုနေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    – ထိတ်လန့်ကြောက်ရွံ့ခြင်း။ ဆိုးရွားပြင်းထန်ပြီး မထိန်းချုပ်နိုင်တဲ့ ခံစားမှုဖြစ်ပေါ်ပြီး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ပါ ဆက်စပ်နေတတ်ပါတယ်။

    လက္ခဏာများ

    ပုံစံအမျိုးမျိုးရှိပေမယ့် စိုးရိမ်ပူပန်တဲ့ ပြသနာတွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာရှိပါတယ်။ အဲဒါကတော့ စိုးရိမ်ထိတ်လန့်ခြင်းကို လူအများစု မခံစားရတဲ့ အချိန်မှာ ကိုယ်ကခံစားနေရခြင်းပဲ ဖြစ်ပါတယ်။

    စိုးရိမ်ပူပန်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

    မယ်မယ်ရရ မရှိဘဲ ကြောက်ရွံ့နေတတတ်တာ အပြင် တခြားတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့

    – အလွန်ထိတ်လန့်ကြောက်ရွံ့တတ်ခြင်း

    – အာရုံစိုက်ရခက်ခြင်း

    – သက်တောင့်သက်သာမရှိခြင်း

    – အဆိုးဆုံးကိုသာ မျှော်မှန်းတတ်ခြင်း

    – စိတ်ကသိကအောင့်ဖြစ်ခြင်း

    – ဂနာမငြိမ်ဖြစ်ခြင်း

    – အန္တရာယ်ရှိသော လက္ခဏာများကို စောင့်ကြည့်နေတတ်ခြင်း

    – ခံစားချက်မဲ့နေတတ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    စိတ်ပူပန်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

    အောက်ပါလက္ခဏာတွေ တွေ့ရများတတ်ပါတယ်။

    – နှလုံးခုန်မြန်ခြင်း

    – ချွေးပြန်ခြင်း

    – အစာအိမ်နာခြင်း၊ မူးဝေခြင်း

    – မကြာခဏဆီးသွားခြင်း၊ ဝမ်းလျှောခြင်း

    – အသက်ရှူခက်ခြင်း

    – ခြေတုန်လက်တုန်ခြင်း၊ အကြောဆွဲသလို ဖြစ်ခြင်း

    – ကြွက်သားများတောင့်တင်းခြင်း

    – ခေါင်းကိုက်ခြင်း

    – မောပန်းနွမ်းနယ်ခြင်း

    – အိပ်မပျော်ခြင်း စတာတွေ တွေ့ရများပါတယ်။

    အကြောင်းအရင်းများ

    ဒီပြသနာကို ဖြစ်စေတဲ့ အကြောင်းအရာ တခုထက်မက ရှိတတ်ပါတယ်။

    ဝန်းကျင်အကြောင်းခြင်းရာများကြောင့် ဖြစ်သော စိတ်ပူပန်မှု

    အောက်ပါအခြေအနေတွေပါဝင်ပါတယ်။

    – အနိုင်ကျင့်ခံရခြင်း၊ ဖြစ်ရပ်ဆိုး တခုခုတွင် သားကောင်ဖြစ်ရခြင်း၊ မိမိချစ်ခင်သူ သေဆုံးခြင်း

    – တဦးနှင့်တဦး ဆက်ဆံရေး အဆင်မပြေခြင်း၊ အိမ်ထောင်ဖက်၊ မိတ်ဆွေ ုသို့ အိမ်ထောင် ကွာရှင်းမှုကြောင့် စိတ်ဖိစီးမှု ဖြစ်ခြင်း

    – လုပ်ငန်းခွင်တွင် စိတ်ဖိစိးခြင်း

    – ကျောင်းတွင်စိတ်ဖိစီးခြင်း

    – ငွေရေးကြေးရေးပြသနာကြောင့် စိတ်ဖိစီးခြင်း

    – သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ဖိစီးခြင်း

    – အမြင့်ပိုင်းများတွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်ပူပန်ခြင်း

    စိုးရိမ်ပူပန်ခြင်းဟာ သွေးအားနည်းခြင်း၊ ရင်ကျပ်ပန်းနာ၊ ရောဂါပိုးဝင်ခြင်း၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ တချို့အကြောင်းအရာတွေကတော့

    – ဆိုးဆိုးရွားရွား နေမကောင်းတာကြောင့် စိတ်ဖိစီးခြင်း

    – အချို့ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

    – ရောဂါများ၏ လက္ခဏာများ

    – အဆုတ်အတွင်း ပြင်ပလေဝင်ခြင်း၊ အဆုတ်တွင်း သွေးခဲခြင်း စတာတွေကြောင့် အောက်ဆီဂျင်ပြတ်လပ်ခြင်း စတဲ့ပြသနာတွေ ဖြစ်ပါတယ်။

    မူးယစ်ဆေးသုံးခြင်းကြောင့်ဖြစ်သော စိုးရိမ်ပူပန်ခြင်း

    – ကိုကိန်း၊ အင်ဖက်တမင်းစသော တားမြစ်ဆေးဝါးများမှ အာနိသင် သက်ရောက်ခြင်း

    – ဘိန်းဖြူနှင့် တားမြစ်ဆေးများ၊ Vicodin, benzodiazepines နှင့် barbiturates စသော ဆေးများကို သုံးစွဲမှုရပ်တန့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    မျိုးရိုးဗီဇကြောင့် ဖြစ်တတ်သော စိုးရိမ်ပူပန်ခြင်း

    မိသားစုရာဇဝင်ရှိခြင်းဟာ စိတ်ပူပန်ခြင်းကို ဖြစ်နိုင်စေများစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

    ဦးနှောက်ဓါတ်ဖွဲ့စည်းပုံကြောင့် ဖြစ်တတ်သော စိုးရိမ်ပူပန်ခြင်း

    ဦးနှောက်ဓါတုလျှပ်ကူးပစ္စည်းတွေ ပုံမှန်ပမာဏ မရှိသူများဟာ စိတ်ပူပန်မှု ပိုပြီး ဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေက ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement