backup og meta

Ice လို့ခေါ်ကြတဲ့ Crystal meth

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Ice လို့ခေါ်ကြတဲ့ Crystal meth

    Ice ဆိုတိုင်း ရေခဲမဟုတ်ပါ။ methamphetamine အခဲပုံစံကို ice လို့ ခေါ်ကြတာဖြစ်ပါတယ်။Crystal meth ၊ shabu၊ crystal ၊ glass ၊shard စတဲ့ အခေါ်အဝေါ်အမျိုးမျိုးရှိပါတယ်။ Crystal meth က ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတဲ့ စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှုတာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင်မူးယစ်ဆေးပါ။

    ကြည်လင်တဲ့ ပုံဆောင်ခဲ အချောင်းလေးတွေ ပုံစံဖြစ်လို့ ice သို့မဟုတ် glass လို့ခေါ်တတ်ကြတဲ့ Crystal meth ဟာ အနံ့မရှိ၊ ပြာလဲ့လဲ့ သို့မဟုတ် အရောင်မရှိတတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေမှာသုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။ ဒါကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို ခံစားရတယ် ဒါမှမဟုတ် ရောက်ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ဘယ်လိုသုံးကြလဲ

    Crystal meth ကို အများအားဖြင့် ရှူရှိုက်ခြင်း၊ အပ်နဲ့ ထိုးသွင်းခြင်းနည်းနဲ့ သုံးကြပြီး ၃ စက္ကန့်ကနေ ၇ စက္ကန့်အတွင်း သာယာခံစားမှု ရနိုင်တယ်လို့ ဆိုပါတယ်။ တချို့က မျိုချကြပြီး(၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ အတွင်း ခံစားမှုရနိုင်)တချို့က ရှိုက်ရှူကြပါတယ်(၃မိနစ်ကနေ ၅ မိနစ်အတွင်း ခံစားမှုရနိုင်)။ ဒီနည်းတွေအပြင် Crystal meth ကို စအို သို့မဟုတ် ဆီးလမ်းကြောင်းထဲကို ထည့်သွင်းတတ်ကြပါသေးတယ်။

    ဆေးသုံးနေသူ တစ်ယောက်မှာ ဘယ်လိုလက္ခဏာတွေရှိတတ်လဲ

    ကိုယ့်မိသားစု သို့မဟုတ် ချစ်ခင်ရတဲ့လူတစ်ယောက်မှာ အပြောင်းအလဲတွေဖြစ်လာတာ သတိထားမိရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။ Meth သုံးနေသူ သို့မဟုတ် စွဲနေသူတစ်ယောက်မှာ –

    • ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင် သို့မဟုတ် ဖြီးလိမ်းပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ခြင်း
    • အမြဲလိုလို ဆံပင်တွေနုတ်နေခြင်း၊ အရေပြားကိုဆိတ်ဆွနေခြင်း
    • အစာစားချင်စိတ် မရှိ၊ ကိုယ်အလေးချိန် ကျလာခြင်း
    • မျက်စိသူငယ်အိမ် ကျယ်လာပြီး မျက်လုံးအကြည့် ဂနာမငြိမ်ခြင်း
    • အိပ်စက်မှုပုံစံ ပုံမှန်နဲ့မတူခြင်း- ရက်အတော်ကြာ သို့မဟုတ် ရက်သီတင်းပတ်နဲ့ချီပြီး မအိပ်ခြင်း
    • လမ်းလျှောက်ပုံ ဆတ်တောက်ဆတ်တောက်ဖြစ်ခြင်း၊ လှုပ်ရှားမှု အပြောင်းအလဲ မြန်ခြင်း၊ မျက်နှာမှာ ဆတ်ခနဲ အကြောဆွဲတတ်ခြင်း၊ တက်ကြွလွန်အပြုအမူများ၊ စကားအဆက်မပြတ် ပြောလွန်းခြင်း
    • မကြာခဏ ငွေချေးလာခြင်း၊ ပိုင်ဆိုင်မှုများ ရောင်းချလာခြင်း၊ အိမ်က ပစ္စည်းခိုးယူခြင်း
    • ပေါက်ကွဲဒေါသထွက်လွယ်ခြင်း၊စိတ်အပြောင်းအလဲ မြန်ခြင်း
    • ယုံမှားသံသယလွန်ကဲမှု နဲ့ ထင်ယောင်ထင်မှား ဖြစ်ခြင်းတို့လို စိတ်ဝေဒနာ အမူအရာများ ရှိလာခြင်း တို့ထဲက အချက်အတော်များများ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။

    ဘယ်လိုသက်ရောက်မှုရှိသလဲ

    Meth/Ice ရဲ့အာနိသင်က ၆ နာရီဝန်းကျင်အထိ ရှိနိုင်ပေမယ့် ဆေးသုံးပြီး ရက်အနည်းငယ်ကြာတဲ့အထိ အိပ်မပျော်နိုင် ဖြစ်နေတတ်ပါတယ်။ Ice ရဲ့အာနိသင်က တစ်ယောက်နဲ့တစ်ယောက်မှာ မတူတတ်ကြပါဘူး။

    • Meth က သုံးစွဲသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတာကြောင့် အပူချိန်မြင့်လွန်းတဲ့အခါ သတိလစ်စေနိုင်သလို သေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။
    • ဆေးသုံးသူတစ်ယောက်ဟာ စိတ်ပူပန်လာ၊ စိတ်ရှုပ်ထွေးလာပြီး အိပ်မပျော်၊ စိတ်အပြောင်းအလဲမြန်၊နောက်ဆုံးမှာ ကြမ်းတမ်းလာနိုင်ပါတယ်။
    • သွင်ပြင်လက္ခဏာတွေက သိသိသာသာ ပြောင်းလဲလာနိုင်ပါတယ်။ ဆေးသုံးသူက မြန်မြန်ဆန်ဆန် ရင့်ရော်လာပြီး အသားအရေ မွဲခြောက်လာနိုင်ပါတယ်။ ကုရခက်၊ပျောက်ဖို့ခက်တဲ့အနာတွေ၊ ဝက်ခြံတွေ ဖြစ်လာပါမယ်။ အာခေါင်ခြောက်ခြင်း၊ သွားအရောင်ညစ်ခြင်း၊သွားတွေ ကျိုးပဲ့ပျက်စီးခြင်းတွေဖြစ်လာနိုင်ပါတယ်။
    • ဆေးသုံးသူက မရှိတာတွေကို ကြားနေ၊မြင်နေတာမျိုး၊ သံသယလွန်ကဲနေတာမျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို ထိခိုက်အနာတရ ဖြစ်စေတာမျိုး လုပ်လာနိုင်ပါတယ်။ အရေပြားအောက်မှာ အင်းဆက်တွေ တရွရွနဲ့တက်လာသလို ခံစားရနိုင်ပါတယ်။
    • HIV/AIDSရောဂါ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ဒီမူးယစ်ဆေးက ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပြီး အရှက်အကြောက်ကို နည်းစေနိုင်ပါတယ်။Meth ကိုစွဲနေသူ တစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလိုမျိုး ရောဂါကူးစက်မှုအန္တရာယ် များတဲ့အပြုအမူတွေကို လုပ်မိနိုင်ပါတယ်။

    Ice ကို အပ်နဲ့ထိုးသွင်းခြင်း၊ အပ်တစ်ချောင်းကို တခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းက အသည်းရောင်ရောဂါ ဘီ၊အသည်းရောင်ရောဂါ စီ နဲ့HIV/AIDSရောဂါတွေကူးစက်ရရှိနိုင်ခြေ ပိုများနိုင်ပါတယ်။ Ice ကို နှာခေါင်းကရှိုက်ရှူခြင်းက နှာခေါင်းလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ကြာရှည်သုံးစွဲမှုရဲ့အကျိုးဆက်များ

    Ice ကို သုံးစွဲတာကြာလာရင် ဖြစ်လာမယ့် အကျိုးဆက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်နိုင်ပါတယ် –

    • အစာစားချင်စိတ် မရှိတာကြောင့် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း
    • အိပ်ပျော်နေစဉ် ဂနာမငြိမ်ခြင်း
    • အာခေါင်ခြောက်ခြင်း နဲ့ သွားပြဿနာများ
    • အအေးမိခြင်း သို့မဟုတ် တုပ်ကွေး ပုံမှန်ဖြစ်ခြင်း
    • အာရုံစိုက်မရခြင်း
    • အသက်ရှူကျပ်ခြင်း
    • ကြွက်သားများ တောင့်တင်းခြင်း
    • စိတ်ပူပန်ခြင်း၊ သံသယလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်း
    • စိတ်ဓါတ်ကျခြင်း
    • နှလုံးနဲ့ကျောက်ကပ်ပြဿနာများ
    • လေဖြတ်နိုင်ခြေ ပိုများခြင်း
    • Ice ကိုတောင့်တလွန်းခြင်း၊ ပိုသုံးချင်လာခြင်း
    • ငွေရေးကြေးရေး၊ အလုပ်ခွင် သို့မဟုတ် လူမှုရေး ပြဿနာများ ရှိလာခြင်း

    ဆေးလွန်ခြင်း

    ပမာဏ အများကြီးကို ဒါမှမဟုတ် အပြင်းစားတွေ သုံးလိုက်မိပြီဆိုရင် ဆေးလွန်(overdoseဖြစ်)နိုင်ပါတယ်။ သုံးစွဲသူမှာ အောက်ပါ လက္ခဏာတွေ ဖြစ်လာတာတွေ့ရရင် အရေးပေါ် ဆေးရုံတင်ပါ။

    • နှလုံးခုန်အရမ်းမြန်ပြီး ရင်ဘတ်အောင့်လာခြင်း
    • အသက်ရှူရခက်လာခြင်း
    • တက်ခြင်း သို့မဟုတ် ထိန်းမရအောင် အကြောဆွဲခြင်း
    • အလွန်အကျွံ စိတ်လှုပ်ရှားမှု၊ အာရုံထွေပြားမှု၊ ဖရိုဖရဲဖြစ်ခြင်း
    • ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ခြင်း
    • သတိလစ်ခြင်း
    • လေဖြတ်ခြင်း၊ heart attack ရခြင်း၊ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

    ဆေးဖြတ်ခြင်း

    အချိန်အတော်ကြာ Iceကို သုံးထားပြီးမှ ဆေးဖြတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ice မပါဘဲ ကျင့်သားရအောင် လည်ပတ်ရတာဖြစ်လို့ အတော်ကို ခက်ခဲပါတယ်။ ဆေးဖြတ်တဲ့အချိန် ဖြစ်တဲ့လက္ခဏာတွေက တစ်ပတ်ကျော်ရင် လျော့ပါးသက်သာလေ့ရှိပြီး အများစုက တစ်လကြာပြီးနောက် ပျောက်ကင်းသွားလေ့ရှိပါတယ်။ဆေးဖြတ်နေတဲ့အချိန်မှာ –

    • iceကို အငမ်းမရတောင့်တနေမယ်
    • အစာစားချင်စိတ် ပိုများလာမယ်
    • အာရုံထွေပြားခြင်းနဲ့ ရန်လို စိတ်ဆတ်တာတွေဖြစ်လာမယ်
    • နာကျင်ကိုက်ခဲမှုတွေ ရှိလာမယ်
    • အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်လာမယ်
    • ညဘက်အိပ်ရင် ခြေလက်ဂနာမငြိမ်ဖြစ်မယ်၊ အိပ်မက်ဆိုးတွေ ဖြစ်လာမယ်
    • စိတ်ကျဝေဒနာ၊ သံသယလွန်တာတွေ၊ စိုးရိမ်ပူပန်နေတာတွေ ဖြစ်လာတတ်ပါတယ်။

    ဆေးဖြတ်ခြင်းက အများအားဖြင့် ရက်ပိုင်းကနေ ရက်သီတင်းပတ် အနည်းငယ်အထိ ကြာမြင့်မှာဖြစ်ပေမယ့် iceကို ငတ်မွတ်တောင့်တခြင်းလိုမျိုး လက္ခဏာတချို့က အတော်ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးအမျိုးအစား၊ သုံးစွဲလာခဲ့တဲ့အချိန်ကာလ၊ တခြားမူးယစ်ဆေးတွေကိုပါ သုံးနေသလား၊ သုံးစွဲသူရဲ့ အထွေထွေကျန်းမာရေးနဲ့ ဆေးဖြတ်တဲ့နေရာတို့ကို မူတည်ပြီး ဆေးဖြတ်ချိန်ကာလက ကွာခြားမှုရှိပါတယ်။

    မူးယစ်ဆေးဖြတ်တဲ့ကိစ္စမှာ ပြန်လည်ထူထောင်ရေးပရိုဂရမ်တွေက အကူအညီပေးနိုင်သလို နောက်ပိုင်းမှာ မူးယစ်ဆေးကင်းစင်တဲ့ ဘဝကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လမ်းပြကူညီပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement