backup og meta

အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

    မကြာခဏဆီးသွားခြင်း ဆိုတာက ပုံမှန်ထက်ပိုပြီး ဆီးသွားချင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးသွားချင်တဲ့ ဆန္ဒ ရုတ်ခြည်းပေါ်လာပြီး ဆီးမထိန်းနိုင်သလိုပါ ဖြစ်တတ်ပါတယ်။ ဆီးအိမ် တင်းနေမယ်ဆိုရင် ပိုဆိုးတတ်ပါတယ်။

    ဒါက ဆီးအိမ်ဟာ ပုံမှန်ထက် လုပ်ဆောင်မှု လွန်ကဲနေတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း အထူးကု ဆရာဝန်အချို့ရဲ့ အဆိုအရ ၂၄ နာရီအတွင်း ၈ ကြိမ်ထက်ပိုပြီး သွားချင်နေရင် ဒီပြဿနာ ဖြစ်နိုင်ပါတယ်။ အဆိုပါ ဆီးမကြာခဏ သွားချင်ရတဲ့ နောက်ခံ အကြောင်းအရင်းတွေ ရှိတတ်ပါတယ်။

    အမျိုးသမီးများ မကြာခဏဆီးသွားခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်း

    အမျိုးသမီးများ မကြာခဏဆီးသွားခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်တာကြောင့် ဖြစ်တတ်ပါတယ်။

    အမျိုးသမီးများရဲ့ ၅၀ မှ ၆၀ရာခိုင်နှုန်းဟာ ဘဝတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်ခန့်တော့ ဆီးပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၂၄ နှစ်မတိုင်မီမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကြုံရတတ်ပြီး ပဋိဇီဝဆေးတွေ သုံးစွဲရတဲ့အထိ ဖြစ်တတ်ပါတယ်။

    အမျိုးသမီးများရဲ့ဆီးလမ်းကြောင်းဟာ တိုတောင်းတဲ့အတွက် အမျိုးသားများ ထက်စာရင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားများအတွက် ဝင်ရောက်ရမယ့် လမ်းကြောင်း တိုသွားပြီး အလွယ်တကူ ကူးစက်ကာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များစေတဲ့ အကြောင်းတွေကတော့

    • ရေဓာတ် မပြည့်ဝခြင်း
    • အချိန်ကြာမြင့်စွာ ဆီးအောင့်ထားခြင်း
    • ဆီးကုန်အောင် မစွန့်ခြင်း
    • မွေးလမ်းကြောင်း ယားယံရောင်ရမ်းခြင်း
    • အိမ်သာတက်ပြီးနောက် သန့်ရှင်းပုံမမှန်ခြင်း
    • လိင်ဆက်ဆံရာမှတဆင့် ဆီးလမ်းကြောင်းထဲ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း
    • ဆီးစွန့်စနစ်ဖွဲ့စည်းပုံ ပြောင်းလဲခြင်း (ဥပမာ ကိုယ်ဝန်ဆောင်ချိန်)
    • ကိုယ်ခံအားစနစ်ကို ထိခိုက်စေသော နာတာရှည်ရောဂါများ (ဥပမာ ဆီးချို)

    ဆီးအိမ် အလွန်အကျွံ အလုပ်လုပ်ခြင်း

    ဆီးအိမ်ဟာ ပုံမှန်ထက်ပိုပြီး လှုပ်ရှားနေမယ်ဆိုရင် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန် ဆီးလမ်းကြောင်းအထူးကု အသင်းကြီးရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆီးအိမ် အလွန်အကျွံ အလုပ်လုပ်ခြင်း ပြဿနာနဲ့ ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။

    များသောအားဖြင့် ကြုံရတတ်တဲ့ လက္ခဏာတွေကတော့

    • ဆီးမထိန်းနိုင်ခြင်း၊ ရုတ်ချည်း ဆီးသွားချင်စိတ်ပေါ်ခြင်း၊ တခါတရံ ဆီးထွက်ကျခြင်း
    • ညဖက်ဆီးသွားခြင်း (အနည်းဆုံး တစ်ညမှာ နှစ်ကြိမ်သုံးကြိမ်ခန့်)
    • မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်း၊ တနေ့ကို အနည်းဆုံး ၈ ကြိမ်ခန့် ဆီးသွားခြင်း

    ဆီးအိမ် အလွန်အကျွံအလုပ်လုပ်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။ ၎င်းတို့ကတော့

    • ထိခိုက်ဒဏ်ရာရခြင်း
    • ကြွက်သားများ၊ အာရုံကြောများ၊ တစ်သျှူးများကို ထိခိုက်စေသည့် ရောဂါအခြေအနေများ (ဥပမာ လေဖြတ်ခြင်း၊ multiple sclerosis ရောဂါ)
    • သွေးဆုံးချိန် အီစထရိုဂျင်ဟော်မုန်း လျော့နည်းခြင်း
    • ကိုယ်အလေးချိန် များပြီး ဆီးအိမ်ကို ဖိမိခြင်း

    အခြားအကြောင်းများ

    မကြာခဏဆီးသွားခြင်း ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများ ရှိပါသေးတယ်။ အဆိုပါအချက်တွေကတော့

    • ဆီးအိမ်ကျောက်တည်ခြင်း
    • ဆီးချိုဖြစ်ခြင်း
    • ဆီးအိမ်နာကျင်ရောင်ရမ်းခြင်း
    • တင်ဆုံရိုးကွင်း ကြွက်သားများ အားနည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ကဖိန်း၊ နီကိုတင်း၊ ဆေးသကြား၊ အယ်လ်ကိုဟော စတာတွေ အများအပြား သုံးစွဲရင်လည်း ဆီးအိမ်နံရံကို အနှောင့်အယှက်ပေးတတ်လို့ မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    ဆေးရုံဆေးခန်းပြသသင့်ပါတယ်။ ဆရာဝန်မှ ရောဂါရာဇဝင်ကို မေးမြန်းပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ဆီးနမူနာယူပြီး ရောဂါပိုးရှိမရှိ၊ ဆီးထဲသွေးပါခြင်း ရှိ မရှိ၊ ပရိုတိန်း၊ သကြား စတဲ့အခြား ပုံမှန်မဟုတ်တာတွေ တွေ့ရှိရခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ဆီးအိမ်ကို အာထရာဆောင်းရိုက်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း စတာတွေပါ ပြုလုပ်ပါလိမ့်မယ်။ ဒါတွေပေါ် မူတည်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို သိမှ ကုသမှု ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement