backup og meta

မျှဝေပါ။

သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ

လူသားတို့ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေကို ချေဖျက်နိုင်ဖို့ ကိုယ်တွင်းအင်္ဂါများဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စားသောက်လိုက်တဲ့ အစာတွေနဲ့အရည်တွေကို ချေဖျက်ပြီး ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင် စတာတွေအဖြစ် ခွဲထုတ်လိုက်ပါတယ်။ အဆိုပါ အာဟာရဓာတ်များကို အူလမ်းကြောင်းတစ်လျှောက်ကနေ စုပ်ယူပြီး သွေးထဲကို ရောက်သွားစေပါတယ်။ သွေးကတဆင့် ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။

သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ

အဆိုပါလုပ်ငန်းစဉ်အတွက် အစာခြေအင်ဇိုင်းတွေကို လိုအပ်ပါတယ်။ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် မော်လီကျူးများကို ပိုမိုသေးငယ်အောင် ခွဲထုတ်ပြီး စုပ်ယူရလွယ်ကူစေပါတယ်။ အဓိကအင်ဇိုင်းတွေကတော့

– Protease အင်ဇိုင်း။ ပရိုတိန်းကို ပက်တိုဒ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။

– Lipase အင်ဇိုင်း။ အဆီဓာတ်ကို ဖက်တီးအက်ဆစ်အနေနဲ့ ဖြိုခွဲပေးပါတယ်။

– Amylase အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုသေးငယ်အောင် ဖြိုခွဲပေးပါတယ်။

Lactase၊ maltase နဲ့ sucrose စတဲ့ အင်ဇိုင်းတွေလည်း အူသိမ်ထဲကနေ ထုတ်လုပ်ပါသေးတယ်။ တကယ်လို့ ကိုယ်ခန္ဓာကနေ အစာခြေအင်ဇိုင်းတွေကို လောက်ငအောင် မထုတ်လုပ်နိုင်ရင် အစာမော်လီကျူးတချို့ကို ကောင်းစွာမချေဖျက်နိုင်ပါဘူး။ ဥပမာ lactose မချေဖျက်နိုင်ခြင်း ပြဿနာမျိုး ဖြစ်ပါတယ်။

ဒါကြောင့် သဘာဝအလျောက် အစာချေအင်ဇိုင်းကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးခြင်းဟာ အစာချေဖျက်ရာမှာအထောက်အကူပြပါလိမ့်မယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သဘာဝအစာခြေအင်ဇိုင်းတွေပါဝင်တဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။

၁။ နာနတ်သီး

နာနတ်သီးဟာ အရသာရှိတဲ့အပြင် အစာချေအင်ဇိုင်းတွေကြွယ်ဝတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ အစာခြေအင်ဇိုင်းကို ဘရိုမီလိန်းလို့ ခေါ်ပါတယ်။ Protease အမျိုးအစားဖြစ်ပြီး ပရိုတိန်းကို ဖြိုခွဲပေးပါတယ်။ ပရိုတိန်းကို ချေဖျက်ပေးတဲ့အပြင် ခန္ဓာကိုယ်ကနေ ကောင်းစွာစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ပန်ကရိယမကောင်းလို့ အစာချေအင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေမှာ ဘရိုမီလိန်းဟာ ပရိုတိန်းတွေကို ချေဖျက်ဖို့ အကူအညီပေးပါတယ်။

၂။ သင်္ဘောသီး

နာနတ်သီးလိုပဲ သင်္ဘောသီးမှာလည်း ပရိုတိန်းကို ချေဖျက်ပေးတဲ့ အင်ဇိုင်း ပါဝင်ပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်းကိုတော့ papain အင်ဇိုင်းလို့ ခေါ်ပါတယ်။ အဆိုပါအင်ဇိုင်းဟာ ဝမ်းချုပ်ခြင်း၊ လေပွလေထခြင်းဝေဒနာတွေကို သက်သာစေပါတယ်။ သင်္ဘောသီးကိုစားရင် အမှည့်ကို ဒီအတိုင်းပဲ စားတာကောင်းပါတယ်။ အပူပေးလိုက်ရင် အစာခြေအင်ဇိုင်းတွေ ပျက်စီးသွားတတ်လို့ ဖြစ်ပါတယ်။

၃။ သရက်သီး

သရက်သီးမှာ amylase အင်ဇိုင်းအုပ်စု ပါဝင်ပြီး ကာဘိုဟိုက်ဒရိတ်များကို ဂလူးကို့စ်နဲ့ မောလ်တို့စ်သကြားများအဖြစ် ဖြိုခွဲပေးပါတယ်။ အဆိုပါအင်ဇိုင်းဟာ သရက်သီးရင့်မှည့်ချိန်မှာ ပိုပြီး အလုပ်လုပ်ပါတယ်။ Amylase အင်ဇိုင်းကို ပန်ကရိယနဲ့ တံတွေးဂလင်းတွေထဲကနေ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အစာကိုကြေညက်အောင် သေချာဝါးစားခြင်းဟာ တံတွေးဂလင်းကထုတ်တဲ့ amylase အင်ဇိုင်းကို ပါးစပ်ထဲမှာတင် ကာဘိုဟိုက်ဒရိတ်နဲ့ထိတွေ့ပြီး ဖြိုခွဲပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။

၄။ ပျားရည်

ပျားရည်ဟာ အရသာရှိတဲ့အပြင် အစာခြေအင်ဇိုင်းများစွာလည်း ပါဝင်နေပါတယ်။ အဆိုပါအင်ဇိုင်းများကတော့

• Diastase အင်ဇိုင်း။ ကစီဓာတ်ကို မောလ်တို့စ်သကြားအဖြစ် ဖြိုခွဲပေးပါတယ်။

• Amylase အင်ဇိုင်း။ ကစီဓာတ်ကို ဂလူးကို့စ်နဲ့ မောလ်တို့စ်အဖြစ် ဖြိုခွဲပေးပါတယ်။

• Invertase အင်ဇိုင်း။ ဆူးခရို့စ်သကြားကို ဂလူးကို့စ်နဲ့ ဖရက်တို့စ်အဖြစ် ဖြိုခွဲပေးပါတယ်။

• Protease အင်ဇိုင်း။ ပရိုတိန်းကို အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။

သဘာဝပျားရည်မှာ အဆိုပါ အင်ဇိုင်းတွေကြွယ်ဝပြီး ပြုပြင်ထုတ်လုပ်ထားရင်တော့ အပူဓာတ်ကြောင့် အဆိုပါ အင်ဇိုင်းတွေ ပျက်စီးနေပြီ ဖြစ်ပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီးမှာ amylase နဲ့ glucosidase အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို ပိုပြီး အနုစိတ်တဲ့ သကြားများအဖြစ် ဖြိုခွဲပေးပါတယ်။ ငှက်ပျောသီးမှည့်ချိန်မှာ အင်ဇိုင်းများဟာ ပိုပြီး အသက်ဝင်ပါတယ်။ အင်ဇိုင်းများအပြင် အမျှင်ဓာတ်များတာကြောင့် ငှက်ပျောသီးဟာ အစာအိမ်အူလမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ သီးနှံတမျိုးပဲ ဖြစ်ပါတယ်။

၆။ ထောပတ်သီး

ထောပတ်သီးမှာ lipase အင်ဇိုင်းကြွယ်ဝပါတယ်။ အဆီဓာတ်ကို ကိုယ်ခန္ဓာက စုပ်ယူလွယ်အောင် ချေဖျက်ပေးပါတယ်။ Lipase အင်ဇိုင်းကို ပန်ကရိယကနေလည်း ထုတ်လုပ်ပါတယ်။

၇။ ကီဝီသီး

ကီဝီသီးမှာ actinidain လို့ခေါ်တဲ့ ပရိုတိန်းကို ချေဖျက်တဲ့အင်ဇိုင်း ပါဝင်ပါတယ်။ အဆိုပါအင်ဇိုင်းဟာ အသားကြီးငါးကြီးများစားသုံးရာကရလာတဲ့ ပရိုတိန်းများကို ကောင်းစွာချေဖျက်ပေးနိုင်ပါတယ်။ အစာမကြောလေပွခြင်း၊ ဝမ်းချုပ်ခြင်းများကိုလည်း သက်သာစေပါတယ်။

၈။ ဂျင်း (ချင်း)

ဂျင်းကို လူမျိုးတိုင်းလိုလိုရဲ့ တိုင်းရင်းဆေးပညာမှာ ဆေးဖက်ဝင်အပင်အနေနဲ့ သုံးစွဲလာခဲ့ကြပါတယ်။ ဂျင်းမှာ zingibain လို့ခေါ်တဲ့ ပရိုတိန်းကိုချေဖျက်တဲ့ အင်ဇိုင်းတမျိုးပါဝင်ပါတယ်။ ထူးခြားချက်ကတော့ အင်ဇိုင်းဟာ သက်တမ်းတိုတာကြောင့် အသားငါးများရဲ့ ပရိုတိန်းကို ကြေညက်အောင် မချေဖျက်နိုင်ပါဘူး။ ဒါပေမယ့် ဂျင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှုကောင်းမွန်စေပြီး အစာမကြေဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ amylase နဲ့ lipase အင်ဇိုင်း ပိုမိုထွက်လာအောင် ကူညီပေးပါတယ်။

သင်စားလိုက်တဲ့ အစားအစာတွေကနေ အာဟာရဓာတ်ကို အပြည့်အဝရရှိနိုင်စေဖို့ အစာခြေအင်ဇိုင်းများက ကူညီပေးပါတယ်။ လူ့ကိုယ်ခန္ဓာထဲကနေ ထုတ်လုပ်ပေမယ့် အသီးအနှံများကို တွဲဖက်စားသုံးခြင်းဖြင့် အဆိုပါအသီးအနှံတွေမှာပါဝင်တဲ့ အစာခြေအင်ဇိုင်းများရဲ့ အာနိသင်ကို ရယူအသုံးချနိုင်မှာ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/natural-digestive-enzymes Accessed Date 11 may 2020

ယခုပုံစံ

06/07/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement