အပူအအေးမမျှတဲ့ ရာသီဥတုမှာ လေအေးပေးစက်ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက်နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ စျေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။

ဘာတွေသတိထားသင့်သလဲ

  • လေအေးပေးစနစ်ကြောင့်ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။
  • လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ်ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။
  • အိမ်တွင်းမှာ သန့်စင်တဲ့လေရရှိနိုင်စေဖို့လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီးတံခါးတွေနဲ့ပြတင်းပေါက်တွေကိုဖွင့်ထားပေးပါ။
  • အခန်းတွင်းမှာအဆိပ်ရှိတဲ့အရာတွေမပျံ့နှံ့စေဖို့ အခန်းထဲမှာတစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ညဘက်တွေ မှာ လေအေးပေးစနစ်ကိုပိတ်ထားပေးပါ။
  • အခန်းတွင်းအပူချိန်နဲ့ပြင်ပအပူချိန်တအားကွာဟအောင်မထားပါနဲ့။
  • မိမိသုံးတဲ့လေအေးပေးစက်ကရေကိုအသုံးပြုရတဲ့လေအေးပေးစက်ဖြစ်နေခဲ့ရင် လေကိုပုံမှန်လဲလှယ်ပေးပါ။
  • ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကိုတပ်ဆင်ပါ။
  • လေအေးစနစ်တပ်ဆင်ထားတဲ့အခန်းထဲမှာနေတဲ့အခါရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓါကိုယ်မှာရေဓါတ် မခမ်းခြောက်စေဖို့သတိထားပြီးရေသောက်ပေးပါ။
  • လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုသွားလာမယ်ဆိုရင် ခန္ဓါကိုယ်ကို အပူချိန်ပြောင်းလဲမှုကိုပြင်းပြင်းထန်ထန်မခံစားရစေဖို့အတွက်အနွေးထည်ခပ်ပါးပါးတစ်ထည်ဝတ်ဆင်ပေးပါ။

လေအေးပေးစက်ကြောင့်အန္တရာယ်ရှိနိုင်တဲ့အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေပြန်ပြန်လာချင်း လေအေးပေးစက်ကိုချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။
သန့်စင်မှုအားနည်းတဲ့အခန်းတွင်းလေနဲ့လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရားဖြစ်ပါတယ်။

ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး –

အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။

(ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ဂရုစိုက်ပါ)

မျက်လုံးကို ခဏအနားပေးပါ။

(မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်)

အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။

(ပြင်ပလေထုနဲ့အပူချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုလောက်နေပါ။ အိမ်မှာလည်း အဲယားကွန်းခန်းထဲကမထွက်၊ ကားပေါ်အဲယားကွန်း၊ တခြားနေရာသွားလည်း အဲယားကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက်အပြောင်းအလဲမှာ အန္တရာယ်ရှိတတ်ပါတယ်။)

ရေဓာတ်များတဲ့ အသီးအနှံများများစားပါ။

အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။

ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်စေမှာပါ။

ခေတ်မီလူမှုဘဝမှာ သက်တောင့်သက်သာနေထိုင်ဖို့ အသုံးဝင်တဲ့ လေအေးပေးစက်ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။ အပေါ်မှာအကြံပြုပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာသေချာပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 15, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။