ဒီအကြောင်းအရာဟာ အမေရိကန်CSI ဇာတ်လမ်းတွဲပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ရာဇဝတ်မှုတစ်ခုခုဖြစ်ပွားတဲ့အခါ DNA စစ်ဆေးခြင်းနည်းပညာကိုသုံးပြီး မှုခင်းဆေးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ သိပ္ပံနည်းကျသက်သေတွေ ဖော်ထုတ်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်းအကြောင်းကို အကြမ်းဖျဉ်းဖော်ပြသွားမှာ ဖြစ်ပါတယ်။
DNA ဆိုတာဘာလဲ
DNA ဟာ Deoxyribose Nucleic Acid ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး လူအပါအဝင် သက်ရှိအားလုံးရဲ့ မျိုးဗီဇသင်္ကေတ (genetic code) ပါဝင်တဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ လူကိုယ်ခန္ဓါရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဆဲလ်တွေထဲမှာမှ နူကလိယလို့ခေါ်တဲ့ အရာတည်ရှိပါတယ်။ အဲဒီနူကလိယကို ထပ်မံခွဲခြမ်းစိတ်ဖြာရင် မျိုးရိုးဗီဇဆက်ခံတဲ့ ခရိုမိုဆုမ်း ၂၂စုံနဲ့ ကျား/မကွဲပြားမှုကို ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုမ်းတစ်စုံ စုစုပေါင်း ၂၃စုံ ရှိပါတယ်။ ခရိုမိုဆုမ်းတွေကို ထပ်မံအနုစိတ်ကြည့်မယ်ဆိုရင် သေးငယ်တဲ့ကြိုးမျှင်ကလေးတွေမှာ ပုတီးစေ့လေးတွေသီထားသလိုပါဝင်ပြီး အခွေလိုက်တွေ့နိုင်ပါတယ်။ အဲဒီကြိုးမျှင်ဟာ DNA ဖြစ်ပါတယ်။ ကြိုးမျှင်ကလေးများဟာ တကယ်တော့ နှစ်ပင်လိမ်ပူးနေတာဖြစ်ပြီး နှစ်ပင်လိမ်ကြားကို ဆက်ပေးထားတဲ့ အခြေခံဘလောက်တုံးလေးတွေကိုတော့ နူကလီယိုတိုဒ်လို့ ခေါ်ပါတယ်။ နူကလီယိုတိုဒ်မှာပါဝင်တဲ့ နိုက်ထရိုဂျင်ဘေ့စ်လေးမျိုးကတော့ DNA စစ်ဆေးမှုရဲ့ အသက်ပဲ ဖြစ်ပါတယ်။ အဲဒီလေးမျိုးကို A T G C ဆိုပြီး အတိုကောက်ခေါ်ပါတယ်။ အဲဒီ ATGC အက္ခရာလေးမျိုးဟာ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို မူတည်ပြီး လူတစ်ယောက်ကို မည်သူမည်ဝါ ဖြစ်သလဲ တိုက်ဆိုင်စစ်ဆေးကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့တစ်ယောက်မှာ DNA မော်လီကျူးစီစဉ်ပုံ တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပိုပြီးအသေအချာပြောရရင် ထပ်တူညီနိုင်ခြေဟာ အပုံ၆သန်းမှာမှတစ်ပုံဖြစ်ပါတယ်။
ဘယ်နေရာမှာ အသုံးပြုကြသလဲ
လူသတ်မှု၊ ဖောက်ထွင်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှု စတဲ့ရာဇဝတ်မှုတွေမှာ အခင်းဖြစ်ရာနေရာကနေ သွေး၊ အသားစ၊ တံတွေး၊ ဆံပင်နဲ့ အမွေးအမျှင်စတာတွေကို ရယူစုဆောင်းပါတယ်။ အဲဒီသက်သေခံပစ္စည်းတွေကနေ DNA ကို ထုတ်ယူလေ့လာပြီး သံသယရှိသူရဲ့ DNA နဲ့ ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးနိုင်ပါတယ်။ တစ်ခါတရံမှာ မည်သူမည်ဝါမသိတဲ့ ရုပ်အလောင်းတွေမှာလည်း DNA ရယူပြီး ပျောက်ဆုံးနေသူတွေဟုတ်၊မဟုတ် စစ်ဆေးတာလည်း ရှိပါတယ်။ ဒါကြောင့် လေယာဉ်ပျက်ကျခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စတဲ့ အစုလိုက်အပြုံလိုက်သေဆုံးမှုတွေမှာလည်း ရှာဖွေတွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ မည်သူမည်ဝါ မခွဲနိုင်တဲ့အခါ DNA နည်းပညာနဲ့ စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ အရိုးကျဆွေးမြေ့နေတဲ့ ရုပ်ကြွင်းကနေလည်း ထုတ်ယူစစ်ဆေးနိုင်ပါတယ်။ လက်ဗွေကလည်း ရယူနိုင်ပါတယ်။ နမူနာသက်သေတော့ ရှိဖို့ လိုအပ်ပါတယ်။ ကလေးအဖေ မည်သူမည်ဝါ အငြင်းပွားရတဲ့ကိစ္စတွေမှာလည်း DNA သရုပ်ခွဲခြင်းနဲ့ စစ်ဆေးနိုင်ပါတယ်။
ဘယ်လိုစစ်ဆေးသလဲ
စောစောကဖော်ပြခဲ့တဲ့ ဇီဝသက်သေပစ္စည်းတွေကို ရယူစုဆောင်းပြီး ဓါတ်ခွဲခန်းကို ပို့ဆောင်ရပါတယ်။ ဓါတ်ခွဲခန်းမှာ ဇီဝပစ္စည်းတွေရဲ့ ဆဲလ်ထဲကနေ နူကလိယကိုဖြိုခွဲပြီး DNA ကို ရယူပါတယ်။ ရရှိလာတဲ့ DNA ဟာ သရုပ်ခွဲစစ်ဆေးဖို့ လုံလောက်တဲ့ပမာဏတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် DNA ရဲ့ သိပ်သည်းဆကို တိုင်းတာပြီး မိတ္တူပွားခြင်းကို ဆောင်ရွက်ရပါတယ်။ အဆပေါင်းသန်းနဲ့ချီပွားပြီးရင်တော့ နောက်ဆုံးအဆင့် သရုပ်ခွဲစစ်ဆေးခြင်း ပြုလုပ်ပါတယ်။ တကယ်တော့ DNA စစ်ဆေးခြင်းဟာ DNA ဆက်ကြောင်းကြီး တခုလုံးကို လိုက်လံတိုက်ဆိုင်ပြီး စစ်ဆေးခြင်းမဟုတ်ပါဘူး။ ဘီလီယံနဲ့ချီတဲ့ နူကလီယိုတိုဒ်တွေကို တခုချင်းလိုက်မကြည့်နိုင်ပါဘူး။ ခရိုမိုဆုမ်း နံပါတ်ဘယ်လောက်ရဲ့ ဘယ်အမှတ် (Marker) မှာ ATGC စာလုံးကလေးတွေ ဘယ်လိုတွဲဆက် တည်ရှိသလဲဆိုတာကိုသာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ DNA အမှတ်ပေါင်း ၆၀ကျော်သတ်မှတ်ထားပြီး နိုင်ငံတကာက မှုခင်းဆေးပညာ ဓါတ်ခွဲခန်းတွေမှာတော့ အနည်းဆုံး ၁၃ ခုထိ တိုက်ဆိုင်စစ်ဆေးကြပါတယ်။ DNA သရုပ်ခွဲစစ်ဆေးခြင်း အဆင့်ဆင့်ဟာ အလွန်အနုစိတ်တာမို့ သက်သေခံပစ္စည်းရယူစုဆောင်းတဲ့ အဆင့်ကနေ နောက်ဆုံးစစ်ဆေးတဲ့အဆင့်အထိ စနစ်တကျလေ့ကျင့်သင်ယူထားသူတွေနဲ့ စစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်။
DNA သရုပ်ခွဲစစ်ဆေးခြင်းရဲ့ အကျိုးကျေးဇူးများ
၁၉၈၅ မှာ အင်္ဂလန်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ မှုခင်းဆိုင်ရာ DNA စစ်ဆေးခြင်းပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ တရားစီရင်ရေးနယ်ပယ်အတွက် အများကြီး အကျိုးပြုခဲ့ပါတယ်။ အပြစ်ရှိသူကို ရာဇဝတ်ဘေးကနေ ပြေးမလွတ်အောင် သက်သေအခိုင်အမာပြနိုင်သလို အပြစ်ကင်းသူကိုလည်း မှားယွင်းပြီး ပြစ်ဒဏ်ပေးမိခြင်းမဖြစ်ရအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် DNA မှတ်တမ်းတွေကို စုစည်းထိန်းသိမ်းထားပြီး Database တည်ထောင်လာနိုင်တာကြောင့် ရာဇဝတ်မှုဖော်ထုတ်ရေး၊ တရားစီရင်ရေးအပြင် လူမျိုးများအလိုက် DNA ကွဲပြားမှုကို သုတေသနပြုလုပ်ရာမှာ အထောက်အကူပြုလာပါတယ်။
ကန့်သတ်ချက်များ
DNA သက်သေဟာ မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုရာမှာ အကောင်းဆုံးနည်းလမ်းလို့ လက်ရှိမှာ လက်ခံနိုင်ပေမယ့် ရာနှုန်းပြည့်ပြည့်စုံတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်သေးပါဘူး။ ဥပမာ အခင်းဖြစ်ရာကနေရရှိတဲ့ DNA နမူနာဟာ သံသယရှိသူရဲ့ DNA နမူနာနဲ့ ကိုက်ညီနေရင်တောင် အပြစ်ရှိသူလို့ တထစ်ချမပြောနိုင်ဘူးလို့ သတ်မှတ်ထားပါတယ်။ အဲဒီအစား ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းအင်းဆန်ဆန် တွက်ချက်ဖော်ပြရပါတယ်။
DNA နမူနာကို ရယူစုဆောင်းစဉ်မှာလည်း မသက်ဆိုင်တဲ့ DNA နမူနာတွေ ပါလာတာမျိုး၊ စနစ်တကျ မသိမ်းဆည်းမိလို့ ဓါတ်ခွဲစစ်ဆေးခြင်းမပြုခင် ပျက်စီးသွားတာမျိုးလည်း ကြုံရတတ်ပါတယ်။ ရယူတဲ့သက်သေနမူနာရဲ့ ဆဲလ်တွေပျက်စီးနေရင်လည်း စစ်ဆေးမှုပြုနိုင်မယ့် DNA အရည်အသွေးကို အပြည့်အ၀ မရနိုင်ပါဘူး။
နောက်တစ်ချက်က ကုန်ကျစရိတ်များပါတယ်။ စစ်ဆေးခြင်းအဆင့်ဆင့်မှာပါဝင်တဲ့ ဓါတ်ဆေးရည်တွေ၊ စက်ကိရိယာတွေဟာ တန်ဖိုးကြီးမြင့်လှပါတယ်။
မြန်မာနိုင်ငံနှင့် မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း
မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှာ DNA ဓါတ်ခွဲခန်းတွေ အစပျိုးတည်ထောင်နေပြီ ဖြစ်ပါတယ်။ မဝေးလှတဲ့တစ်နေ့မှာ မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်းကို မြန်မာနိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]