backup og meta

ထင်မြင်ချက်အတိအကျမပေးနိုင်ပါ (သို့) ဆရာဝန်များကို အမြင်မှားစေတတ်သော မှုခင်းဆေးပညာဆိုင်ရာသက်သေထွက်ဆိုချက်တစ်ခု


Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထင်မြင်ချက်အတိအကျမပေးနိုင်ပါ (သို့) ဆရာဝန်များကို အမြင်မှားစေတတ်သော မှုခင်းဆေးပညာဆိုင်ရာသက်သေထွက်ဆိုချက်တစ်ခု

    လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှု (Sexual Assault) ဖြစ်လာပြီဆိုရင် တိုင်ကြားခြင်း၊ အစစ်ဆေးခံခြင်း၊ သက်သေထွက်ဆိုခြင်း စတဲ့နောက်ဆက်တွဲ လုပ်ကိုင်ဆောင်ရွက်စရာတွေပါ ကြုံလာရပါတယ်။ နစ်နာသူအနေနဲ့လည်း စိတ်ဒဏ်ရာများနဲ့ ကြုံတွေ့ခံစားနေရသည့်တိုင် ဒီအဆင့်များကိုတော့ မလွဲမသွေရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေအတွက် ကြုံရတာတစ်ခုက ဆရာဝန်ထွက်ဆိုချက်ကို အဓိပ္ပါယ်ကောက်ယူမှုလွဲခြင်း ဖြစ်ပါတယ်။

    နားလည်မှုလွဲတတ်ကြတဲ့ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကတော့ လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ၊မရှိ ဆေးပညာအနေဖြင့် တိကျသောထင်မြင်ချက် မပေးနိုင်ပါ ဆိုတဲ့ သက်သေထွက်ဆိုချက်မျိုးကိုပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသတင်းတွေတက်လာရင် ဖော်ပြတဲ့အတိုင်း နားလည်မှုလွဲတဲ့ကိစ္စမျိုးတွေ တွေ့ရတတ်ပါတယ်။

    ဘာကြောင့်နားလည်မှုလွဲတတ်ကြသလဲ

    အဲဒီထွက်ဆိုချက်ဟာ တကယ်တော့ ကျူးလွန်မှုမဖြစ်ခဲ့ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ကျူးလွန်ခဲ့ခြင်းရှိမရှိ ပြောနိုင်တဲ့အထောက်အထားမရှိခြင်းကြောင့် ထင်မြင်ချက် အတိအကျမပေးနိုင်ဆိုတဲ့ သဘောသာဖြစ်ပါတယ်။ ဒါပေမယ့် လူအများဟာ အရပ်စကားနဲ့ တခြားအကြောင်းခြင်းရာတွေအရ ကျူးလွန်မှုထင်ရှားတယ်လို့ ထင်မြင်ယူဆနေချိန်မှာ ဆရာဝန်ဟာ ထင်မြင်ချက်မပေးနိုင်ပါလို့ ထွက်ဆိုလိုက်ရင် ဘက်လိုက်ထွက်ဆိုတဲ့ပုံစံမျိုး အထင်အမြင်လွဲတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်အနေနဲ့ သက်သေထွက်ဆိုရာမှာ စနစ်တကျစစ်ဆေးပြီး နစ်နာသူရဲ့ အင်္ဂါဇာတ်မှာ သုက်ရည်သုတ်ပိုးရှိ၊ မရှိ၊ လတ်တလောဒဏ်ရာရှိ၊မရှိ စတဲ့အချက်တွေအပေါ်မှာ မူတည်ပြီး သက်သေထွက်ဆိုပါတယ်။ ကျူးလွန်ကြောင်းပြောနိုင်တဲ့ သုက်ရည်သုတ်ပိုးနဲ့ လတ်တလောဒဏ်ရာ မတွေ့ရခြင်းတို့ကြောင့် တိကျသော ထင်မြင်ချက်မပေးနိုင်ခြင်းသာ ဖြစ်ပါတယ်။

    ဘယ်လိုအခြေအနေတွေကြောင့်ဖြစ်တတ်လဲ

    ကန့်သတ်ချက်တစ်ခုကတော့ အချိန်ပါပဲ။ လိင်စော်ကားကျူးလွန်ခြင်းကို ခံစားရပြီးချိန်မှာ အချိန်သိပ်မကြာခင် သက်ဆိုင်ရာကို တိုင်ကြားနိုင်ဖို့လိုပါတယ်။ ကျူးလွန်သူဆီကနေ ကျန်ရစ်ခဲ့မယ့် သုက်ရည်သုတ်ပိုး၊ တံတွေး၊ အမွေးအမျှင်၊ သွေး စတာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားနိုင်ပါတယ်။ သုက်ရည်သုတ်ပိုးဆိုရင် အမျိုးသမီးခန္ဓါကိုယ်ထဲ ဝင်ရောက်သွားပြီးချိန်မှာ ၅ရက်ထက်ကျော်သွားရင် မတွေ့နိုင်တော့ပါဘူး။ နိုင့်ထက်စီးနင်းပြုကျင့်မှုကြောင့် မိန်းမကိုယ်ဝန်းကျင်မှာရတတ်တဲ့ ဒဏ်ရာဒဏ်ချက်များဟာလည်း ကြာလေ ပျောက်ကင်းသွားလေ ဖြစ်နိုင်ပါတယ်။ နစ်နာသူအနေနဲ့ ဖြစ်ပြီးပြီးချင်းမှာ ရေဆေးခြင်း၊ ရေချိုးခြင်း၊ ဆီးသွားခြင်းစတာတွေမလုပ်သေးဘဲ သက်ဆိုင်ရာကိုတိုင်ကြားခြင်း၊ ဆေးရုံသို့ သွားရောက်ခြင်း စတာတွေလုပ်ရင် အကောင်းဆုံးပါပဲ။

    နောက်ကန့်သတ်ချက်တစ်ခုကတော့ အဓိကသက်သေခံဖြစ်တဲ့ သုက်ရည်သုတ်ပိုး မတွေ့နိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ မိန်းမကိုယ်ပြင်ပတစ်နေရာရာကို သုက်ရည်ထွက်သွားရင် (သို့) ကျူးလွန်သူဟာ ကွန်ဒုံးစွပ်ထားရင် (သို့) ကျူးလွန်သူဟာ ချို့ယွင်းချက်ရှိလို့ သုတ်ရည်မထွက်သူဖြစ်နေရင် (သို့) ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးဟာ ရေဆေးလိုက်ရင် ကျူးလွန်စော်ကားမှုဖြစ်ခဲ့ရင်တောင် သုက်ရည်သုတ်ပိုးမတွေ့ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

    နောက်တစ်ချက်ကတော့ ခေတ်မီနည်းပညာပါပဲ။ မြန်မာနိုင်ငံမှာ DNA စစ်ဆေးမှုနည်းပညာဟာ မြေစမ်းခရမ်းပျိုးစပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ထဲက နမူနာရယူစစ်ဆေးရာမှာ သုက်ရည်သုက်ပိုး ရှိ၊မရှိကိုသာ စစ်ဆေးနိုင်ပြီး ကျူးလွန်သူဆီက ကျန်ရစ်ခဲ့မယ့် DNA ကို စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။

    အတင်းအကြပ်ကျူးလွန်ကြောင်းကို နောက်ထပ်ပြသနိုင်တဲ့ သက်သေတွေကတော့ ဒဏ်ရာဒဏ်ချက်တွေပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်အနှံ့မှာတွေ့ရတတ်တဲ့ ဒဏ်ရာတွေအပြင် အင်္ဂါဇာတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ ပွန်းခြစ်စုတ်ပြဲခြင်းဒဏ်ရာတွေဟာ အလိုမတူကြောင်းပေါ်လွင်စေပါတယ်။ ဒါပေမယ့် အဲဒီဒဏ်ရာတွေ ရှိမနေခြင်းကို အလိုတူခြင်းလို့တော့ မသတ်မှတ်နိုင်ပါဘူး။ ဥပမာ အလိုမတူပေမယ့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ရုန်းရင်းဆန်ခတ်သိပ်မဖြစ်လို့ ဒဏ်ရာတွေ မတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။

    ထင်မြင်ချက်မပေးနိုင်ခြင်းဟူသည် ကျူးလွန်မှုမရှိဟု ငြင်းဆိုခြင်းမဟုတ်

    အထက်ပါသဘောတရားတွေအရဆိုရင် အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်း အထမြောက်ခဲ့သည့်တိုင်အောင် နစ်နာသူအမျိုးသမီးဆီမှာ ကျူးလွန်သူရဲ့ သုက်ရည်သုက်ပိုးမတွေ့ရခြင်း၊ လိင်အင်္ဂါတဝိုက်မှာ ဒဏ်ရာဒဏ်ချက်များမရှိခြင်း စတဲ့အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေတွေမှာ ကန့်သတ်ချက်တွေအရ တိကျတဲ့ သက်သေခံထင်မြင်ချက်ကို မပေးနိုင်တော့ပါဘူး။

    ဒါကြောင့် လတ်တလောကာမစပ်ယှက်ထားခြင်းရှိမရှိ ဆေးပညာအနေဖြင့် တိကျသောထင်မြင်ချက် မပေးနိုင်ပါ ဆိုတဲ့ သက်သေထွက်ဆိုချက်ပေးရခြင်း ဖြစ်ပါတယ်။ ဒီတော့ တခြားပတ်ဝန်းကျင်အကြောင်းခြင်းရာတွေဟာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သက်သေပြနေသည့်တိုင် ဆေးပညာအရ ထင်မြင်ချက်မပေးနိုင်တဲ့ အခြေအနေတွေလည်း ရှိလာနိုင်ပါတယ်။ ဒါဟာ ဆရာဝန်ရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲ၊ ဆရာဝန်ဟာ တစ်ဖက်ဖက်ကို သာစေနာစေ သဘောထွက်ဆိုခြင်းမဟုတ်ဘဲ ဆေးပညာအရ စစ်ဆေးတွေ့ရှိချက်များကိုသာ အခြေခံပြီး ထွက်ဆိုခြင်း ဖြစ်ပါတယ်။

    ပြန်ပြီးချုပ်ပြောရမယ်ဆိုရင် ထင်မြင်ချက်အတိအကျ မပေးနိုင်ဟုဆိုခြင်းဟာ သုက်ရည်သုတ်ပိုးမတွေ့ဟု ဆိုခြင်းဟာ ကျူးလွန်မှုမရှိခဲ့ဘူးလို့ ငြင်းဆိုခြင်း မဟုတ်ကြောင်းပါ။

    ..

    Dr. Thant

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement