backup og meta

ပါးစပ်ကို အလိုလိုက်ပြီး ဆက်မစားသင့်တော့တဲ့ အစားအစာများ


Ye Zon Aung မှ ရေးသားသည်။ · 30/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်ကို အလိုလိုက်ပြီး ဆက်မစားသင့်တော့တဲ့ အစားအစာများ

    တစ်ခါတစ်လေမှာ ကိုယ်နှစ်သက်တဲ့ အစားအစာတွေက ကိုယ့်ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးဖြစ်နေတတ်တယ်။ ဒီလိုအစားအစာမျိုးတွေဆိုရင် လူတွေက တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါတယ်။

    စားမိလိုက်ရင် ချက်ခြင်း ကျန်းမာရေး ထိခိုက်လာပြီး ရေရှည်မှာ ပြဿနာကြီးကြီးမားမားတွေ ကြုံလာရနိုင်တာကိုး။ ဥပမာ အုန်းနို့ခေါက်ဆွဲတို့၊ ဒံပေါက်တို့၊ တညင်းသီးတို့လို အစားအစာမျိုးတွေပေါ့။

    တချို့အစားအစာတွေကျတော့ ရုတ်တရက်ဆို မသိသာပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ကြီးကြီးမားမား ပြဿနာပေးနိုင်ကြပါတယ်။ ပုံမှန် လူတွေကြားမှာ အလွယ်တကူ ဝယ်ယူစားသောက်လို့ရနေပြီး စိတ်ထဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ချင်စရာ အစားအစာမျိုးတွေပါ။ ပီဇာတို့၊ ဘာဂါတို့၊ အာလူးချောင်းကြော်တို့လို အစားအစာမျိုးတွေပေါ့။

    ဒီအစားအစာမျိုးတွေဟာ လူတိုင်းနဲ့ နီးစပ်မှုရှိပြီး တစ်ခါတစ်ရံ နေ့စဉ်စားသောက်မှု အစီအစဉ်တွေထဲမှာကို ပါနေတတ်ပါတယ်။ ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ သိနေရင်တောင်မှ သိပ်သတိမထားမိဘဲ စားပစ်လိုက်မိတဲ့ အစားအစာမျိုးတွေပါ။

    အဲ့လိုအစားအစာမျိုးတွေဟာ ကိုယ်နဲ့မတည့်လို့ သေသေချာချာ သတိထားပြီး ရှောင်ရတဲ့ အစားအစာမျိုးတွေထက်ပိုပြီး အန္တရာယ်များပါတယ်။ ရေရှည်ဒုက္ခပေးကြတဲ့ အစားအစာမျိုးတွေဖြစ်တာကြောင့်ပါ။

    တကယ်လို့ ကိုယ်က ကျန်းမာနေတဲ့လူတစ်ယောက်ဖြစ်နေရင်တောင်မှ ရေရှည်ကျန်းမာရေး အကျိုးကို ကြည့်ပြီး ဆက်မစားသင့်တော့တဲ့ အစားအစာတွေကို အောက်မှာ ဖော်ပြထားပါတယ်။ လေ့လာကြည့်ပါဦး။

    ပီဇာ

    ပီဇာ (Pizza) က လူကြိုက်များတဲ့အစားအစာတစ်မျိုးပါ။ ဒီအီတလီစာက ကာဘိုဟိုက်ဒြိတ်ပါဝင်မှုများပြားပြီးတော့ ကယ်လိုရီနဲ့ အဆီ (Saturated Fat) လည်း အမြောက်အများပါရှိနေပါတယ်။ အသားမပါတဲ့အမျိုးအစားကို ရွေးချယ်စားသုံးမယ်ဆိုရင်တောင်မှ ထောပတ်ပါဝင်နေဦးမှာမို့ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

    အာလူးပြားကြော်

    အာလူးက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်ပေမယ့် အာလူးကို ဆီနိုင်နိုင်နဲ့ကြော်ထားတဲ့ Potato Chips တွေကတော့ ဆန့်ကျင်ဘက်ရလဒ်မျိုးကို ပေးတဲ့ အစားအစာမျိုးဖြစ်ပါတယ်။ ဗိုက်ပြည့်စေနိုင်ပေမယ့် ကိုယ်အလေးချိန်မြင့်မားစေနိုင်တဲ့အစာတစ်မျိုးဖြစ်ပါတယ်။

    ပါစတာခေါက်ဆွဲ

    ပါစတာတင်မကပါဘူး။ ခေါက်ဆွဲတိုင်းဟာ ကယ်လိုရီရော၊ ကာဘိုဟိုက်ဒြိတ်ရော ပါဝင်မှုနှုန်း မြင့်မားပါတယ်။ ခေါက်ဆွဲနဲ့ ခေါက်ဆွဲခြောက်တွေကို အမြောက်အများစားသုံးတာဟာ ကျန်းမာရေးအတွက် သင့်လျော်မှုမရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။

    ဒစ်ပ် ဆော့စ်

    ဒစ်ပ် (Dip) က အချဉ်ဓာတ်ပါတဲ့ ခရင်မ်၊ ဒိန်ခဲတို့နဲ့ ဖန်တီးထားတဲ့ ဆော့စ်တစ်မျိုးပါ။ ဒီအချဉ်က အမေရိကမှာတော့ အလွန်ခတ်စားပါတယ်။ အချဉ်ဓာတ်ပါပေမယ့် ဝစေနိုင်တာကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။

    စီရီယယ်

    မနက်ခင်းမှာ အများဆုံးစားဖြစ်ကြတဲ့ စီရီယယ် (Cereal) တွေကို အုတ်ခ်ဂျုံကနေ ဖန်တီးထားတာပါ။ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် သွေးတွင်းကို ကယ်လိုရီဓာတ်ရောက်ရှိမှုနည်းပါးအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ခန္ဓာကိုယ်အတွက် နေ့စဉ်မဖြစ်မနေလိုအပ်တဲ့ ကယ်လိုရီပမာဏကို ဖြတ်တောက်လိုက်သလို ဖြစ်သွားတတ်ပါတယ်။

    ချောကလက်

    ချောကလက်က လူကြီး လူငယ်မရွေး နှစ်သက်တတ်ကြတဲ့ အချိုတည်းစာ တစ်မျိုးဖြစ်ပါတယ်။ သွေးတိုးကျစေပြီး ဦးနှောက်ကိုလည်း လန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ တစ်နေ့ကို တစ်အောင်စထက်ပိုစားမိရင်တော့ ကျန်းမာရေးဆိုးကျိုးတွေ အမြောက်အများဖြစ်လာစေနိုင်ပါတယ်။

    အာလူးချောင်းကြော်

    အာလူးချောင်းကြော် (French Fries) ကို များသောအားဖြင့် ဘာဂါနဲ့ဖြစ်ဖြစ်၊ ကြက်ကြော်နဲ့ဖြစ်ဖြစ်၊ အရက် ဘီယာနဲ့ဖြစ်စြဖ် တွဲဖက်စားကြပါတယ်။ သူ့အတိုင်းချည်းကို ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာမို့ အဲ့ဒီအရာတွေနဲ့ တွဲဖက်လိုက်ရင်တော့ ကျန်းမာရေးဘက်မှာ အနှုတ်လက္ခဏာပြသွားပါလိမ့်မယ်။ အထူးသဖြင့် အဝလွန်စေနိုင်တာပါပဲ။

    ဒိုးနတ်

    ချိုပြီး နူးညံ့တဲ့ ဒိုးနတ် (Doughnuts) မုန့် ဝိုင်းဝိုင်းလေးတွေက လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါပဲ။ ဒီမုန့်တွေဟာ အရသာရှိလှသလို ဗိုက်ဝစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပရိုတိန်းပါဝင်မှုလည်းမြင့်မားပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းလောက်အောင်ကို သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်မျိုးဖြစ်တာမို့ ဆီးချိုသမားတွေနဲ့ ကိုယ်အလေးချိန် မတိုးချင်သူတွေ မဖြစ်မနေရှောင်ရမမယ့် အစားအစာ တစ်ခုပါ။

    ပေါင်မုန့်ဖြူ

    ပေါင်မုန့်ဖြူဟာလည်း သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

    ရေခဲမုန့်

    ရေခဲမုန့်ကတော့ သကြား၊ အဆီနဲ့ ကယ်လိုရီတွေ ပြည့်နေတဲ့ အစားအစာတစ်မျိုးပါ။ များများစားရင် ကိုယ်အလေးချိန်တိုးနိုင်သလို သွားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    Ketchup အချဉ်

    အာလူးချောင်းကြော်၊ ကြက်ကြော်တွေ မှီဝဲရာမှာ မပါမဖြစ်က Ketchup အချဉ်ရည်ပါ။ အချဉ်ရည်ဆိုပေမယ့် သကြားပါဝင်မှုနှုန်းကတော့ မြင့်မားလွန်းလှပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ Ketchup အစား ကိုယ်တိုင်လုပ် ဆယ်လ်ဆာ (Tomato Salsa) မျိုးကို အစားထိုးမှီဝဲသင့်ပါတယ်။

    ဆန်ဖြူ/ထမင်း

    မြန်မာအပါအဝင် အာရှအရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းက တိုင်းပြည်တွေမှာ ထမင်းက မပါမဖြစ် အစားအစာတစ်ခုဖြစ်ပါတယ်။ ထမင်းဟာ အစာအိမ်အတွက် အကျိုးရှိပြီး အစာစားချင်စိတ်ကို လျော့ချနိုင်ပေမယ့် ပမာဏများပြားရင် လူကို ဝစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာစမာတီဆန်(Basmati) နဲ့ ဆန်လုံးညိုတွေ (Brown Rice) ကို မှီဝဲတာက ပိုကောင်းပါတယ်။

    ကွတ်ကီး

    ကွတ်ကီးကိုတော့ အချိုတည်းတာမျိုး၊ အစာပြေစားတာမျိုးတွေ ပိုလုပ်ကြပါတယ်။ ဒီမုန့်ပိစိလေးတွေဟာ သကြား၊ ကာဘိုဟိုက်ဒြိတ်နဲ့ အဆီတွေ အကုန်ပါဝင်နေတာပါ အကောင်သေးပေမယ့် များများမှီဝဲလေလေကျန်းမာရေးနဲ့ မညီညွတ်လေလေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 30/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement