ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ

    ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ

    ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ …. သင့်အသက် ဘယ်လောက်ပဲ ရှိနေနေ၊ ဆေးလိပ် သောက်ခဲ့တာ ဘယ်လောက်ပဲကြာခဲ့ကြာခဲ့၊ ဆေးလိပ် ဖြတ်လိုက်မယ်ဆိုရင် သင့်အသက်ကို ပိုရှည်စေပြီး၊ ပိုပြီးကျန်းမာစေမှာ သေချာပါတယ်။ အသက် ၅၀ မတိုင်ခင် ဆေးလိပ်ဖြတ်လိုက်သူတွေဟာ နောက် ၁၅နှစ်အတွင် သေဆုံးနိုင်ခြေကို ထက်ဝက်အထိ လျှော့ချလိုက်နိုင်တာကို တွေ့ရပါတယ်။

    ဒီလိုဆိုတော့ အသက် ၅၀ကျော်ရင်တော့ မဖြတ်တော့ဘူးလို့ မတွေးလိုက်ပါနဲ့။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတော့ ဘယ်တော့မှ မရှိပါဘူး။ ဘယ်အချိန်မှာပဲ ဖြတ်ဖြတ်၊ ဖြတ်လိုက်တာနဲ့ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။

    ဆေးလိပ်ဖြတ်လိုက်သူတွေဟာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ကြရတယ်

    ဆေးလိပ် သောက်ထားတဲ့ အရှိန်ကြောင့် ချောင်းဆိုးတာ၊ လေပြွန်ရောင်ရမ်းတာ၊ အဆုတ်ရောင်တာတို့ ဖြစ်တတ်ပေမယ့်လည်း ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး ကျန်းမာကြပါတယ်။

    များပြားလှတဲ့ တွေ့ရှိချက်တွေအရ

    • ဆေးလိပ်ဖြတ်ခြင်းက ယောကျာ်းမိန်းမ မရွေး၊ အသက်အရွယ်မရွေး၊ ကြီးမားတဲ့ အကျိုးအကျေးဇူးတွေကို ချက်ချင်းရစေပါတယ်။ ဆေးလိပ်နဲ့ ဆက်နွယ်တဲ့ ရောဂါတစ်ခုခု ရှိနေသည်ဖြစ်စေ၊ မရှိသေးသည်ဖြစ်စေ အဲဒီအကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။
    • ဆေးလိပ် ဖြတ်လိုက်သူတွေက ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး အသက်ရှည်ကြပါတယ်
    • ဆေးလိပ် ဖြတ်လိုက်ခြင်းက အဆုတ်ကင်ဆာ၊ အခြားသောကင်ဆာတွေ၊ နှလုံးထိခိုက်နိုင်ခြေ၊ လေဖြတ်ခြင်းနဲ့ နာတာရှည်အဆုတ်ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်
    • ကိုယ်ဝန်မဆောင်ခင် ဒါမှမဟုတ် ကိုယ်ဝန်ရှိစ ၃-၄လအတွင်း ဆေးလိပ်ဖြတ်လိုက်သူ၊ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးရှောင်လိုက်သူတွေရဲ့ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားနိုင်ခြေဟာ ဆေးလိပ်တစ်ခါမှ မသောက်ဖူးတဲ့သူတွေအတိုင်း ဖြစ်သွားပါတယ်။

    ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဖြတ်လိုက်တာနဲ့ ရနိုင်တာကို တွေ့ရပါတယ်။

    ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ …. အချိန်နဲ့အမျှ ရလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ။

    ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ ဆိုတော့

    • ဆေးလိပ် ဖြတ်လိုက်ပြီး မိနစ် ၂၀နေတာနဲ့ သင့်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးဖိအား ကျသွားပါလိမ့်မယ်။
    • ၁၂ နာရီနေရင် သွေးထဲက ကာဗွန်မိုနောက်ဆိုက်ဒ်က ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။
    • ၂ ပတ်ကနေ ၃ လ ကြာရင်တော့ သင့်ရဲ့ သွေးလည်ပတ်မှုတွေ ပိုကောင်းလာပြီး အဆုတ်ရဲ့လုပ်ဆောင်မှုတွေလည်း တိုးတက်လာပါလိမ့်မယ်။
    • ၁ လ ကနေ ၉ လ အကြာမှာတော့ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာတွေ သက်သာလာမယ်။ အဆုတ်ထဲက ချွဲတွေကို စွန့်ထုတ်ပေးတဲ့ အမွေးလေးတွေ ပုံမှန် ပြန်အလုပ်လုပ်လာမယ်၊ ချွဲတွေကို စွန့်ထုတ်လာနိုင်တာကြောင့် အဆုတ် ပိုသန့်လာမယ်၊ ရောဂါပိုး ကူးစက်ခံရမှု နည်းလာမယ်။
    • ၁နှစ်နောက်ပိုင်းမှာတော့ နှလုံးသွေးကြောကျဉ်းရောဂါ ရနိုင်ခြေက ဆေးလိပ် ဆက်သောက်နေသူထက် စာရင် တစ်ဝက်တိတိ လျော့သွားမယ်။
    • ၅ နှစ် အကြာမှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်နဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေက ဆက်သောက်နေသူထက် တစ်ဝက်လျော့သွားမယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေက ဆေးလိပ် မသောက်သူတွေအတိုင်း ဖြစ်သွားမယ်။ လေဖြတ်နိုင်ခြေကလည်း အဲဒီအတိုင်းပဲ ၂နှစ်ကနေ ၅နှစ်အတွင်း ဖြစ်သွားမယ်။
    • ၁၀ နှစ် ကြာရင် ဆေးလိပ် ဆက်သောက်နေသူထက် အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးနိုင်ခြေ တစ်ဝက်လျော့သွားမယ်။ အသံအိုးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းသွားမယ်။

    တခြား အကျိုးကျေးဇူးတွေကတော့ ဆီးချိုဖြစ်နိုင်ခြေ နည်းသွားမယ်။ သွေးကြောတွေ အလုပ် ပိုကျန်းမာလာမယ်။ နှလုံး နဲ့ အဆုတ်လည်း အားကောင်းလာမယ်။

    ငယ်ငယ်ရွယ်ရွယ်မှာ ဖြတ်လိုက်နိုင်ရင် အကျိုးကျေးဇူး ပိုများပေမယ့် ဘယ်အရွယ်မှာ ဖြတ်ဖြတ် များပြားလှတဲ့ အကျိုးကျေးဇူးတွေရမှာ အသေအချာပါပဲ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Effect of smoking on arterial stiffness and pulse pressure amplification, Mahmud A, Feely J. Hypertension. 2003:41:183

    US Surgeon General’s Report, 1988, p. 202

    US Surgeon General’s Report, 1990, pp.193, 194,196, 285, 323

    US Surgeon General’s Report, 1990, pp. 285-287, 304

    US Surgeon General’s Report, 2010, p. 359

    A Report of the Surgeon General: How Tobacco Smoke Causes Disease – The Biology and Behavioral Basis for Smoking-Attributable Disease Fact Sheet, 2010; and Tobacco Control: Reversal of Risk After Quitting Smoking. IARC Handbooks of Cancer Prevention, Vol. 11. 2007, p 341

    A Report of the Surgeon General: How Tobacco Smoke Causes Disease – The Biology and Behavioral Basis for Smoking-Attributable Disease Fact Sheet, 2010; and US Surgeon General’s Report, 1990, pp. vi, 155, 165

    Tobacco Control: Reversal of Risk After Quitting Smoking. IARC Handbooks of Cancer Prevention, Vol. 11. 2007. p 11.)

    စာရေးသူ ဓာတ်ပုံbadge
    Dr. Phio Thiha မှ ရေးသားသည်။ 08/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။