backup og meta

အိမ်မှာ အပူလောင်ရင် ဘယ်လို ပြုစုမလဲ

အိမ်မှာ အပူလောင်ရင် ဘယ်လို ပြုစုမလဲ

အပူလောင်တယ်ဆိုတာ အဖြစ်များဆုံး ဒဏ်ရာတစ်မျိုးပါ။ အများအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အရေပြားဆဲလ်တွေကို သေစေပြီး အရေပြားကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ တခြားဆက်စပ်ပြီးတော့ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာများကို ဦးတည်သွားစေနိုင်ပါတယ်။

အပူလောင်မှုအဆင့်

အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။

  • အဆင့်(၁) အပူလောင်မှု : အရည်ကြည်ဘုမထွက်ပဲ နီရဲသော အရေပြား၊ နာကျင်မှုအနည်းငယ်၊ ယောင်ယမ်းမှု အနည်းငယ် ရှိမယ်။
  • အဆင့်(၂) အပူလောင်မှု : ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဘုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။
  • အဆင့်(၃) အပူလောင်မှု : ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် အတွင်းသားပေါ်နေမယ်။

အပူလောင်စေတဲ့အရာများ

  • ဓါတုပစ္စည်းများ
  • လျှပ်စစ်
  • ဆူပွက်နေသော အရည်များ
  • မီး
  • နေရောင်ခြည်

အပူလောင်ရင် ချက်ချင်းလုပ်ရမယ့် ရှေးဦးသူနာပြုနည်းလမ်း

ပထမအဆင့်။ အပူထပ်မလောင်စေဘဲ နောက်ထပ်ဖြစ်လာမယ့် ထိခိုက်မှုကို ရှောင်ရှားပါ။

အပူကြောင့်လောင်တာဆိုရင် “ ရပ်၊ ချ၊ လိမ့် “ ဆိုတဲ့ နည်းကို သုံးပါ။ မီးလောင်နေတဲ့နေရာကို အဝတ်စ ဒါမှမဟုတ် ရေနဲ့ အုပ်ပြီးတော့ မီးသတ်လိုက်ပါ။

အအေးကြောင့်လောင်တာဆိုရင် ရေနွေးနွေးထဲကို နှစ်ပေးတာ ဒါမှမဟုတ် နူးညံ့နွေးထွေးတဲ့ အဝတ်တွေနဲ့ ပတ်ထားပေးပြီး လောင်နေတဲ့နေရာကို ပြန်လည်နွေးထွေးအောင် အလျှင်အမြန် လုပ်ဆောင်ပါ။

ဆူပွက်နေတဲ့အရည်ကြောင့် လောင်တာဆိုရင် လောင်တဲ့နေရာကို ဖွင့်ချထားတဲ့ရေဘုံဘိုင်အောက်မှာ ၁၀မိနစ်ကနေ မိနစ်၂၀လောက် ထားထားပါ။ ရေခဲလုံးဝမသုံးပါနဲ့။ အရေပြားကို နောက်ထပ်ပိုမို ထိခိုက်သွားနိုင်ပါတယ်။

လျှပ်စစ်ကြောင့်လောင်တာဆိုရင် ထိခိုက်တဲ့သူကို လျှပ်စစ်ပင်မနေရာကနေ အဝေးကို ခေါ်ဆောင်သွားပါ။ အသက်ရှင်မရှင် စစ်ဆေးပါ။ ထိခိုက်သွားတဲ့သူကို လျှပ်စစ်ရှော့ခ်အတွက် ပြုလုပ်ပေးရတဲ့ ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပါ။ ဆေးဘက်ဆိုင်ရာအကူအညီကို အမြန်ဆုံးခေါ်ပါ။

ဓါတုပစ္စည်းကြောင့်လောင်တာဆိုရင် ဖြစ်စေတဲ့ ဓါတုပစ္စည်းရဲ့ နာမည်အတိအကျကို ဖော်ထုတ်ပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့သူရဲ့ အကူအညီကို ချက်ချင်းတောင်းယူပါ။

နေလောင်တာအတွက်ဆိုရင် အရင်ဆုံး ထိခိုက်တဲ့နေရာကို အအေးခံပါ။ သန့်ရှင်းရေးလုပ်ပါ။ အလှဆီ လိမ်းပါ။ အကိုက်အခဲပျောက်ဆေးသောက်ပါ။

ဒုတိယအဆင့်။ တခြားဒဏ်ရာရှိမရှိ စစ်ဆေးပါ။

အပူလောင်တာတစ်ခုတည်းမဟုတ်ဘူးဆိုရင် စစ်ဆေးတာကို ပိုလုပ်ဖို့ အကြံပေးပါတယ်။

တတိယအဆင့်။ ဆရာဝန်နဲ့ ပြသဖို့ ပြင်ဆင်ပါ။

  • အခြား ယားယံမှုနဲ့ ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် အပူလောင်ထားတဲ့နေရာကို ခြောက်သွေ့ပြီး ပိုးသတ်ထားတဲ့ အဝတ်နဲ့ ဖုံးအုပ်ထားပါ။
  • အပူလောင်ထားတဲ့နေရာကို ဘာဆေးမှ မလိမ်းပါနဲ့။ ဒါမှ ဆရာဝန်အတွက် အခြေအနေကို ဖြေရှင်းဖို့ ပိုမို လွယ်ကူမှာပါ။
  • အရေပြားထိခိုက်မှုကို ကာကွယ်ဖို့ အပူလောင်ထားတဲ့နေရာကို ရေခဲ ဒါမှမဟုတ် ထောပတ်တို့ကို အသုံးမပြုပါနဲ့။

အိမ်မှာ အသေးစား အပူလောင်တာအတွက် ပြုစုကုသမှု

  • အပူလောင်တဲ့နေရာကို အအေးခံပါ။
  • ခြောက်သွေ့တာကို ကာကွယ်ဖို့ သက်သာစေမယ့် Lotion ၊ အလှဆီတို့ကို လိမ်းပါ။
  • အစိုဓါတ်ကို ထိန်းထားပါ။
  • ကွာနေတဲ့အရေပြားတွေကို ထပ်မခွာပါနဲ့။ ယားယံတာကို သက်သာဖို့ Lotion လိမ်းပေးပါ။

အပူလောင်တဲ့နေရာက ရက်အနည်းအကြာမှာ ပိုဆိုးတာ ဒါမှမဟုတ် မသက်သာတာဆိုရင် ဆရာဝန်နဲ့ ပြသပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/burns?m=0&rw1#Complications7. Accessed February 22, 2017
Treating Burns: First Aid and Home Treatment for Minor Burns.

http://www.webmd.com/first-aid/tc/burns-home-treatment.Accessed February 22, 2017

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Hello Sayarwon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement