သင့်ရှေ့မှာ လူတယောက် ဓါတ်လိုက်နေရင် ဘာလုပ်မလဲ။ ဒါဟာ သိပ်ပြီးလွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူတယောက် ဓါတ်လိုက်နေတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဓါတ်လိုက်ခံရမှု ဘယ်လောက်ပြင်းထန်လဲဆိုတာဟာ လျှပ်စစ်အမျိုးအစား၊ဗို့အားပမာဏ၊ခန္ဓါကိုယ်ထဲ လျှပ်စစ်ဖြတ်စီးပုံ အနေအထား၊ဓါတ်လိုက်ခံရသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဓါတ်လိုက်ခံရ ပြီးပြီးချင်း သူ့ကို ဘယ်လောက်မြန်မြန် ကုသမှုပေးနိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ဓါတ်လိုက်တာကြောင့် အရေပြား လောင်ကျွမ်းသွားနိုင်သလို အပြင်ပန်းမှာ ထူးထူးခြားခြား အမှတ်အသား ဘာမှမကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ဓါတ် ခန္ဓါကိုယ်ထဲ ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အတွင်းဒါဏ်ရာတွေ၊နှလုံးရပ်သွားတာတွေနဲ့ တခြားထိခိုက်ဒါဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် လျှပ်စစ်ပမာဏ အနည်းငယ်လေးနဲ့တောင် သေစေနိုင်ပါတယ်။
ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ ဓါတ်လိုက်ရင် ပြုလုပ်သင့်တဲ့ ရှေးဦးသူနာပြု နည်းလေးတွေကို သိထားသင့်ပါတယ်
၁။ ဓါတ်လိုက်နေတဲ့သူဟာ လျှပ်စစ်နဲ့ ထိနေတုန်းဆိုရင် သူ့ကို တိုက်ရိုက်မကိုင်တွယ်ပါနဲ့။ သင်ပါ ဓါတ်လိုက်သွားနိုင်ပါတယ်။
၂။ မိုးကြိုးပစ်တာမျိုး ဒါမှမဟုတ် ဗို့အားများတဲ့ လျှပ်စစ်နဲ့ ဓါတ်လိုက်တာမျိုးဆိုရင် အရေးပေါ်နံပါတ် ၁၉၉ ကိုဆက်ပြီး အရေးပေါ် အကူအညီတောင်းခံပါ။ ပါဝါကို လုံးဝပိတ်မချလိုက်ခင်မှာ ဗို့အားပြင်း လျှပ်စစ်ကြိုး/ပစ္စည်းတွေ အနား မကပ်ပါနဲ့။ ဓါတ်တိုင်တွေအချင်းချင်းဆက်ထားတဲ့ ဝိုင်ယာကြိုးတွေဟာ အများအားဖြင့် လျှပ်ကာ အလွှာမအုပ်ထားပါဖူး။ ဒါကြောင့် အဆိုပါ ဝိုင်ယာကြိုးတွေ လှုပ်ခါယမ်းနေရင် ဒါမှမဟုတ် မီးပွားတွေ ပွင့်နေရင် အနည်းဆုံး ပေ၂၀လောက် အကွာမှာ နေပါ။
၃။ အခြေအနေ အရမ်းဆိုးရွားတဲ့ ကိစ္စမျိုးကလွဲလို့ ဓါတ်လိုက်ခံရသူကို ပုံမှန်အနေအထားမှာ ထားပါ။ ပထမဆုံး လုပ်ရမယ့် အဆင့်က သူ့ကို လျှပ်စစ်စက်ကွင်းနေရာက မြန်နိုင်သမျှ မြန်မြန် ဖယ်ထုတ်ရပါမယ်။ အကောင်းဆုံးနည်းလမ်းကတော့ လျှပ်စစ်ရဲ့ မူလရင်းမြစ်နေရာကို ပါဝါပိတ်ပစ်လိုက်ဖို့ပါ (ဥပမာ စက်ပစ္စည်းကို ပလပ်ဆွဲဖြုတ်လိုက်တာ၊မိန်းခလုတ်ကို ပိတ်ချလိုက်တာ စသဖြင့်ပေါ့)။ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဖူးဆိုရင် ဓါတ်မလိုက်နိုင်တဲ့ ပစ္စည်း (ဥပမာ သစ်သားချောင်းလိုမျိုး)ကို သုံးပြီး ဖယ်ထုတ်ပါ။
၄။ ဓါတ်လိုက်ခံရသူကို လျှပ်စစ်နဲ့ ဝေးရာကို ဖယ်ထုတ်ပြီးတဲ့နောက်မှာ လူနာအနေနဲ့ သတိလစ်နေတုန်းဆိုရင် လူနာတင်ကားကို အမြန်ခေါ်ပါ။ ရှေးဦးသူနာပြုစုတာကို အခြေခံဗဟုသုတရှိပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူကသာ ပြုလုပ်သင့်ပါတယ်။
၅။ ဓါတ်လိုက်ခံရတာရဲ့ လက္ခဏာတွေဟာ ရုတ်တရက် မသိသာတာမျိုးတွေလည်း ရှိတဲ့အတွက် ဓါတ်လိုက်ခံရသူအနေနဲ့ သတိပြန်ရနေပြီး အခြေအနေကောင်းတယ်ဆိုရင်တောင် သူတို့ရဲ့ အခြေအနေကို ဆက်လက်ပြီး စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးအနေနဲ့ ခန္ဓါကိုယ်ထဲက ဆဲလ်တွေ အကုန်လုံးပျက်စီးပြီး တစ်ရှူးတွေပါ သေကုန်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ နောက်ထပ် ပြဿနာတွေက အတွင်းပိုင်းထိလှိုက်ပြီး လောင်တာ၊ ကြွက်သားတွေ ထိခိုက်ဒါဏ်ရာ ရတာ နဲ့ အရိုးတွေကျိုးတာ စသဖြင့် ဖြစ်ပါတယ်။
၆။RCD လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကာကွယ်ပေးတဲ့ ပစ္စည်းလေးကို သုံးပါ။ ဒီပစ္စည်းကို သုံးရင် လုံးဝဓါတ်မလိုက်တော့ပါဘူးလို့ အာမခံချက်မပေးနိုင်ပေမယ့် အကယ်၍များ ဓါတ်လိုက်ခဲ့သည်ရှိသော် ခန္ဓါကိုယ်ကို လျှပ်စစ်ဖြတ်စီးတဲ့ ကာလကို တိုတောင်းအောင် RCD က လုပ်ပေးနိုင်ပါတယ်။ ခြံထဲက ပန်းခြံထဲမှာ လျှပ်စစ်ပစ္စည်းတွေ သုံးလေ့ရှိသူတွေအဖို့ RCD ကို အသုံးပြုပြီး လျှပ်စစ်အန္တရာယ်က ကာကွယ်ဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် လျှပ်စစ်မိန်းဝင်ပေါက်မှာ တပ်ထားသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။