brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း

ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ 

  • ‌‌ချွေးထွက်များတာ
  • ရေသောက်နည်းတာ
  • အဖျားတက်တာ
  • ဝမ်းလျှောတာ၊ အန်တာ
  • ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို 
  • အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
  • ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ

    ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။ 

    • ခေါင်းကိုက်တာ
    • နုံးတာ
    • ရင်တုန်တာ
    • ကြွက်တက်တာ
    • ကြွက်သားတွေ အားနည်းတာ
    • ခြေချောင်း၊ လက်ချောင်းတွေ ထုံကျင်တာ
    • ပျို့အန်တာတွေတာ ဓာတ်ဆားချို့တဲ့တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်ပေးဖို့ လိုလာပါပြီ။ 

    ဓာတ်ဆားဓာတ်ကို ဘယ်လိုပြန်ဖြည့်နိုင်သလဲ

    ဓာတ်ဆားဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေက တခြားနေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာကြောင့် အရင်ဆုံးတော့ ဒီလက္ခဏာတွေက ဘာကြောင့်ဖြစ်လဲဆိုတာကို ရှာဖွေရမှာ ဖြစ်ပါတယ်။

    တကယ်ပဲ ဓာတ်ဆားချို့တဲ့တာကြောင့် ဖြစ်တာဆိုရင်တော့ ဓာတ်ဆားဓာတ်ကိုပြန်ဖြည့်ရမှာ ဖြစ်ပါတယ်။ 

    ဓာတ်ဆားဓာတ်ကို ပြန်ဖြည့်တဲ့အခါမှာလည်း အသည်းမကောင်း၊ ကျောက်ကပ်မကောင်းတာကြောင့်ဆိုရင် ဒီရောဂါတွေကို ကုသပေးရမှာပါ။ သာမန် ချွေးထွက်များတာ၊ အဖျားကြီးလို့ ဓာတ်ဆားချို့တဲ့တာဆိုရင်တော့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ‌သောက်ပြီးဖြည့်စွက်လို့ ရပါတယ်။

    ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

    သာမန်ဖျားတာ၊ ‌ချွေးထွက်များတာကြောင့် ဓာတ်ဆားဓာတ်တွေ နည်းနေပြီဆိုရင်တော့ ခုပြောတဲ့ အစားအသောက်တွေကို ‌နေ့စဉ်ပါဝင်အောင်စားသောက်ပြီး ပြန်လည်ဖြည့်တင်းပေးလို့ ရပါတယ်။

    စားစရာတွေထဲမှာဆိုရင်တော့

    • အစိမ်းရောင် ဟင်းရွက်တွေ -ဥပမာ မုန်ညင်း၊ ကိုက်လန်။
    • အခြားဟင်းသီးဟင်းရွက်တွေထဲမှာဆိုရင် ထောပတ်သီး၊ ကန်စွန်းဥ၊ အာလူး၊ ရွှေဖရုံသီး။
    • အသီးအနှံတွေထဲမှာဆိုရင် ငှက်ပျောသီး၊ ဆီးသီးနဲ့ တခြား အသီးအနှံတော်တော်များများက ဓာတ်ဆားဓာတ် ကြွယ်ဝပါတယ်။
    • နို့ထွက်ပစ္စည်းတွေမှာဆိုရင်တော့ ချိစ်၊ ဒိန်ချဉ် စတာတွေက ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ စားစရာတွေပါ။
    • သီဟိုဠ်စေ့လိုမျိုး အစေ့အဆန်တွေ ပုံမှန်စားပေးရင်လည်း ဓာတ်ဆားဓာတ်ပြည့်ဝစေပါတယ်။
    • ပဲနီ၊ ပဲဝါ၊ ပဲပုပ်စေ့၊ တို့ဖူး အပါအဝင် ပဲအမျိုးမျိုးကလည်း ဓာတ်ဆားဓာတ် ပြည့်ဝစေတဲ့ အစားအစာတွေပါ။ 

    သောက်စရာတွေထဲမှာဆိုရင်တော့ 

    • နွားနို့အပါအဝင် နို့အမျိုးမျိုး
    • ဓာတ်ဆားတွေ ဖြည့်စွက်ထားတဲ့ ဓာတ်ဆားအားဖြည့်ဖျော်ရည်
    • လိမ္မော်သီးဖျော်ရည်
    • အုန်းရည်
    • ပဲနို့
    • ခရမ်းချဉ်သီး ဖျော်ရည်အပါအဝင် သစ်သီးဖျော်ရည်စတာတွေကို သောက်ပေးမယ်ဆိုရင် ချို့တဲ့နေတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

    ဓာတ်ဆားဓာတ်တွေ ချို့တဲ့တာက အဖြစ်များတဲ့ ပြဿနာပါ။ လက္ခဏာမပြလို့ မသိကြပေမယ့် မိမိမှာ အထက်ပါ အခြေအနေတွေ ရှိတယ်ဆိုရင် ဓာတ်ဆားဓာတ်ချို့တဲ့နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ရောဂါကြောင့်၊ ဆေးဝါးတွေကြောင့် ဓာတ်ဆားချို့တဲ့တာဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သေချာတိုင်ပင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု၊ ချွေးထွက်များတာ စတာတွေကြောင့်ဆိုရင်တော့ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်သွင်းပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာ ဖြစ်ပါတယ်။ 

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/11/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။