backup og meta

ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း

    ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း လေ့လာလိုက်ဦးစို့နော်။ အမျှင်ဓာတ်ဆိုတာ တကယ်တော့ အပင်က ရတဲ့ မကြေလွယ်တဲ့ ကစီဓာတ် တစ်မျိုးပါပဲ။ စားလိုက်တဲ့ အစားအစာမှာ အမျှင်ဓာတ်ပါမယ်ဆိုရင် အူသိမ်နဲ့ အစာအိမ်က မခြေနိုင်ဘဲ အူမကြီးနဲ့ အူနှောင်းပိုင်းထိရောက်ပြီး သူ့အတိုင်း ဝမ်းသွားတဲ့ထဲ စွန့်ထုတ်ပါသတဲ့။ ဒါဆိုဘာလို့စားနေဦးမှာလဲပေါ့။

    ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း

    အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့အမျှင်၊ မပျော်ဝင်တဲ့ အမျှင်ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးလုံးကို ကိုယ်ခန္ဓာက ကျန်းမာရေး ထိန်းသိမ်းဖို့အတွက်   လိုအပ်ပါတယ်။ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အနှစ်ပုံစံ ဖြစ်လာပြီး အစာခြေခြင်းကို နှေးကွေးစေတာကြောင့် အချိန်ပိုကြာကြာ မဆာဘဲ ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။

    မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကတော့ အူလမ်းကြောင်း လှုပ်ရှားမှုကိုစည်းချက်မှန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်ကို အစာကြမ်းအဖြစ်လည်း လူသိများပြီး သန့်စင်ပြုပြင်ထားတဲ့ အစားအစာထက် တာရှည်ခံအောင် ပြုပြင်မထားတဲ့ သဘာဝ အစားအစာတွေမှာ ပိုပြီး တွေ့ရနိုင်ပါတယ်။ ဥပမာ အားဖြင့် အပင်ထွက်အစားအစာတွေဖြစ်တဲ့ နှံစားပြောင်း၊ ဂျုံကြမ်း၊ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အထူးသဖြင့် တွေ့ရပါတယ်။ သေချာ ခွဲပြီးပြောပြပေးရရင်

    ၁။ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကို သဘာဝ အစေ့အဆန်တွေ၊ ဂျုံ၊ နှံစားပြောင်းအပြင် မုန်လာဥ၊ တရုတ်နံနံနဲ့ ခရမ်းချဉ်သီးအစရှိတဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး အစားအစာမှာ တွေ့နိုင်ပါတယ်။

    ၂။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေကိုတော့ မုယောစပါး၊ အုတ်ဂျုံမှုန့်၊ ပဲ၊ အခွံမာအသီးအပြင် ပန်းသီး၊ ဘယ်ရီသီး၊ အချဉ်ပါတဲ့ အသီးနဲ့ သစ်တော်သီး အစရှိတဲ့ အသီးအနှံများမှာ တွေ့နိုင်ပါတယ်။

    အမျှင်ဓာတ်မှာ ကျန်းမာရေး အကျိုးကျေးဇူးအများကြီး ရှိတာမို့ နေ့စဥ်ထမင်းဝိုင်းမှာ သူ ပါဝင်စေဖို့ အရေးကြီးပါတယ်။ အမျှင်ဓာတ်က အလုံးစုံ ကျန်းမာရေးအတွက် အထောက်အကူပေးတဲ့အပြင် ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးမြှင့်ပေးပြီး ရောဂါတချို့ကို ကာကွယ်ပေးနိုင်သတဲ့။

    • အမျှင်ဓာတ် နဲ့ အစာခြေအင်္ဂါအဖွဲ့အစည်း

    အမျှင်ဓာတ်က အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ပုံမှန်ဖြစ်စေတယ်ဆိုတဲ့သဘောမှာ အမျှင်ဓာတ်တွေက ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်း နှစ်မျိုးလုံးကို ကာကွယ်ပေးတယ်လို့ ဆိုလိုတာပါ။ပုံမှန်အူလမ်းကြောင်းလှုပ်ရှားမှု ဖြစ်စေပြီးတော့ အူနံရံတစ်လျှောက် ပိုလျှံနေတဲ့ အဆီတွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဘေးဖြစ်စေမယ့် အဆိပ်အတောက်တွေကိုလည်း သူနဲ့အတူသယ်ဆောင်သွားပြီး စွန့်ထုတ်ပေးပါတယ်။ တစ်ဖက်ကလည်း အူလမ်းကြောင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ အူလမ်းကြောင်း ရောင်ရမ်းသည့် ရောဂါလက္ခဏာစု (irritable bowel syndrome) ကို သက်သာစေပြီး လိပ်ခေါင်း၊ အစာလမ်းကြောင်း ပြည်တည်နာ၊ အူရောင်နာ နဲ့ အစာခြေရည် အက်စစ်ဓာတ်များခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ တစ်ခုပဲ ရှိတာက သေချာကြေညက်အောင်မဝါးရင် (သို့)ပမဏ အများကြီးကို အချိန်တိုအတွင်းစားမိရင် အစာမကြေခြင်းနဲ့ လေထိုးလေအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    • အမျှင်ဓာတ်နဲ့ နှလုံး

    Betaglucan လို ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ အဆီ ပမာဏ (LDL) ကို လျှော့ချပေးပြီး ကောင်းမွန်တဲ့ အဆီ ပမာဏ (HDL) ကို များစေတာကြောင့် သွေးတိုးကျစေဖို့ ကူညီပေးပြီး

    နှလုံးအတွက် ကောင်းပါတယ်။ အချိုဓာတ် စုပ်ယူမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးသေးတာကြောင့် ကျောက်ကပ်နဲ့ သည်းခြေအိတ်တွင်း ကျောက်တည်ခြင်း အန္တရာယ်ကိုလည်းလျော့ပါးစေနိုင်ပါတယ်။

    Betaglucan ကြွယ်ဝစွာပါဝင်တဲ့ ကွေကာအုတ်ကြမ်းကိုနေ့စဥ် ၃ဂရမ်ခန့် စားပေးရင်ကို ဆီးချိုရောဂါ နဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသတဲ့။

  • အမျှင်ဓာတ်နဲ့ ကိုယ်အလေးချိန်
  • အမျှင်ဓာတ်ပါတဲ့ အစားအစာ စားထားတဲ့ အခါ ဗိုက်ပြည့်နေသလို အချိန်ပိုကြာကြာ ခံစားရမိစေလို့ အစာကို နည်းနည်းသာ စားဖြစ်စေတာကြောင့်ရယ်၊ မကောင်းတဲ့ ကိုလက်ထရော အဆီဓာတ်ကို ချပေးတာကြောင့်ရယ်၊ ဝမ်းမှန်စေတာကြောင့်ရယ်ပေါင်းပြီး ကိုယ်ရည်စစ်သွားစေပါတယ်။ ပြီးတော့ အစားအစာမှာ အမျှင်ဓာတ် များလေလေ ကယ်လိုရီ ပိုနည်းလေလေ မို့ တစ်ချက်ခုတ် သုံးလေးငါးချက်လောက် ပြတ်ပါတယ်။

    •  အမျှင်ဓာတ် နဲ့ ကင်ဆာ

    အမျှင်ဓာတ်ဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့စေသလားဆိုတာကို သုတေသန လုပ်နေဆဲ ဖြစ်ပေမယ့် ယေဘုယျသုံးသပ်ချက်ကတော့ အမျှင်ဓာတ်ပါတဲ့ အစားအစာကို စားသုံးခြင်းက အူမကြီးကို ပိုကောင်းတဲ့ အနေအထားမှာ ရှိစေပြီး အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့စေနိုင်မယ့် အလားလာကောင်း ရှိပါတယ်တဲ့။ အဓိကအနေနဲ့ အမျှင်ဓာတ်က ကျင်ကြီးပမာဏကို များစေတာမို့ အဆိပ်အတောက်တွေ ပါခဲ့ရင်တောင် ပါဝင်နှုန်းနည်းသလိုဖြစ်သွားပြီး အူနံရံနဲ့ အထိအတွေ့ပိုနည်းသွားစေတာကြောင့် ဖြစ်မယ်လို့လည်း သုံးသပ်နေကြပါတယ်။

    •  အမျှင်ဓာတ် နဲ့ အရေပြား

    အမျှင်ဓာတ်က ကိုယ်ခန္ဓာက အဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ ကူညီပေးလို့ အရေပြားကိုလည်း ကျန်းမာလှပစေတယ်။ အမျှင်ဓာတ်များများပါတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါတာမို့  လှပြီးရင်းလှစေဦးမှာ အမှန်ပါပဲ။

    တစ်နေ့ကို အမျှင်ဓာတ် ဘယ်လောက်စားသင့်လဲ?

    အသက်အရွယ်နဲ့ ကျား/မ ဖြစ်တည်မှုအပေါ်မူတည်ပြီး တစ်နေ့ကို အမျှင်ဓာတ် ၂၁ ဂရမ်ကနေ ၃၈ ဂရမ်အထိ စားပေးသင့်ပါတယ်။ ရေဓာတ်က အမျှင်ဓာတ်စုပ်ယူမှုကို အားပေးတာမို့  အမျှင်ပိုစားလေလေ ရေများများ ပိုသောက်သင့်လေလေပါ။

    သိထားသင့်တဲ့ အသုံးဝင်ပုံလေးတွေ

    မနက်စာမှာ အမျှင်ဓာတ်ကို ဦးစားပေး စားရင်  ဗိုက်ပြည့်နေစေပြီး အားအင်ရှိစေဖို့ အချိုဓာတ်ပမာဏကို မှန်ကန်အောင် ထိန်းပေးတာကြောင့် အဆင်ပြေစေသလို ညစာမှာ ထည့်စားရင်လည်း ဗိုက်ပြည့်စေပြီး ကယ်လိုရီ မတက်တာမို့ ညဘက်ခဏခဏ ဗိုက်ဆာတတ်သူတွေ အတွက် ကိုယ်အလေးချိန်တက်လာမှာ မပူရတော့ဘူးပေါ့။ နေ့စဥ်ထမင်းဝိုင်းမှာ  ဆန်လုံးညို၊ ဂျုံကြမ်းမုန့်တွေ၊ အစေ့အဆန်တွေ၊ အခွံမာအသီးတွေနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေနဲ့ ပြည့်နေပါစေနော်။ ပဲတွေနဲ့ ပဲတောင့်ရှည်ပဲတွေကို တတ်နိုင်သမျှ မကြာခဏ ထည့်စားပေးပါ။ အသီးတွေကိုတော့ ဖျော်ရည်လုပ်သောက်မယ့်အစား ဒီအတိုင်း စားသုံးပါ။

    အသား၊ နို့ထွက်ပစ္စည်းနဲ့ သကြားမှာ အမျှင်ဓာတ် မပါဝင်သလို ဆန်ဖြူ၊ ပေါင်မုန့်ဖြူ၊ ဂျုံမုန့်ညက်မုန့်များလိုမျိုး အစားအစာတွေမှာလည်း အမျှင်ဓာတ် မပါဝင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစာချောဖြစ်အောင် သန့်စင်ပြုပြင်တဲ့ လုပ်ငန်းစဥ်မှာ  အမျှင်ဓာတ်တွေ ဆုံးရှုံးကုန်လို့ပါပဲ။

    စနစ်တကျ ရွေးချယ်စားသောက်တတ်ခြင်းဖြင့် ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရရှိကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – နှင်းနုအေး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement