backup og meta

ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ
    မာလကာသီးလေး အချိုတည်းရင် ကြွပ်နေမှ ၊ ချိုအေးနေမှ အမောပြေတာနော်။ ဒီအရသာလေးကို နှစ်သက်လို့စားကြပေမယ့် သူ့ကိုစားလို့ ကျန်းမာရေးမှာ အကျိုးရှိစေနိုင်တာတွေလည်းရှိတာကို သိနေလို့လည်းစားကြတာပါ။ မာလကာသီး ထဲမှာကို အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုဆေးဖက်ဝင်တယ်လို့ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။အပေါ်ယံအမြင်နဲ့ကြည့်ရင်လည်း မာလကာသီး အူနီက အသားပိုမွမွလေးဖြစ်တယ်၊ စားလို့ကောင်းတယ်၊ နူးညံ့တယ်လေ။ သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကိုလေ့လာပြန်တော့လည်း ဒီအတိုင်းလေးတွေတွေ့ရပါတယ်။ ကဲ ….. ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။

    ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ

    ဆေးဖက်ဝင်တဲ့ မာလကာသီးအူနီ ဘာတွေစွမ်းသလဲ ဆိုတော့
    (၁) သွေးတွင်းသကြားဓါတ်ကျစေတယ်

    မာလကာသီးဟာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်စွမ်းပိုကောင်းစေတဲ့အာနိသင်ရှိတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆီးချိုရှိတဲ့ဖေဖေမေမေတို့အတွက်လည်း မကြာမကြာ စားသင့်တဲ့သီးနှံတစ်မျိုးပါပဲ။ ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    (၂) နှလုံးကျန်းမာစေတယ်

    မာလကာသီး မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင်တွေကြောင့် နှလုံးကိုfree radicalsတွေရန်က ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့ အမျှင်ဓါတ်တွေလည်းပါဝင်မှုများလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

    မာလကာသီးက သွေးတိုးကိုကျစေ၊ မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရောတွေကိုမြင့်တက်စေတဲ့အတွက် နှလုံးကျန်းမာရေးကိုစောင့်ရှောက်ပေးနိုင်တာပါ။

    (၃) ရာသီလာချိန် ကိုက်ခဲမှုတွေကို သက်သာစေတယ်

    လူကြီးတွေ ပြောလေ့ရှိတာက ရာသီလာချိန် ချုပ်စာတွေမစားရဘူးဆိုပြီးရှောင်ခိုင်းတဲ့အထဲမှာ မာလကာသီးလည်းပါပါတယ်။ ရာသီလာချိန် ကိုက်ခဲတာကprostaglandins လို့ခေါ်တဲ့ သားအိမ်နံရံမှာရှိတဲ့ ဟော်မုန်းလို ဓါတ်ပစ္စည်းတွေကြောင့် ဖြစ်ရတာမို့ ဒီလိုအစားအသောက်နဲ့မဆိုင်ပါဘူး။ ပိုမဆိုးအောင်၊ သက်သာအောင်တော့ အပူအစပ်တွေ၊ပြုပြင်ထားတဲ့အစားအစာတွေ ရှောင်သင့်တာပဲ ရှိတယ်။ သက်သာစေမယ့် အစားအသောက်တွေလည်း ရှိတယ်။ အခုက မာလကာသီးဟာ ရာသီလာချိန် ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေကိုတောင် သက်သာစေနိုင်တယ်လို့ လေ့လာမှု အထောက်အထားတွေက ဆိုပါတယ်။ ဒီအချိန်မျိုးဆို သူက အကိုက်အခဲပျောက်ဆေးထက် ပိုစွမ်းနေနိုင်ပါတယ်။

    (၄) အစာခြေစနစ်အတွက်ကောင်းတယ်

    မာလကာသီးဟာ အမျှင်ဓါတ်တွေကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် အူတွင်းလှုပ်ရှားမှုကို ပိုကျန်းမာစေပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင်တယ်။ မာလကာသီး တစ်လုံးမှာဆို တစ်နေ့တာစားသင့်တဲ့ အမျှင်ဓါတ်ပမာဏရဲ့၁၂ ရာခိုင်နှုန်းပါဝင်ပါတယ်။ မာလကာရွက်ဆိုရင်တောင် ဝမ်းပျက်ဝမ်းလျှောခြင်းသက်သာစေတယ်၊ ပိုးသတ်အာနိသင်ကြောင့် အူလမ်းကြောင်းကိုဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ အရွက်ကျတော့ ဒီအတိုင်းစား၊ပြုတ်သောက်တာဆိုဘေးရှိနိုင်လို့ဆေးအဖြစ် extract ထုတ်ထားတာတွေလောက်မှ သုံးလို့ ဖြစ်မှာပါ။

    (၅) အဆီချတဲ့အချိန် စားသင့်တယ်

    အမျှင်ဓါတ်များတဲ့ မာလကာသီးဟာ အဆီချတဲ့အခါ စားသင့်တဲ့အသီးထဲပါဝင်ပါတယ်။ အစား diet လုပ်တဲ့အခါ ပန်းသီး၊ မာလကာသီးတို့ကိုစားရင် အဆာခံတယ်၊ ကယ်လိုရီနည်းတယ်၊ အချိုနည်းတယ်။ သူ့မှာ ကယ်လိုရီနည်းတဲ့အပြင် ဗီတာမင်နဲ့သတ္တုဓါတ်တွေလည်းပါဝင်တာကြောင့် dietလုပ်တဲ့အခါ အာဟာရမလျော့တော့ဘူးပေါ့။

    (၆) ကိုယ်ခံအားမြှင့်တင်ပေးတယ်

    ဗီတာမင် စီအားနည်းရင်ရောဂါဝင်လွယ်တယ်၊ ကိုယ်ခံအားနည်းတယ်ဆိုတာ သိကြပါတယ်။ မာလကာသီးက မချဉ်ပေမယ့် ဗီတာမင်စီ ကြွယ်ဝပါတယ်။ မာလကာသီး တစ်လုံးဆိုရင် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ နှစ်ဆလောက်ပါဝင်နိုင်ပါတယ်။ လိမ္မော်သီးတစလုံးစာထက် ပိုများနေတာပေါ့။ ဒီတော့ ကိုယ်ခံအားကို ပိုကောင်းစေပြီးရောဂါပိုးတွေခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။

    (၇) အသားအရေအတွက်ကောင်းတယ်

    ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများကြီးပါလို့ အသားအရေအတွက် အတော် အကျိုးပြုပါတယ်။ မာလကာသီး အူနီမှာ ပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြား ထိခိုက်မှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာရွက်ကိုချေပြီး တို့ပေးရင် ဝက်ခြံသက်သာစေနိုင်ပါတယ်။လေ့လာမှုအရ မာလကာရွက်extract က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ သိရပါတယ်။

    ဘာတွေ သတိထားရမလဲ

    အရသာလည်းရှိ ဆေးဖက်လည်းဝင်တဲ့ မာလကာသီးကို စားမယ်ဆို ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပေမယ့် အစေ့ကိုတော့ မစားမိဖို့၊ မျိုမချမိဖို့ ဂရုစိုက်ပါ။ အူအတက်ပေါက်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement