အသက်ရလာပြီဖြစ်တဲ့ မိဘတွေအတွက်အစာကြေလွယ်အောင် အစားအသောက်တွေကိုဘယ်လိုပြင်ဆင်ပေးမလဲ
အသက်အရွယ်ကြီးရင့်လာတဲ့အခါ စားသောက်မှုမှာအခက်အခဲကြုံတွေ့ရတာမျိုးတွေရှိလာတတ်ပါတယ်။ မိမိရဲ့မိဘတွေအတွက်အစာကြေလွယ်ပြီး စားသောက်ရလွယ်ကူတဲ့အစားအသောက်လေးတွေပြင်ဆင်နိုင်ဖို့ သိထားရင်အကျိုးရှိနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
- ဝါးရခက်ခဲတဲ့အခါ – သက်ကြီးရွယ်အိုတွေမှာ ဝါးရခက်ခဲတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ထိုကဲ့သို့ဝါးရခက်ခဲတာမျိုးကြောင့် စားသောက်ရာမှာအခက်ကြုံနေတဲ့ မိမိရဲ့မိဘတွေအတွက်လတ်ဆတ်တဲ့သစ်သီးတွေ၊ဒိန်ချဉ်တွေနဲ့ပရိုတင်းအမှုန့်တွေရောစပ်ပြီး သစ်သီးဖျော်ရည်တွေဖျော်ပေးတာမျိုးလုပ်ဆောင်ပေးနိုင်သလိုပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ဆန်ကိုခပ်ပျော့ပျော့ချက်ထားတာကိုတွဲဖက်စားသုံးစေနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ စွပ်ပြုတ်ရည်တွေကလည်း သက်ကြီးရွယ်အိုတွေအတွက်ကောင်းမွန်တဲ့စားသောက်ဖွယ်ရာတွေဖြစ်ပါတယ်။
- ပါးစပ်ခြောက်တာကိုခံစားရတဲ့အခါ – အသက်ရလာတာနဲ့အမျှရေသောက်နည်းလာတတ်တာကြောင့် လူကြီးတွေမှာပါးစပ်ခြောက်တာမျိုးတွေတွေ့ကြုံခံစားရနိုင်ပါတယ်။ လူကြီးမိဘတွေကိုနေ့စဉ်ရေ ၈ ခွက်ကနေ ၁၀ ခွက်ထက်မနည်းသောက်သုံးမိစေဖို့ ဂရုစိုက်ပေးပါ။ သူတို့တွေရဲ့ ခန္ဓါကိုယ်ထဲမှာရေဓါတ်ရရှိနေစေဖို့ စားသုံးမယ့်အစားအစာတွေထဲမှာဆော့စ်တွေထည့်သွင်းပြင်ဆင်ပေးပါ။ အစားတစ်ခုခုစားပြီးတိုင်းရေတိုက်ဖို့မမေ့ပါနဲ့။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုမကြိုက်တဲ့အခါ – မိမိရဲ့ မိဘတွေက ကျန်းမာရေးညီညွတ်တဲ့အစားအသောက် တွေကိုကြိုက်နှစ်သက်မှုမရှိဘူးဆိုရင် သူတို့စားမယ့်အစားအသောက်တွေကိုပြင်ဆင်ပေးတဲ့အခါတိုင်း သစ်သီးတစ်လုံး (သို့) ဟင်းသီးဟင်းရွက်တွေထည့်သွင်းပြင်ဆင်ပေးပါ။ ထမင်းဗူးလိုမျိုး ဗူးသေးသေးလေးတစ်ခုဝယ်ပြီး ဗူးထဲမှာသစ်သီးတွေမျိုးစုံအောင်ပြင်ဆင်ပေးလိုက်ပါ။
- ရေခဲသေတ္တာနဲ့ကြောင်အိမ်ထဲမှာ အစားအသောက်တွေပြည့်ပြည့်စုံစုံ ထည့်ထားပေးပါ – အသင့်စားလို့ရတဲ့အစားအသောက်တွေ နဲ့ မိဘတွေအတွက်ပြင်ဆင်ထားတဲ့အစားအသောက်တွေ ဥပမာ – ကိတ်မုန့်တွေနဲ့အသီးအရွက်တွေကိုရေခဲသေတ္တာထဲထည့်ပေး ထားတာ စွပ်ပြုတ်ဗူးတွေနဲ့ ဆီသွတ်ဗူးတွေကိုတော့ကြောင်အိမ်ထဲထည့်ပေးထားတာမျိုးတွေလုပ်ဆောင်ပေးခြင်းဖြင့် လူကြီးမိဘတွေကို ဗိုက်ဆာတဲ့အခါ အလွယ်တကူစားသုံးနိုင်အောင်ပြင်ဆင်ပေးထားပါ။
- အစားအသောက်တိုင်းကိုလွယ်လင့်တကူစားသုံးနိုင်အောင်ပြင်ဆင်ပေးထားပါ – ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တဲ့နေရာမှာ အစားအစာတွေကိုအများကြီးပြင်ဆင်စားသောက်တာမျိုးလုပ်ဖို့ မလိုပါဘူး။ ရိုးရှင်းတဲ့အစားအစာတွေကိုရွေးချယ်ပြီးရေခဲသေတ္တာထဲမှာထည့်ထားပေးပါ။ ဒီလိုလုပ်ဆောင်ထားပေးတာက လူကြီးတွေကို အလွယ်တကူချက်စားလို့ရစေမှာဖြစ်ပါတယ်။
- အဓိကဟင်းလျာအမည်တွေကိုပြင်ဆင်ထားပါ – ကြက်သား၊ငါး၊ဟင်းသီးဟင်းရွက်နဲ့အမဲသားလိုမျိုး ချက်ပြုတ်လို့လွယ်ကူမယ့် အစားအသောက်တွေပြင်ဆင်ထားရှိပေးပါ။ ဒီဟင်းအမည်တွေကိုစားသုံးတဲ့အခါဆော့စ် ဒါမှမဟုတ်အခြားတွဲဖက်စားလို့ရတဲ့ အစားအစာမျိုးတွေနဲ့ စားသုံးနိုင်အောင်ပြင်ဆင်ထားပေးပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတွေထားရှိပေးပါ – သစ်သီးခြောက်တွေ၊cereal barတွေ၊အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ တစ်ခါသောက်စာ အချိုရည်ဗူးလေးတွေနဲ့အသင့်စားစွပ်ပြုတ်ဗူးလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆာပြေအစားအစာတွေထားရှိပေးပါ။
- ရေခဲသေတ္တာထဲမှာ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေထားရှိပေးပါ -ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်တွေနဲ့သစ်သီးတွေကိုထားရှိပေးတာက မိဘတွေကို စားသုံးတဲ့အစားအသောက်တွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်အောင်စားသုံးမိစေမှာဖြစ်ပါတယ်။
- မိမိနေအိမ်မှာ လူကြီးမိဘတွေဖို့လိုအပ်တဲ့ ပစ္စည်းပစ္စယတွေရှိပါစေ – မိမိရဲ့ မိဘတွေက အစားအသောက်တွေ စားသုံးတဲ့အခါ အသက်ကြီးရင့်လာတာကြောင့် ဇွန်းတွေ၊ခရင်းတွေနဲ့စားသောက်ရတာအဆင်မပြေတဲ့အခါမျိုးမှာ လူကြီးတွေအတွက်ထုတ်ထားပေးတဲ့ ဇွန်းလိုမျိုးအရာတွေကို ဝယ်ယူထားရှိပေးပါ။ ရေနွေးထည့်ထားလို့ရတဲ့ အပူထိန်းဗူးငယ်လေးတွေကရေနွေးခရားတွေထက် ပိုသင့်တော်ပါတယ်။ မိုက်ခရိုဝေ့ခ်တွေကတော့ အစားအသောက်တွေကိုပြင်ဆင်ဖို့အတွက်ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါပဲ။
- အစာကြေလွယ်စေမယ့်အရာတွေပါဝင်ပါစေ – ဥအမျိုးမျိုးပါဝင်အောင်ပြင်ဆင်ချက်ပြုတ်ပေးတာကပရိုတင်းဓါတ်ကိုရရှိစေတာကြောင့် ကြက်ဥမွှေကြော်၊ကြက်ဥပြုတ်နဲ့မကျက်တကျက်ကို အသုပ်ထဲထည့်သုပ်တာလိုမျိုးပြင်ဆင်ပေးပါ။ အသားညှပ် ဘာဂါလိုမျိုး အရာတွေအစားနူးညံ့ပြီး နှလုံးကျန်းမာရေးအတွက်အထောက်အပံ့ဖြစ်စေမယ့် ငါးကိုပြောင်းလဲပြင်ဆင်ပေးပါ။ အသီးအရွက်တွေကိုလည်း အရွယ်တော်လေးတွေလှီးဖြတ်ပြီးပျော့ပျောင်းနေအောင် ဟင်းရည်ထဲထည့်ချက်ပေးတာမျိုး ဟင်းပွဲတွေထဲထည့်ချက်ပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးပါ။ပျော့ပျောင်းတဲ့သစ်သီးတွေဖြစ်တဲ့ ဘယ်ရီသီးတွေ၊ဖရဲသီးလိုမျိုးဝါးစားရလွယ်တဲ့ သစ်သီးတွေကိုပြင်ဆင်ပေးပါ။
- အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်ပါစေ- အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အစာချေဖျက်မှုကို အထောက်အပံ့ ဖြစ်စေပြီး ဝမ်းချုပ်တာကိုလျှေ့ချပေးနိုင်သလို အူမကြီးကျန်းမာရေးကိုလည်းထိန်းသိမ်းပေးပါတယ်။ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေကလေထတာ၊လေပွတာနဲ့ ဝမ်းလျှောတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် မိမရဲ့မိဘတွေကိုပြင်ဆင်ကျွေးမွေးတဲ့အခါ အမျှင်ဓါတ်ကြွယ်ဝတဲ့ ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊အခွံမာသီးတွေနဲ့ အစေ့အဆန်တွေထည့်သွင်းပြင်ဆင်ပေးပါ။
- ဒိန်ချဉ်စားသုံးအောင်လုပ်ဆောင်ပေးပါ – ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေကိုရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်ပြီး အစာချေဖျက်မှုအတွက်အရေးပါတဲ့ အခြားအကျိုးပြုဘက်တီးရီးယားတွေလည်းပါဝင်နေတဲ့အစားအစာတစ်ရပ်ဖြစ်ပါတယ်။ ဒိန်ချဉ်က ကူးစက်ရောဂါတွေကနေပြန်လည်ကောင်းမွန်စေတဲ့အစွမ်းသတ္တိရှိသလို ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေနိုင်တာကြောင့် လူကြီးမိဘတွေကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ ဒိန်ချဉ်ကိုလည်းထည့်သွင်းပြင်ဆင်ပေးဖို့မမေ့ပါနဲ့။
- ချင်းပါဝင်ပါစေ – ချင်းက အစာချေဖျက်မှုကောင်းအောင်အထောက်အပံ့ပေးနိုင်တဲ့သတ္တိရှိပါတယ်။ ချင်းက အစာချေ လမ်းကြောင်းတစ်လျှောက်မှာ အစာချေအင်ဇိုင်းတွေထွက်ပေါ်လာအောင်လှုံ့ဆော်ပေးတာကြောင့် အစာချေဖျက်မှုကိုကောင်းမွန်စေပြီး အစာမကြေ တာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးပါ။ ချင်းက အစာအိမ်ကြွက်သားကျုံ့မှုကိုတိုးတက်စေသလိုအူသိမ်အထက်ပိုင်းဆီကို အစားအစာတွေပို့ဆောင်ပေးမှုကိုလည်းမြန်ဆန်စေပါတယ်။
- အဆီနည်းတဲ့အစားအသောက်တွေရွေးချယ်ကျွေးမွေးပါ –အဆီများတဲ့ အစားအသောက်တွေနဲ့ဆီကြော်တွေကacid reflux နဲ့ ရင်ပူတာကိုဖြစ်စေနိုင် သလို အစာကြေခဲတာကြောင့် ဆီကြော်တွေနဲ့အဆီများတဲ့အစားအသောက်တွေမကျွေးပါနဲ့။ အဆီဓါတ်များတဲ့ပြုပြင်ထားတဲ့အသားတွေ၊အာလူးချောင်းကြော်တွေ၊ရေခဲမုန့်၊ထောပတ်နဲ့ချိစ်တွေ သိပ်မကျွေးပါနဲ့။
- အစပ်အရသာပြင်းလွန်းတဲ့ အစားအသောက်တွေရှောင်ပါ – အစပ်များတဲ့အစားအစာတွေက လည်ချောင်းတွေနဲ့ အစာရေမျိုတွေကို ကျိန်းစပ်စပ်ဖြစ်စေသလိုacid reflux နဲ့ရင်ပူတာတွေကိုဖြစ်ပေါ်ခံစားရတတ်စေပါတယ်။ အစပ်များတဲ့အစားအသောက်တွေက အစာအိမ်အူလမ်းကြောင်းကို မအီမသာဖြစ်စေသလို အစာကြေညက်မှုကိုနှေးစေပြီး ဝမ်းလျှောတာနဲ့ အခြား အစာချေလမ်းကြောင်းဆိုင်ရာဝေဒနာတွေကိုခံစားရစေနိုင်တာကြောင့် အစပ်အရသာပြင်းတဲ့အစားအသောက်တွေကိုရှောင်ကြဉ်ပါ။
- နို့ထွက်ပစ္စည်းတွေကို သိပ်မစားပါနဲ့ – နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကလူ့ကျန်းမာရေးအတွက် အထောက်အကူပြုနိုင် တယ်ဆိုပေမယ့် အခြားနို့ထွက်ပစ္စည်းတွေက အစာကြေခဲတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ မိမိရဲ့မိဘတွေမှာlactose နဲ့ ဓါတ်မတည့်တာမျိုးရှိရင်တော့ နို့ထွက်ပစ္စည်းတွေ၊ဒိန်ချဉ်တွေမကျွေးမိစေဖို့သတိပြုပါ။lactose နဲ့ဓါတ်မတည့်တာကြောင့်လေပွတာ၊အစာမကြေတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
- အနီရောင်အသားတွေ သိပ်မစားပါနဲ့ -အနီရောင် အသားတွေ ဝမ်းချုပ်စေနိုင်သလို အစာချေဖျက်ဖို့အတွက်လိုအပ်တဲ့ အူမကြီးရဲ့ ပုံမှန်လှုပ်ရှားမှုတွေကိုနှေးကွေးစေပါတယ်။ အနီရောင်အသားတွေက အစာချေဖျက်မှုလုပ်ငန်းစဉ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုရှိစေပါတယ်။
အထက်မှာဖော်ပြထားတဲ့အကြောင်းအရင်းလေးတွေကိုဖတ်ကြည့်ပြီး မိမိရဲ့ မိဘတွေကို အာဟာရပြည့်ဝပြီး အစာကြေလွယ်တဲ့ အစားအစာလေးတွေပြင်ဆင်ပေးနိုင်ကြမှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။