brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက အန္တရာယ်ရှိလား

တချို့လူတွေရဲ့ နှုတ်ခမ်းပေါ်မှာ အဖြူစက်လေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ အပေါ်နှုတ်ခမ်းမှာပေါ့။ တချို့ကလည်း ဒါကို ရောဂါတစ်ခုခုကို ထင်ကြသလို တချို့ကလည်း ပျောက်အောင်ဆိုပြီး ကုတ်ဖဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေကို Fordyce spots လို့ ခေါ်ပါတယ်။

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက အန္တရာယ်ရှိလား

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာလေးတွေလဲ

Fordyce spots တွေက အဆီဂလင်းတွေ ဖြစ်ပြီး အရွယ်အစားကြီးလာတာကြောင့် အရေပြားပေါ်ကို ဖောင်းထွက်လာတာပဲ ဖြစ်ပါတယ်။ အမွေးမရှိတဲ့အရေပြားနေရာတွေမှာ အဖြစ်များပါတယ်။

ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တဲ့အချိန်လောက်ကစပြီး ထွက်လာတတ်ပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းလောက်မှာ ဒီအဖြူစက်လေးတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ၂ဆလောက် ပိုဖြစ်တာကိုတွေ့ရပါတယ်။

Fordyce spots တွေ ဘာကြောင့် ဖြစ်လာတာလဲ

တချို့ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီအဖြူစက်လေးတွေက မွေးတည်းက ပါလာတာပါတဲ့။ ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်ရောက်မှ ပိုပြီး သိသာလာတယ်လို့ ဆိုပါတယ်။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျရယ်လို့ မရှိပါဘူး။

Fordyce spots က ဘာလက္ခဏာတွေ ပြတတ်သလဲ

နှုတ်ခမ်းမှာ အဖြူစက်လေးတွေ ပေါ်လာရင် တခြားရောဂါ တစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ Fordyce spots လို့ ပြောနိုင်တဲ့ အချက်တွေကတော့

  • အဖြူ၊ အဝါ၊ ပန်းရောင် ဒါမှမဟုတ် အသားရောင် အစက်လေးတွေ ထွက်နေတာ
  • အစက်တစ်ခု ဒါမှမဟုတ် အစက်လေးတွေ စုနေတာ
  • အရေပြားကို ဆန့်ကြည့်ရင် ပိုပြီး သိသာတာ (ဥပမာ နှုတ်ခမ်းမှာဆိုရင် ပြုံးကြည့်တာမျိုးပေါ့)
  • အရွယ်အစားက ခဲတံထိပ် ဒါမှမဟုတ် နှမ်းစေ့လောက်ပဲ ရှိတာ
  • နာကျင်ခြင်း မရှိတာ စတာတွေပဲ ဖြစ်ပါတယ်။

Fordyce spotsက အန္တရာယ်ရှိသလား

Fordyce spots က ကူးစက်ရောဂါ မဟုတ်သလို ကင်ဆာလည်း မဟုတ်ပါဘူး။ ရိုးရိုး အဆီဖုလေးတွေပဲ ဖြစ်ပါတယ်။ နမ်းတာ၊ အစားအသောက် အတူစားတာကနေလည်း မကူးနိုင်ပါဘူး။ ဒါကြောင့် Fordyce spots က အန္တရာယ် မရှိပါဘူး။

ဒါပေမဲ့ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက Fordyce spots မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Fordyce spots နဲ့ မှားနိုင်တဲ့ ရောဂါတွေက ‌တော့

  • ရေယုန်
  • Miliaလို့ ခေါ်တဲ့ အန္တရာယ်မရှိတဲ့ အဖု (သူက ဆဲလ်သေတွေနဲ့ စုပြီး ပိတ်နေတာပါ)
  • မှက္ခရု
  • ကြွက်နို့
  • ခံတွင်းကင်ဆာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့် နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာမှန်းမသိဘူးဆိုရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။ Fordyce spots ဆိုရင်တော့ အန္တရာယ် မရှိပါ။

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေကို ဘယ်လိုစစ်ဆေး သိရှိနိုင်သလဲ

များသောအားဖြင့်တော့ လက္ခဏာကိုပဲ ကြည့်ရှုစစ်ဆေးတာ ဖြစ်ပါတယ်။ တကယ်လို့ တခြား ရောဂါတစ်ခုခုလို့ ထင်ရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ရမှာပါ။

ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေတွေကတော့

  • နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာမှန်းမသိဘူးဆိုရင်
  • အဖုတွေက နာတယ်
  • သွေးထွက်တယ်
  • လည်ပင်းမှာ တစ်ခုခုကပ်နေသလို ခံစားရတယ်
  • လည်ပင်းမှာ အကျိတ်ထွက်တယ်
  • လျှာထုံလာတယ်
  • အစာစားရ၊ မျိုချရတာ ခက်လာတယ်
  • ဖျားပြီး လည်ပင်းနာတယ်
  • အဖုတွေက ၂ပတ်ကြာတာတောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

Fordyce spots တွေကို ဘယ်လိုကုသနိုင်သလဲ

Fordyce spots တွေက အဖြစ်များတယ်၊ အန္တရာယ်မရှိတာကြောင့် မဖြစ်မနေ ပြသဖို့တော့ မလိုပါဘူး။ တချို့ကလည်း အချိန်ကြာလာရင် သူ့အလိုလိုသက်သာသွားတတ်ပါတယ်။ တကယ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။

  • Cryotherapy

အအေးဓာတ်ကို သုံးပြီး တစ်ရှူးတွေကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ ကုထုံးအပြီးမှာ နှုတ်ခမ်းတစ်ဝိုက် ၃ရက်လောက် နာနေနိုင်ပါတယ်။

  • Electrodessication

လျှပ်စီးပါတဲ့ အပ်ကို သုံးနဲ့ အဖုလေးတွေ ရှိတဲ့နေရာကို စားလိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၃-၅ရက်လောက် ကြာတတ်ပါတယ်။

  • Laser skin resurfacing

လေဆာနဲ့ အဖုလေးတွေရှိတဲ့ အရေပြားကို စားလိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၅ရက်ကနေ ၂၁ရက်အထိ ကြာနိုင်ပါတယ်။

  • Micro-punch surgery

ခဲတံလို ကိရိယာလေးနဲ့ အရေပြားကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၁လလောက် အချိန်ယူရပါတယ်။

  • လိမ်းဆေးများ

Retinoidsလို လိမ်းဆေးတွေကို အသုံးပြုပြီး အဖုလေးတွေကို ဖယ်ရှားတာ ဖြစ်ပါတယ်။ အာနိသင်ပြဖို့ ၂ပတ်ကနေ ၆ပတ်အထိ ကြာတတ်ပါတယ်။

ဒီကုထုံးတွေကို အသုံးပြုတာက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်တာကြောင့် ကိုယ်နဲ့ ကိုက်ညီတာကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

အိမ်တွင်းနည်းလမ်းများ

ကုထုံးတွေအထိ မသွားချင်သေးဘူးဆိုရင် အိမ်မှာ အောက်ပါ နည်းလမ်းတွေနဲ့လည်း စမ်းကြည့်နိုင်ပါသေးတယ်။

  • ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ချွေးပေါက်တွေကို ကျဉ်းပြီး အဆီတွေကို ခြောက်စေတဲ့ အာနိသင်ရှိပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေ ခွက်၄ပုံ၁ပုံရောပြီး အဖုလေးတွေ နေရာကို တို့ပေးပါ။ တစ်ပတ်ကို ၂-၃ကြိမ် သုံးပေးရင် ၄ပတ်က ၆ပတ်အကြာမှာ သိသာလာနိုင်ပါတယ်။

  • Argan oilနဲ့ jojoba oil

ဒီအဆီတွေမှာ ဗီဝာာမင် အီး ပါဝင်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားကို တင်းရင်းစေပါတယ်။ အဖုလေးတွေ ရှိတဲ့နေရာကို တစ်ရက် ၂ကြိမ် လိမ်းပေးမယ်ဆိုရင် ၄ပတ်လောက်အကြာမှာ အရွယ်အစား သေးသွားနိုင်ပါတယ်။

  • အုန်းဆီ

အသားခြောက်ရင်လည်း အဆီဂလင်းက အဆီတွေ ပိုထုတ်တာကြောင့် အဖုလေးတွေ ပိုသိသာလာတာ ဖြစ်ပါတယ်။ ဒါကြောင့် အဖုလေးတွေ ရှိတဲ့နေရာကို အုန်းဆီလိမ်းပေးပါ။ အရေပြားအစိုဓာတ်ပြည့်တဲ့အခါ အဆီထွက်တာနည်းပြီး အဖုလေးတွေပါ သက်သာလာပါလိမ့်မယ်။

သဘာဝနည်းလမ်းတွေက အန္တရာယ်မရှိဘူးဆိုပေမဲ့ ကိုယ့်အလှည့်ကျမှ ဓာတ်မတည့်တာလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ ပိုပိုဆိုးလာရင်၊ မသက်သာလာရင် ရပ်လိုက်ပြီး ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

နောက်ပြီး နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေနဲ့ ပတ်သက်ပြီး မလုပ်ရမှာတွေကတော့

  • ညှစ်တာ
  • ကုတ်တာ
  • ဖဲ့တာ
  • ဇာဂနာနဲ့ ဆွဲနှုတ်တာတွေပါ။

ဒါတွေက အရေပြားကို ပွန်းပဲ့စေပြီး ပိုးဝင်တာတွေ ဖြစ်စေနိုင်လို့ လုံးဝ မလုပ်သင့်ပါဘူး။ အဲ့ဒီအစား တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ကုသဖို့ အကြံပေးချင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/07/2023 ဖြစ်ပါသည်။