backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ Royal-D

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေက micronutrients တွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများကို ပြောပြပေးပါမယ်။

 ရေနဲ့ ဓာတ်ဆားတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

 ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေက သွေးအပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး သူတို့ရဲ့ သက်ဆိုင်ရာ အလုပ်တွေကို လုပ်နေကြတာပါ။

 ဒီဓာတ်ဆားဓာတ်လေးတွေက ဘာတွေ လုပ်ပေးနေသလဲဆိုတော့

  •     သွေးနဲ့ ကိုယ်တွင်းအရည်တွေ မျှခြေပမာဏဖြစ်အောင် ထိန်းပေးပါတယ်။
  •     ခန္ဓာကိုယ်ရဲ့ အက်စစ်ဓာတ်တွေ နည်းလွန်း၊ များလွန်းတာတွေ မဖြစ်စေဖို့ ထိန်းပေးပါတယ်။
  •     နှလုံးခုန်တာကို ထိန်းပေးပါတယ်။
  •     ခန္ဓာကိုယ်က ကြွက်သားတွေ ကျုံ့ဖို့၊ ဆန့်ဖို့အတွက်လည်း သူတို့လိုအပ်ပါတယ်။
  •     နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေက အာရုံကြောလျှပ်စီးတွေ လွှတ်ဖို့ ကူညီပေးပါတယ်။
  •     သွေးတိတ်စေပါတယ်။
  •     တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေပါတယ်။

ဒီလိုအရေးကြီးတဲ့ အလုပ်တွေ လုပ်နေရတာကြောင့် ဓာတ်ဆားဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမောက်ကမတွေ ဖြစ်ကုန်တာ ဖြစ်ပါတယ်။

ရေဓာတ်ဆိုရင်လည်း ခန္ဓာကိုယ်က သွေးထုထည်နဲ့ ကိုယ်တွင်းအရည်တွေ မျှတနေစေဖို့၊ ဇီဝဖြစ်စဉ်တွေ မှန်ကန်နေစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ 

 ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း

 ရေနဲ့ ဓာတ်ဆားဓာတ်တွေ နည်းရတဲ့ အကြောင်းရင်းတွေကတော့ အများကြီး ရှိပါတယ်။ စားသောက်နေထိုင်ပုံကြောင့်လည်း ဖြစ်နိုင်သလို ရောဂါတွေ၊ သောက်လက်စဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ

  •  ဝမ်းလျှောတာ၊ အန်တာစတဲ့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို
  • ရေသောက်များလွန်းတာ၊ နည်းလွန်းတာ
  • အာဟာရပြည့်ဝအောင် မစားတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်

  • ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်သလို
  • စွဲသောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ ဆီးဆေး၊ သွေးထိန်းဆေး)တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

 ရေနဲ့ ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက သာမန်နေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် နည်းလို့ နည်းမှန်း သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  •     ကြွက်တက်တာ

ကြွက်တက်တယ်ဆိုတာက ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီဓာတ်ဆားဓာတ်တွေက ကြွက်သားတွေ ကျုံ့ဆန့်ဖို့အတွက် လိုအပ်တာကြောင့် မကြာခဏ ကြွက်တက်တာက ဒီဓာတ်တွေ ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

  • မကြာခဏ ခေါင်းကိုက်တာ

ခဏခဏ ခေါင်းကိုက်တတ်ပြီး ပျောက်ဖို့လည်း ကြာနေတယ်ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေ မျှတနေအောင် ထိန်းသိမ်းပေးတာကြောင့် ဒီဓာတ်တွေ နည်းနေရင် သွေးလည်ပတ်မှုကို ထိခိုက်ပြီး ခေါင်းကိုက်တတ်ပါတယ်။

  • နုံးပြီး အားမရှိခြင်း

မေ့တတ်တာ၊ အာရုံစူးစိုက်မရတာ၊ အားမရှိသလို ခံစားနေရတာက ဓာတ်ဆားဓာတ်တွေ ချို့တဲ့နေတာ၊ ရေဓာတ်နည်းနေတာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်ဆားဓာတ်တွေက ဦးနှောက်တွင်းက ဆဲလ်တွေ ချိတ်ဆက်မှု၊ သတင်းပို့မှုတွေအတွက် လိုအပ်တာကြောင့် ဓာတ်ဆားဓာတ်နည်းနေရင် နေလို့ ကောင်းမှာ မဟုတ်ပါဘူး။

  •  ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာတွေကလည်း ရေနဲ့ ဓာတ်ဆားနည်းနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ ဥပမာ ဆိုဒီယမ်ဆိုရင် အူလမ်းကြောင်းအတွင်း အရည်စုပ်ယူမှုကို ထိန်းချုပ်ထားတာကြောင့် ဒီဓာတ်တွေ မမျှတရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ရေသောက်နည်းရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ 

  • ရင်တုန်ခြင်း

ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ တခြားဓာတ်ဆားဓာတ်တွေက နှလုံးခုန်တဲ့ လျှပ်စီးကြောင်းတွေကို ထိန်းညှိထားတာကြောင့် ဒီဓာတ်တွေ နည်းနေရင် ရင်တုန်တာ (အဆိုးဆုံးအခြေအနေမှာ နှလုံးရပ်တဲ့အထိ) ဖြစ်သွားနိုင်ပါတယ်။

ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေတာကို ဘယ်လိုဖြည့်တင်းနိုင်မလဲ

 ဓာတ်ဆားဓာတ် နည်းနေတာကို မဖြည့်ခင်မှာ သိထားရမယ့် အချက်နှစ်ခုရှိပါတယ်။

 ပထမ တစ်ခုက ရေနဲ့ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသတဲ့ လက္ခဏာက တခြားသော ရောဂါတွေမှာလည်း တွေ့ရတတ်တာကြောင့် တကယ်ပဲ ရေနဲ့ဓာတ်ဆားဓာတ် နည်းလို့လား၊ တခြားရောဂါကြောင့်လားဆိုတာ သိဖို့ ဆရာဝန်နဲ့ အရင်ပြသဖို့ လိုပါတယ်။

 ဒုတိယ တစ်ခုက‌တော့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာကြောင့် ဒီလက္ခဏာတွေ ခံစားရတာ သေချာရင် နည်းစေတဲ့ အကြောင်းအရင်းကို ရှာဖွေကုသရပါမယ်။ ဥပမာ ကျောက်ကပ်မကောင်းလို့လား၊ သောက်လက်စ ဆေးတွေကြောင့်လား စသဖြင့်။

 ဒါတွေ ပြီးလို့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာ သေချာပြီ၊ ရောဂါ ကြီးကြီးမားမား မရှိဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံတွေ၊ ရာသီဥတုကြောင့် ချွေးထွက်များလို့ ဖြစ်နေတာဆိုရင်တော့ အောက်ပါတို့ကို လိုက်လုပ်နိုင်ပါတယ်။

နာမည်အတိုင်းပဲ ရေရော ဓာတ်ဆားဓာတ်တွေ ပါနေတာ ဖြစ်လို့ နည်းနေတဲ့ ဓာတ်ဆားတွေကို ပြန်ပြည့်စေမှာပါ။ ဓာတ်ဆားအပြင် ရေဓာတ်နဲ့ ဂလူးကို့စ်တွေပါ ပါဝင်တာကြောင့် ရေဓာတ်လည်းပြည့်၊ အားအင်လည်းရ၊ လိုနေတဲ့ ဓာတ်ဆားဓာတ်တွေလည်း ဖြည့်ပြီးသား ဖြစ်သွားပါတယ်။

  •     ဓာတ်ဆားဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။

အသီးအရွက်တွေ၊ အသီးအနှံတွေက အရည်ရွှမ်းပြီး ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်လို့ နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုပါတယ်။ ဥပမာ အုန်းရည်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေက ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

  •  ဆားကိုသင့်တင့်တဲ့ ပမာဏ စားပေးပါ။

ဆားက အလွန်အကျွံ စားရင် သွေးတိုးတတ်တာ၊ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်တတ်တာ မှန်ပေမယ့် ဆိုဒီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ကျန်းမာနေတဲ့ လူတစ်ယောက်က သင့်တင့်တဲ့ ပမာဏတော့ စားပေးသင့်ပါတယ်။

ရေနဲ့ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ များလို့လည်း မဖြစ်သလို နည်းလို့လည်း မဖြစ်တာကြောင့် ဒီနည်းလမ်းတွေနဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဖြည့်တင်းဖို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Electrolyte Deficiency Disorders https://www.upmc.com/services/kidney-disease/conditions/electrolyte-disorder Accessed date Sept 9, 2024

 Electrolytes — What are they? What happens if you don’t have enough? https://www.roswellpark.org/cancertalk/202308/electrolytes-what-are-they-what-happens-if-you-dont-have-enough Accessed date Sept 9, 2024

5 Sneaky Signs You Might Need More Electrolytes, According to a Dietitian https://www.eatingwell.com/article/8064379/sneaky-signs-you-need-electrolytes/ Accessed date Sept 9, 2024

 Electrolyte Imbalance https://my.clevelandclinic.org/health/symptoms/24019-electrolyte-imbalance Accessed date Sept 9, 2024

 Electrolytes https://www.ncbi.nlm.nih.gov/books/NBK541123/ Accessed date Sept 9, 2024

ယခုပုံစံ

22/10/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/10/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement