သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု

အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ကြောင့် အသက်ရှူလမ်းကြောင်းက ရုတ်တရက်ကျဉ်းပြီးရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့်အသက်ရှူလိုက်ရင် ရှူရခက်မယ်၊ ကျပ်မယ်၊ ချွဲထမယ်၊ တရွှီရွှီမြည်နေမယ်။ ဒါ့ကြောင့် အသက်ရှူရပိုကောင်းအောင် inhalerတွေသုံးကြရတာဖြစ်ပါတယ်။

ဓါတ်မတည့်ခြင်း

ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ စတာတွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်းဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဓါတ်မတည့်ခြင်းကနေ ပန်းနာရင်ကျပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လေထဲကချည်းရနိုင်တာမဟုတ်ပါဘူး။ ထိတွေ့မိတာတွေ၊ စားမိတဲ့အရာတွေကနေလည်း ရနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ်

ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေခံစားရတဲ့အခါ အသက်ရှူရခက်နိုင်ပါတယ်။ ပုံမှန်လူဆို သိပ်ပြဿနာမရှိပေမယ့်COPD လို နာတာရှည်အဆုတ်ရောဂါရှိနေတယ်ဆိုရင်ပြင်းထန်သွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိနေသူဆိုရင် ယာဉ်မတော်တဆမှုလိုမျိုး ရုတ်တရက်စိတ်လှုပ်ရှားမှုကြောင့်လည်းပြဿနာဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘာရောဂါအခံမှမရှိဘူးဆိုရင်တောင် စိတ်လှုပ်ရှားမှု၊ပူပန်မှုကြောင့် အသက်ရှူမြန်လာပြီးခေါင်းမူး၊သတိလစ်သွားနိုင်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ်

မီးခိုးခေါင်းတိုင်၊ မီးဖို၊ အခြောက်ခံစက်၊ ကားမီးခိုး စတာတွေကနေထွက်လာနိုင်တဲ့ အရောင်မရှိ၊ အနံ့မရှိတဲ့ဓါတ်ငွေ့ဖြစ်ပါတယ်။ ဒီအခိုးအငွေ့တွေကို နည်းလမ်းမှန်နဲ့စနစ်တကျမစွန့်ထုတ်ခဲ့ရင်လေထုထဲမှာစုနေပြီး အများကြီးရှူမိပါလိမ့်မယ်။ ဒါဆိုရင်သွေးနီဥဆဲလ်တွေက ခန္ဓါကိုယ်အနှံ့အောက်ဆီဂျင်ပေးပို့နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အသက်ရှူမဝဖြစ်မယ်၊ခေါင်းမူးမယ်၊ အားနည်းမယ်၊ မအီမသာဖြစ်မယ်။ အမြင်အာရုံလည်းဝေဝါးပြီး မူးလဲတဲ့အထိဖြစ်လာရင် အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။

အဆုတ်သွေးကြောဆို့ခြင်း

ခြေထောက်မှာသွေးကြောပိတ်တာ၊သွေးခဲပိတ်ဆို့တာတွေက အဆုတ်သွေးကြောကို သွားပိတ်ဆို့စေနိုင်ပြီးသွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုပိတ်ဆို့သွားရင် အသက်ရှူရခက်တယ်၊ နာကျင်ရတယ်။ တချို့ဆိုချောင်းဆိုးသွေးပါကြပါတယ်။ ပိတ်ဆို့မှုစဖြစ်တဲ့နေရာမှာတော့ရောင်ရမ်းတာ၊ ပူတာ၊ နာကျင်တာတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေက အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ဆေးရုံသာပို့သင့်ပါတယ်။ သွေးကျဲဆေးတွေ၊တခြားဆေးဝါးတွေ ဒါမှမဟုတ် ခွဲစိတ်မှုတွေနဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။

အဆုတ်ရောင်ရောဂါ

အဆုတ်မှာရှိတဲ့လေအိတ်လေးတွေကို ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေဝင်တဲ့အခါ အရည်တွေပြည့်လာပြီး အသက်ရှူရခက်စေနိုင်ပါတယ်။ အဖျားတက်ပြီးချောင်းဆိုးတယ်ဆို ပျစ်ခဲတဲ့ သလိပ်တွေ ထွက်စေနိုင်ပါတယ်။ အဆုတ်ရောင် နမိုးနီးယားဖြစ်နေတယ်ဆို ပိုးသတ်ဆေးတွေကိုလိုအပ်သလို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။

နာတာရှည်အဆုတ်ရောဂါ(COPD)

နာတာရှည်လေပြွန်ရောင်ရောဂါလို့လည်းခေါ်ကြပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့်အဖြစ်များတတ်ပါတယ်။ ဒီဝေဒနာဖြစ်တဲ့အခါ အဆုတ်ထဲကလေအိတ်တွေကိုပြန့်ကားစေပြီးလေကိုနေရာရွေ့စေဖို့ခက်ခဲပါလိမ့်မယ်။ ဒီလိုကနေ အသက်ရှူရအဆင်မပြေဖြစ်စေပါတယ်။ ရင်ဘတ်ထဲမှာ ကျပ်နေသလိုခံစားရပြီးချောင်းဆိုးမယ်၊ တစ်ခါတလေ တရွှီရွှီမြည်မယ်။

နှလုံးရောဂါ

နှလုံးလုပ်ဆောင်ချက်မကောင်းတော့တဲ့အခါ heart failure ရတယ်လို့ပြောကြပါတယ်။ လုပ်သင့်သလောက်သွေးမညှစ်နိုင်တော့တဲ့အခါ အောက်ဆီဂျင်အလုံအလောက်ရနိုင်ဖို့ပိုခက်ခဲစေနိုင်ပါတယ်။လှေကားတက်တာ၊ လမ်းလျှောက်တာ၊ ပစ္စည်းလေးနည်းနည်းသယ်လာတာ စတဲ့လွယ်ကူတဲ့အလုပ်တွေမှာတောင်မောဟိုက်မောကျပ်စေနိုင်ပါတယ်။

သွေးအားနည်းခြင်း

ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေမလုံလောက်တဲ့အခါ တစ်ရှူးတွေဆီကိုအောက်ဆီဂျင်အလုံအလောက်မရောက်နိုင်တော့ပါဘူး။သွေးအားနည်းတဲ့အခါ လူကဖျော့တော့ပြီး ပင်ပန်းလွယ်မယ်။ခေါင်းမူးပြီး အားနည်းနေမယ်၊ခြေဖျားလက်ဖျားတွေအေးစက်ပြီး နှလုံးခုန်မြန်လာနိုင်ပါတယ်။

အသက်ရှူမဝတာ၊ အသက်ရှူကျပ်နေတာမျိုးကို မကြာခဏ သို့မဟုတ် အချိန်အတော်ကြာခံစားရတယ်ဆို ကြိတ်မခံစားနေဘဲရောဂါရှာဖွေစစ်ဆေးမှုလုပ်သင့်ပါတယ်။ အကြောင်းရင်းခံကိုသေချာအတည်ပြုပြီးမှ ကျန်းမာရေးအတွက်စိတ်ချရမှာဖြစ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 05/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။