backup og meta

H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း) ကဘာလဲ။

အစာအိမ်ပိုး စစ်ဆေးခြင်းကို အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းမှာ Helicobacter pylori (H.pylori) အစာအိမ်ရောဂါပိုးကူးစက်ခြင်းကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori ဟာ အစာအိမ်၊ အူသိမ် အနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် H.pylori ရှိတဲ့ လူအများစုဟာ သူတို့ရဲ့ အစာချေလမ်းကြောင်းထဲမှာ အနာမဖြစ်ကြပါဘူး။

H.pylori ကို စစ်ဆေးမှု လေးမျိုးရှိပါတယ်။

Blood antibody test – ဒီစစ်ဆေးမှုဟာ ကိုယ်ခန္ဓါက H.pylori ဘက်တီးရီးယား အတွက် ပဋိပစ္စည်း တွေ လုပ်ပြီးပြီလားဆိုတာ စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori antibodies တွေ သွေးထဲမှာ ရှိတယ်ဆိုရင် ဒါဟာ အခုလတ်တလော ရောဂါပိုးဝင်ခြင်း (သို့) အရင်တုန်းက ရောဂါပိုးဝင်ခြင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။

Urea breath test – Urea breath test ဟာ အစာအိမ်အတွင်းမှာ ဘက်တီးရီးယားရှိမရှိ စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုက သင့်မှာ H.pylori ရောဂါပိုး ရှိမရှိကို ပြောနိုင်ပါတယ်။ H.pylori ကို ပျောက်ကင်းစေတဲ့ ကုသမှု အလုပ်လုပ်မလုပ် သိရှိဖို့လည်း အသုံးပြုနိုင်ပါတယ်။

Stool antigen test – ဒီစစ်ဆေးမှုကတော့ H.pylori ရောဂါပိုးတွေ မစင်ထဲမှာ ရှိနေခြင်းအတွက် တိုက်ထုတ်မယ့် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့ ပစ္စည်းတွေ ရှိနေလားဆိုတာကို ဖေါ်ပြပါတယ်။ Stool antigen test ကို H.pylori ရောဂါပိုးကို သိရှိဖို့ (သို့) ရောဂါပိုးအတွက် ကုသမှု အောင်မြင်မှု ရှိမရှိ သိရှိဖို့ အသုံးပြုပါတယ်။

Stomach biopsy – အစာအိမ်နဲ့ အူသိမ်နံရံကနေ မှန်ပြောင်းမှတစ်ဆင့် အသားစယူခြင်း ဖြစ်ပါတယ်။ အသားစယူဖို့ မတူညီတဲ့ စစ်ဆေးမှု အများစုကို ပြုလုပ်နိုင်ပါတယ်။

Helicobacter Pylori Tests တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ဗိုက်နာခြင်းတွေ၊ အစာအိမ် အနာဖြစ်ခြင်းတွေရဲ့ လက္ခဏာတွေ ကြုံတွေ့ရမယ်ဆိုရင် စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကတော့

• ပေါ်လိုက်ပျောက်သွားလိုက် ဖြစ်နေတဲ့ ဗိုက်နာခြင်း

• မရှင်းပြနိုင်သော ကိုယ်အလေးချိန် ကျဆင်းခြင်း

• အစာမကြေခြင်း

• ဗိုက်ပြည့်ခြင်း (သို့) လေပွခြင်း

• ပျို့ခြင်း

• လေတက်ခြင်း

သင့်မှာ အရေးပေါ်ကုသမှုလိုအပ်တဲ့ ရောဂါလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ ရုတ်တရက်ဖြစ်ပြီးစူးရှတဲ့ ဆက်တိုက် ဗိုက်နာခြင်း၊ ဝမ်းအတွင်း သွေးပါခြင်း (သို့) ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း (သို့) ကော်ဖီရောင် အန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

H.pylori စစ်ဆေးမှုကို သင့်မှာ H.pylori bacteria ပျောက်သွားပြီလို့ အတည်ပြုနိုင်စေဖို့ ပိုးသတ်ဆေးတွေ သောက်ပြီးရင်ထပ်မံပြုလုပ်နိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးမှုကို လူတိုင်းမှာတော့ ပြုလုပ်ခြင်း မရှိပါဘူး။

ပြင်ဆင်မှု

Helicobacter Pylori Tests ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Urea breath test ကို လူငယ်တွေမှာ ပြုလုပ်လေ့မရှိပါဘူး။ ကလေးတွေမှာ အလုပ်များတဲ့ စစ်ဆေးမှုကတော့ stool antigen test ပဲဖြစ်ပါတယ်။

လူတွေမှာ ဗိုက်အောင့်ခြင်းကို အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပြီးတော့ H.pylori ဟာ သူတို့တွေထဲက တစ်ခု ဖြစ်ပါတယ်။

စစ်ဆေးမှုမပြုခင် တစ်ပတ်အတွင်းမှာ antacid (အစာအိမ်ဆေး)တွေကို အသုံးပြုနေတယ်ဆိုရင် စစ်ဆေးမှုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ Antimicrobials၊ proton pump inhibitors၊ bismuth တွေဟာ blood antibody test ကလွဲလို့ အခြားစစ်ဆေးမှုအကုန်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

Helicobacter Pylori Tests တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Blood antibody test

ဒီစစ်ဆေးမှု မပြုလုပ်ခင် အထူးတလည် ပြင်ဆင်စရာ မလိုအပ်ပါဘူး။

Stool antigen test

ဆေးတွေဟာ အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ သင်သောက်နေတဲ့ ဆေးအကုန်ကို သင့်ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သင့်ဆရာဝန်က ဆေးအချို့ကို ရပ်ခိုင်းနိုင်ပါတယ်။

ပိုးသတ်ဆေးတွေ (သို့) bismuth ပါဝင်တဲ့ ဆေးတွေကို စစ်မေးမှု မပြုလုပ်ခင် တစ်လ ကြိုတင်ပြီး အသုံးမပြုသင့်ပါဘူး။

Proton pump inhibitors တွေကို စစ်ဆေးမှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး ဖြတ်ထားပါတယ်။

Stomach biopsy သို့ urea breath test

ဒီစစ်ဆေးမှုတွေမပြုလုပ်ခင် ၆ နာရီကြိုပြီး အစားအသောက်ရပ်ထားရပါမယ်။

• ဆေးအတော်များများဟာ ဒီစစ်ဆေးမှုရဲ့ ရလဒ်တွေကို ပြောင်းလဲနိုင်ပါတယ်။ သင်သောက်နေတဲ့ ဆေးတွေအကုန်လုံးကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သင့်ဆရာဝန်ဟာ ဆေးအချို့ကို ရပ်ခိုင်းနိုင်ပါတယ်။

• ပိုးသတ်ဆေးတွေ (သို့) bismuth ပါဝင်တဲ့ ဆေးတွေကို စစ်မေးမှု မပြုလုပ်ခင် တစ်လ ကြိုတင်ပြီး အသုံးမပြုသင့်ပါဘူး။

• Proton pump inhibitors တွေကို စစ်ဆေးမှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး မသောက်သင့်ပါဘူး။

• H2 blockers တွေဖြစ်တဲ့ Pepcid၊ Zantac ၊ axid သို့ Tagamet တွေကို မစစ်ဆေးခင် တစ်ရက်ကြိုပြီး အသုံးရပ်ထားရပါမယ်။

စစ်ဆေးမှုလိုအပ်ချက်တွေ၊ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ၊ စစ်ဆေးမှု ဘယ်လိုလုပ်မလဲဆိုတာနဲ့ အဖြေတွေက ဘာကိုဆိုလိုတာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

စစ်ဆေးမှု

Helicobacter Pylori Tests နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Blood antibody test (သွေးတွင်း ပဋိပစ္စည်းစစ်ခြင်း)

ကျန်းမာရေးကျွမ်းကျင်သူက အောက်ပါအဆင့်တွေကို ပြုလုပ်နိုင်ပါတယ်။

• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။

• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။

• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။

• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။

• အပ်ဖယ်လိုက်ပြီး gauze pad (သို့) ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။

• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

Urea breath test (လေမှုတ်ထုတ်ပြီး စစ်ဆေးခြင်း)

ဘောလုံးလေမှုတ်ခြင်း (သို့) အရည်ရှိတဲ့ ပုလင်းတစ်ခုတည်း လေမှုတ်ထည့်ခြင်းတွေ ပြုလုပ်တဲ့အခါမှာ breath sample (မှုတ်ထုတ်လိုက်သောလေနမူနာ) ယူနိုင်ပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူက အောက်ပါအဆင့်တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။

• စစ်ဆေးမှု မစတင်မီ breath sample ယူမှာ ဖြစ်ပါတယ်။

• ရေဒီယိုသတ္တိကြွပစ္စည်း ပါတဲ့ ဆေးတောင့် (သို့) ရေ အနည်းငယ် မြိုချစေမှာ ဖြစ်ပါတယ်။

• Breath sample ကို မတူညီတဲ့ အချိန်တွေမှာ တိုင်းတာမှာ ဖြစ်ပါတယ်။ Breath sample တွေမှာ ရေဒီယိုသတ္တိကြွပစ္စည်း နဲ့ H.pylori ပိုးထိတဲ့အခါ ထွက်လာတဲ့ ပစ္စည်းတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။

Urea breath test ဟာ မိနစ် ၃၀ လောက် ကြာမြင့်တတ်ပါတယ်။

Stool antigen test (ဝမ်းစစ်ခြင်း)

အိမ်မှာ ဝမ်းနမူနာကို ခံနိုင်ပါတယ်။ သင်ဟာ ဆေးရုံမှာ ရှိနေခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူက သင့်ကို နမူနာယူဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဝမ်းနမူနာ ယူဖို့အတွက် အောက်ပါအဆင့်တွေကို ပြုလုပ်သင့်ပါတယ်။

• ခြောက်သွေ့တဲ့ ခွက်ထဲကို ဝမ်းကို ထည့်သင့်ပါတယ်။ အခဲ (သို့) အရည်တွေကို ထည့်နိုင်ပါတယ်။ ဒီ နမူနာ ထဲကို ဆီး (သို့) အိမ်သာသုံးစက္ကူ ပါမသွားစေဖို့ ဂရုစိုက်သင့်ပါတယ်။

• ဘူးအဖုံး မှာ သင့်နာမည်၊ ဆရာဝန်နာမည်နဲ့ နမူနာ ယူတဲ့ ရက်စွဲတွေကို ရေးထားသင့်ပါတယ်။

• ဘက်တီးရီးယား ပြန့်ပွားခြင်းကို ကာကွယ်ဖို့ ဝမ်းနမူနာ ယူပြီးရင် လက်ကို သေချာဆေးသင့်ပါတယ်။

• ဘူးကို ထုတ်ပိုးပြီး ဆရာဝန် ရုံးခန်း (သို့) ဓါတ်ခွဲခန်းကို ပို့သင့်ပါတယ်။

သင့်ဆရာဝန်က စစ်ဆေးမှု ပြုလုပ်စဉ်မှာ ဝမ်းနမူနာ ယူဖို့ စအိုအတွင်းကို ဂွမ်းတုတ်တံ အသုံးပြုခြင်း ယူခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

Stomach biopsy (အစာအိမ် အသားစ စစ်ခြင်း)

အစာအိမ်မှန်ပြောင်းကြည့်ခြင်း ကို အစာအိမ်နဲ့ အူသိမ်ကနေ တစ်ရှူးတွေကို အသားစနမူနာ ယူဖို့ အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဟာ အသားစ နမူနာ ၁၀ခုအထိ ယူနိုင်ပါတယ်။

အသားစနမူနာ တွေကို H.pylori ပါလားဆိုတာသိစေဖို့ ဓါတ်ခွဲခန်းအတွင်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ရှားပါးတဲ့ အခြေအနေတွေမှာ အသားစကို H.pylori ပေါက်ပွားခြင်းကို အားပေးတဲ့ ထည့်စရာတစ်ခုခုထဲ ထည့်နိုင်ပါတယ်။ ဒါကို H.pylori ပိုးမွေးတယ် လို့ခေါ်ပါတယ်။ တကယ်လို့ ဒီပိုးဟာ ပိုးမွေးရာမှာ ပေါက်တယ်ဆိုရင် ဘယ်ပိုးသတ်ဆေးကို အသုံးပြုပြီး သတ်နိုင်မလဲဆိုတာကိုပါ ဆုံးဖြတ်နိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Helicobacter Pylori Tests လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သင့်ဆရာဝန်က ရောဂါအခြေအနေကို ဆွေးနွေးပြီး သင့်လျော်တဲ့ ကုသမှုပေးမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ သင့်ဆရာဝန်က အခြားစစ်ဆေးမှုတွေ ထပ်လုပ်နိုင်ပါသေးတယ်။ ဆရာဝန် ညွှန်ကြားချက်တွေကို သေချာစွာ လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

Urea breath test (သို့) stool antigen test တွေဟာ နာရီအနည်းငယ်အတွင်းအဖြေ ရနိုင်ပါတယ်။

Blood antibody test ကတော့ ၂၄ နာရီအတွင်း အဖြေရနိုင်ပါတယ်။

အသားစယူတဲ့အဖြေကိုတော့ များသောအားဖြင့် ၄၈ နာရီအတွင်း ရတတ်ပါတယ်။ ပိုးမွေးတဲ့ အဖြေကတော့ ဆယ်ရက်လောက်အထိ ကြာတတ်ပါတယ်။

H. pylori stool antigen၊ breath test (သို့) biopsy အဖြေ တစ်ခုခုမှာ အပေါင်းလက္ခဏာ (positive) ထွက်နေပြီဆိုရင်တော့ ဒီလူနာရဲ့ ဗိုက်အောင့်ခြင်းဟာ H.pylori ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်အနာကြောင့် ဖြစ်ဖို့ များပါတယ်။ ဒီဘက်တီးရီးယားကို သတ်ဖို့နဲ့ နာကျင်မှု၊ အနာဖြစ်မှုတွေကို ကုသဖို့ ပိုးသတ်ဆေးနဲ့ အခြားဆေးတွေကို ပေါင်းပြီး သောက်ဖို့ ညွှန်းပေးနိုင်ပါတယ်။

blood test အပေါင်းလက္ခဏာ (positive) အဖြေထွက်ခြင်းဟာ အခု (သို့) အရင်တုန်းက ရောဂါပိုး ဖြစ်ခဲ့ခြင်းကို ဖေါ်ပြပါတယ်။ breath test လိုမျိုး H.pylori test တွေကို ရောဂါပိုးဝင်ခြင်းဟာ အခုအချိန်မှာ ဖြစ်တာလားဆိုတာ သေချာစေဖို့ ပြုလုပ်သင့်ပါတယ်။

အဖြေတွေက အနုတ်လက္ခဏာ (negative ) ထွက်နေတယ်ဆိုရင်တော့ လူနာမှာ H.pylori ပိုးဝင်ခြင်း မရှိပဲ ရောဂါလက္ခဏာတွေကလည်း အခြားအကြောင်းရင်းကြောင့် ဖြစ်ဖို့များပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတွေ ဆက်ရှိနေတယ်ဆိုရင် နောက်ထပ် စစ်ဆေးမှုတွေ ထပ်လုပ်သင့်ပြီး အသားစ စစ်ခြင်း အပါအဝင် ပိုမိုအသေးစိတ်တဲ့ စစ်ဆေးမှုတွေကို ရောဂါပိုးဝင်ခြင်း မဟုတ်ဘူးဆိုတာ သေချာစေဖို့ ပြုလုပ်သင့်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Helicobacter Pylori Tests ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Helicobacter Pylori Tests နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Helicobacter Pylori Tests http://www.webmd.com/digestive-disorders/helicobacter-pylori-tests?print=true. Accessed July 4, 2016.

H. pyloriTesting https://labtestsonline.org/understanding/analytes/h-pylori/tab/test/. Accessed July 4, 2016.

Tests for H. Pylori https://www.nlm.nih.gov/medlineplus/ency/article/007501.htm. Accessed July 4, 2016

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement