backup og meta

Submandibular Gland Removal (မေးရိုးအောက် တံတွေးဂလင်း ဖယ်ရှားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

မေးရိုးအောက် တံတွေးဂလင်းတွေဆိုတာ ဘာတွေလဲ။

သူတို့ဟာ တံတွေးထုတ်ပေးနိုင်တဲ့ ဂလင်းတွေပဲ ဖြစ်ကြပါတယ်။ သင့်ရဲ့ မေးရိုးအောက်ဘယ်ညာတစ်ဖက်တချက်စီမှာ ဂလင်းတစ်ခုစီနဲ့စုစုပေါင်းဂလင်းနှစ်ခုရှိပါတယ်။ ပိုးခဏခဏဝင်ခြင်း ၊ တံတွေးလမ်းကြောင်းပိတ်ခြင်း၊ အကြောင်းရင်းခံမသိရဘဲ ဂလင်းကြီးလာခြင်း ဒါမှမဟုတ် တံတွေးအလွန်အကျွံထုတ်ခြင်းတို့ကြောင့် မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုလာတတ်ပါတယ်။

ဘာလို့ မေးရိုးအောက်တံတွေးဂလင်းကို ဖယ်ရှားပစ်ဖို့လိုတာလဲ။

မေးရိုးအောက်ဂလင်းမှာ ပြဿနာတစ်ခုခုရှိရင် ရောင်ရမ်းနာကျင်တာနဲ့ သင့်ပါးစပ်ထဲမှာ မူမမှန်ဆိုးရွားတဲ့ အရသာကြီးရနေတာမျိုး ဖြစ်လာတတ်ပါတယ်။ မေးရိုးအောက် တံတွေးဂလင်းကို ဖယ်ရှားလိုက်မယ်ဆိုရင် အဆိုပါလက္ခဏာတွေ သက်သာပျောက်ကင်းသွားမှာဖြစ်သလို ဂလင်းဘာလို့ကြီးရတာလဲဆိုတဲ့အကြောင်းရင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်မှု

ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေသိထားသင့်သလဲ။

တစ်ခါတလေ ခွဲစိတ်မှုလုပ်စရာမလိုဘဲ ပိတ်ဆို့မှုတွေကို ဖယ်ရှားကုသပေးနိုင်တာမျိုးလည်းရှိပါတယ်။ တံတွေးတွေအများကြီးထွက်နေမယ်ဆိုရင် ဆေးဝါးတွေကို သုံးစွဲပေးခြင်းအားဖြင့်လည်း သက်သာစေနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။

သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။

ခွဲစိတ်စဉ်

ခွဲစိတ်နေစဉ်ကာလမှာ ဘာတွေလုပ်မှာလဲ။

မေ့ဆေးအသုံးပြုခွဲစိတ်မှာဖြစ်ပြီး ပုံမှန်အားဖြင့် ၄၅ မိနစ်လောက်ကနေ တစ်နာရီလောက်အထိ ကြာမြင့်တတ်ပါတယ်။ သင့်မေးရိုးအောက်မှာရှိတဲ့ လည်ပင်းအရေပြားကို ခွဲမှာဖြစ်ပြီး ဂလင်းကိုထုတ်ပြီးနောက် အထဲကမလိုလားအပ်တဲ့ အရည်တွေအပြင်ကို ထွက်ရှိနိုင်ဖို့အတွက် အရေပြားကို ယာယီအပေါက်ဖောက်ပြီး ပိုက်နဲ့ဆက်ထားမှာ ဖြစ်ပါတယ်။

နာလန်ပြန်ထူချိန်

ခွဲစိတ်မှုပြီးရင် ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

အထက်မှာပြောခဲ့သလို ပိုက်လေးဖောက်ထည့်ထားမယ်ဆိုရင် ခွဲစိတ်ပြီးနောက် တစ်ရက်မှာဖယ်ပေးပါလိမ့်မယ်။ ခွဲပြီးတစ်ရက်နှစ်ရက်နေရင် ဆေးရုံကဆင်းနိုင်မှာဖြစ်သလို တစ်ခါတလေလည်းခွဲတဲ့နေ့မှာ တင်ပေးဆင်းလေ့ရှိပါတယ်။ အသားချုပ်ရိုးမသုံးဘူးဆိုရင် တစ်ပတ်ဆယ်ရက်လောက်အကြာမှာ ချုပ်ရိုးပြန်ဖြည်ဖို့ လိုပါလိမ့်မယ်။ ဒီနောက်မှာ သင်ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နိုင်ပါပြီ။

ခွဲစိတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊ သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

မေးရိုးအောက်တံတွေးဂလင်း ခွဲစိတ်မှုအတွက် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာနှစ်ခုက

• အာရုံကြောလေးတွေ ထိခိုက်ခြင်း

• ခွဲစိတ်ထားတဲ့ ဒါဏ်ရာပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Removal of the Submandibular Salivary Gland. Oxford Radcliffe Hospitals, Department of Oral and Maxillofacial Surgery. http://www.ouh.nhs.uk/patient-guide/leaflets/files%5C101109submandibular.pdf .Accessed July 6, 2016.

ယခုပုံစံ

19/09/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement