ရှူဆေးတွေကတော့ ပါးစပ်၊ အာခေါင်နဲ့ အဆုတ်ထဲကိုပဲ ရောက်မှာပါ။ ဘေးထွက်ဆိုးကျိုးတွေကတော့
- ပါးစပ်ထဲမှာ မှက္ခရုပေါက်တာ
- အသံသြလာတာ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ရှူဆေးသုံးပြီးရင် အာလုပ်ကျင်းပါ။ ဒါက သင့်ရဲ့ ခံတွင်းကို စတီးရွိုက်ဒဏ်ကနေ အတန်အသင့်တော့ ကာကွယ်နိုင်မှာပါ။ တချို့သော လေ့လာချက်တွေက ကလေးပန်းနာရင်ကြပ်တွေမှာ ရှူဆေးတွေကို ရေရှည်သုံးတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
လိမ်းဆေး
လိမ်းဆေးတွေက အရေပြားပါးတာ၊ နီတာ၊ ဝက်ခြံတွေကို ဖြစ်စေပါတယ်တဲ့။
ထိုးဆေး
ထိုးဆေးတွေကတော့ ထိုးထားတဲ့နေရာနားမှာ ယာယီထိခိုက်တာမျိုး ဖြစ်စေပါတယ်။ ဥပမာပြောရရင် အရေပြားပါးတာ၊ အရေပြားအရောင်ပြောင်းတာ၊ နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် မျက်နှာရဲပြီး ပူလာတာ၊ အိပ်မပျော်တာ၊ သွေးတွင်းသကြားဓာတ်တွေများတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာအခြေအနေပေါ်မူတည်ပြီး တစ်နှစ်ကို သုံး လေးခါထက် ပိုပြီး မထိုးသင့်ပါဘူး။
စတီးရွိုက်ရဲ့ ကောင်းကျိုးများ
စတီးရွိုက်ဟာ သုံးတတ်ရင် အင်မတန်မှ ကောင်းတဲ့ ဆေးပါ။ ဘယ်နေရာတွေမှာ သုံးနိုင်လဲဆိုရင်
- ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောင်ရောဂါ
- ဓာတ်မတည့်လို့ အရေးပေါ်အသက်ကယ်တဲ့ နေရာမှာ
- အင်ပြင်နဲ့ နှင်းခူရောဂါ
- အဆစ်တွေ၊ ကြွက်သားတွေ နာတာ (ဥပမာ အဆစ်ရောင်၊ လက်ကောက်ဝတ်နာတာ၊ ပုခုံးကြပ်ခဲတာ)
- အာရုံကြောညှပ်တာ
- အူရောင်တာ (ဥပမာ Crohn ရောဂါ)
- အရေပြားလေးဖက်နာ
- Multiple sclerosis စတဲ့ ကြီးမားပြင်းထန်တဲ့ ရောဂါတွေမှာလည်း သုံးလို့ရပါတယ်။
စတီးရွိုက်ကို စနစ်တကျ ဘယ်လိုသုံးမလဲ။
စတီးရွိုက်ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာအကောင်းဆုံးပါပဲ။ အပြင်မှာ ဝယ်သောက်တဲ့ စပ်ဆေးတွေမှာလည်း စတီးရွိုက်တွေ ပါတတ်တာကြောင့် သတိထားသင့်ပါတယ်။ ဒါကြောင့်
- ဆရာဝန် ညွှန်ကြားချက်မပါဘဲ စတီးရွိုက်ကို မသုံးပါနဲ့။
- စတီးရွိုက်ကို အကြာကြီး အများကြီးသောက်ထားပြီးမှ ဖြတ်မယ်ဆိုရင် ချက်ချင်းရပ်လိုက်လို့ မရပါဘူး။ Tailing offလို့ ခေါ်တဲ့ ဖြည်းဖြည်းချင်း ဖြတ်ရမှာပါ။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့။ စတီးရွိုက်သုံးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြဖို့ လိုပါတယ်။
- စပ်ဆေးတွေ ဝယ်မသောက်ပါနဲ့။
တကယ်တော့ စတီးရွိုက်သုံးရတာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပါပဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆပြီး သုံးရတာပါ။ ကျွမ်းကျင်ပညာရှင်တောင် ထိန်းညှိပြီး သုံးရတဲ့ အနေအထားမှာ သာမန်လူတွေအနေနဲ့ လက်လွတ်စပယ်မသုံးသင့်ပါဘူး။ မသုံးတတ်ရင် ဘေးဖြစ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။