ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့ပြီး အခုချိန်မှာကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံအထိ ပျံ့နှံ့သွားပြီဖြစ်တဲ့ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်အဖြစ်ကြေညာလိုက်ပါပြီ။ ရောဂါ တစ်ခု ကူးစက်ပျံ့နှံ့မှုအခြေအနေပေါ် တွက်ဆပြီး ရောဂါကူးစက်မှုကိုအဆင့်ဆင့်ခွဲခြားထားပြီး ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနှုန်း၊ ကူးစက်နှုန်း၊ ပြင်းထန်မှု စတဲ့အချက်များစွာအပေါ်မူတည်သုံးသပ်ပြီး ရောဂါဖြစ်ပွားမှုကို အဆင့် အမျိုးမျိုးခွဲခြားနိုင်ပါတယ်၊ ဒီအဆင့်တွေကတော့
Sporadic – ဒီအုပ်စုထဲကရောဂါတွေက တစ်ခါတစ်လေမှ ဖြစ်ပွားပြီး သိပ်လည်းမပြင်းထန်ပါဘူး။
Cluster – ဒေသတစ်ခု၊ နေရာတစ်ခုက လူဦးရေအများစုမှာ ဖြစ်ပွားတဲ့ရောဂါမျိုးပါ၊ ဥပမာပြောရရင် ဒုတိယကမ္ဘာစစ်က ဂျပန်နိုင်ငံမှာ အနုမြူဗုံးကျဲခံခဲ့ရတဲ့ မြို့နဲ့အနီးတဝိုက်မှာနေထိုင်သူတွေ စစ်ပြီးကာလမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။
Endemic – နေရာဒေသတစ်ခုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ ရောဂါတွေဖြစ်ပါတယ်။
Hyperendemic – endemic ထက်ဖြစ်ပွားမှုနှုန်းပိုများတဲ့ရောဂါတွေပါ၊ ဥပမာဆိုရင် တစ်ကမ္ဘာလုံးမှာ ခုခံအား ကျဆင်းမှုရောဂါဖြစ်နေပေမဲ့ အာဖရိကတိုက်မှာတော့ တခြားနေရာတွေထက်ပိုများနေတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။
Epidemic – ပုံမှန်ရောဂါဖြစ်နှုန်းထက် ကျော်လွန်ပြီး ရုတ်တရက်ရောဂါကူးစက်မှု၊ ဖြစ်ပွားမှု မြင့်တက်လာတဲ့ အခြေအနေပါ။
Outbreak – အပေါ်က epidemic နဲ့ အဓိပ္ပါယ်ဆင်တူပါတယ်၊ ဒါပေမဲ့ နေရာဒေသတစ်ခုမှာပဲ ကွက်ပြီး ဖြစ်ပျက်တဲ့ အခြေအနေမျိုးကို ရည်ညွှန်းဖို့ သုံးစွဲပါတယ်။
Pandemic – နိုင်ငံအများအပြားနဲ့ ကမ္ဘာ့တိုက်ကြီးတွေ အထိပါပျံ့နှံ့ဖြစ်ပွားတဲ့ epidemic ရောဂါမျိုးကို ခေါ်ဆိုပါတယ်။
ပုံမှန်အားဖြင့် Pandemic ရောဂါတွေက နိုင်ငံတစ်ခု (ဒါမှမဟုတ်) နေရာဒေသတစ်ခုမှာ outbreak အနေနဲ့ စတင်ဖြစ်ပွားပါတယ်။ ရောဂါအသစ်ဖြစ်ပြီး ကုသမှုလည်းမထွက်ပေါ်လာတဲ့အခါ epidemic အဆင့်ထိ ရောက်လာပါတယ်။ ခေတ်မီတိုးတက်တဲ့ခေတ်စနစ်ကြောင့် လူတွေ တစ်နိုင်ငံကနေ တစ်နိုင်ငံ၊ ကမ္ဘာပေါ်က နေရာအနှံ့အပြားကို လွယ်လွယ်ကူကူသွားလာနိုင်တာကလည်း ရောဂါကူးစက်ပျံ့နှံ့မှုကို မီးစာထိုးပေး သလိုဖြစ်နေပါတယ်။ ရောဂါပိုးက လူတစ်ယောက်ကနေ တစ်ယောက် ထိတွေ့မှု၊ အသုံးအဆောင်ပစ္စည်း တွေကနေတစ်ဆင့် အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့လာပြီး နိုင်ငံအများအပြား ပျံ့နှံ့သွားတဲ့ အခါမှာတော့ Pandemic ရောဂါအဖြစ် သတ်မှတ်ခံရပါတော့တယ်။
ကမ္ဘာ့သမိုင်းမှာလည်း ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်သတ်မှတ်ထားတဲ့ ထင်ရှားတဲ့ ရောဂါဖြစ်ပွားမှုတွေ ရှိပါတယ်။ ထင်ရှားတဲ့အဖြစ်အပျက်တွေကတော့
– ၆ ရာစုနှစ်က ဘိုင်ဇန်တိုင်းအင်ပါယာမှာဖြစ်ပွားခဲ့တဲ့ ပလိပ်ကပ်ရောဂါ
– ၁၄ ရာစုက တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားပြီး ဥရောပတိုက်အထိ ပျံ့နှံ့ကူးစက်ခဲ့တဲ့ ပလိပ်ရောဂါ (Black Death လို့ခေါ်ဆိုကြတဲ့ ဒီပလိပ်ရောဂါကြောင့် လူသန်းပေါင်း ၇၀ ကျော်အထိသေဆုံးခဲ့တယ်လို့ ဆိုပါတယ်)
– ၁၉၁၈ ခုနှစ်မှာဖြစ်ပွားတဲ့ စပိန်တုပ်ကွေးရောဂါ (Spanish flu) (တစ်နှစ်တည်းနဲ့ လူသန်း ၅၀ ကျော်အသက်ကို နုတ်ယူသွားခဲ့ပါတယ်)
အခုချိန်မှာ ကာကွယ်ဆေးပေါ်ပေါက်လာတာကြောင့် ပပျောက်သလောက်ဖြစ်သွားပြီဖြစ်တဲ့ smallpox ကျောက်ရောဂါကို အရင်က ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားခဲ့တာပါ။ အခုချိန်ထိ ဆက်လက်ဖြစ်ပွား နေဆဲ ကပ်ရောဂါတစ်ခုကတော့ တီဘီရောဂါဖြစ်ပြီး နှစ်တိုင်း လူတစ်သန်းခွဲလောက် တီဘီရောဂါကြောင့် သေဆုံးနေရဆဲပါ။ ခုခံအားကျဆင်းမှုရောဂါကို အရင်က ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ပေမဲ့ အဆင့်မြင့်လာတဲ့ကုသနည်းစနစ်တွေ၊ ထိရောက်တဲ့ကြိုတင်ကာကွယ်မှု၊ပညာပေးမှုတွေ သေသေချာချာ လုပ်လာနိုင်တာကြောင့် နေရာအတော်များများမှာ epidemic အဆင့်အဖြစ်ပဲ သတ်မှတ်လာကြပါတယ်။
ယနေ့ထိ ကမ္ဘာ့ကပ်ရောဂါအဖြစ်မကြာခဏ သတ်မှတ်ခံနေရတာတော့ တုပ်ကွေးရောဂါတွေဖြစ်ပါတယ်။ ယေဘုယျအားဖြင့် တုပ်ကွေးကပ်ရောဂါတွေက နှစ် ၅၀ လောက်မှာ တစ်ကြိမ် ကပ်ရောဂါအသွင်နဲ့ ပျံ့နှံ့ဖြစ်ပွား တတ်ပါတယ်။ အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ COVID-19 ရောဂါကတော့ ကူးစက်မှု မြန်ဆန်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ တစ်ခုဖြစ်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]
[embed-health-tool-bmi]