brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင် သွေး တစ်ခါလှူရင် လူ ဘယ်နှယောက်ကို ကယ်နိုင်မလဲ။

သင်လှူလိုက်တဲ့ သွေး ကနေ လူဘယ်နှယောက်ကို ကယ်နိုင်သလဲဆိုတာ တွေးဖူးပါသလား။ တစ်ထုပ်လှူလိုက်တာ တစ်ယောက်ပဲ ကယ်နိုင်မှာပေါ့လို့ ပြောစရာ ရှိပါတယ်။ ဟိုအရင်ကတော့ ဟုတ်ချင် ဟုတ်မှာပေါ့။ ခုတော့ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် သင်လှူလိုက်တဲ့ သွေးတစ်ထုပ်ကို အမျိုးမျိုး ခွဲခြမ်း စိတ်ဖြာပြီး လိုအပ်သလို ပေးနိုင်အောင် စီစဉ်ထားပါတယ်။ သင့်သွေးကို ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာရော သိပါသလား။ သင့်သွေးက လူတွေအတွက် ဘယ်လောက်တောင် အဖိုးတန်တယ်။ သင်က ကြီးမြတ်တဲ့အလုပ်၊ အသက်ကယ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုတာ ဒီဆောင်းပါးကနေ ပြောပြပေးပါ့မယ်။

သင် သွေး တစ်ခါလှူရင် လူ ဘယ်နှယောက်ကို ကယ်နိုင်မလဲ။

သွေး တစ်ထုပ်ကနေ ဘာတွေ ရနိုင်လဲ။

သွေးတစ်ထုပ်ကို ဒီတိုင်းပဲ သုံးလို့ ရသလို သူ့ ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ယောက်မက သုံးလို့ရအောင် လုပ်လို့ ရပါတယ်။ ဥပမာ ပြောရရင်

  • သွေးနီဥထုပ် (Packed red cells)
  • သွေးဥမွှားထုပ် (Platelets concentrate)
  • သွေးရည်ကြည် (Fresh frozen plasma )သွေးတစ်ထုပ်ကနေ ခွဲလိုက်လို့ ရပါတယ်။ သူတို့ကို ဘယ်လိုသုံးလဲဆိုတာ ဆက်ကြည့်ရအောင်။
  • သွေးနီဥထုပ် (Packed red cells)

သွေးထုပ်ကြီး (whole blood)ကနေ သွေးနီဥကို ဖယ်ထုတ်ထားတာပါ။ အလွယ်မြင်အောင် ပြောရင် အရည်သက်သက် အဖတ်သက်သက်ပေါ့။ သွေးနီဥတော့ လိုချင်တယ်။ ကိုယ်ထဲကို အရည်တွေ အများကြီး ဝင်လာဖို့ မသင့်တော်တဲ့ သူတွေ အတွက်ပေါ့။ ဥပမာ နှလုံး မကောင်း၊ အဆုတ်မကောင်း၊ ကိုယ်ထဲမှာ အရည်တွေ အများကြီး လက်ခံမိရင် မောလာမယ်၊ အသက်အန္တရာယ် ရှိလာနိုင်တဲ့ သူတွေအတွက်ပါ။ သုံးတဲ့ နေရာတွေကတော့

-သွေးထွက်လွန်တဲ့သူတွေ

-ခွဲစိတ်မှုလုပ်တဲ့ လူနာတွေမှာ လိုအပ်ရင် သွေးသွင်းရအောင် အရန်သင့် ဆောင်ထားတာ

-သွေးသွင်းမှ ရမယ့် သွေးအားနည်းတဲ့ သူတွေ (ဥပမာ သာလာဆီးမီးယားရောဂါရှင်) အတွက် သုံးပါတယ်။

  • သွေးဥမွှားထုပ် (Platelets concentrate)

သွေးထုပ်ကြီးကနေ သွေးဥမွှားတွေကို ဖယ်ထုပ်ထားတာပါ။ သွေးဥမွှားတွေက အလိုအလျောက် သွေးမထွက်အောင် တားဆီးပေးပါတယ်။ ခန္ဓာကိုယ်မှာ သွေးဥမွှားတွေ နည်းသွားတဲ့အခါ အကြောင်းအရင်း မရှိဘဲ အညိုအမည်းတွေ စွဲတာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ စတဲ့ လက္ခဏာတွေ ပြပါတယ်။ သုံးတဲ့နေရာတွေကတော့

-သွေးဥမွှား အလွန်နည်းနေတဲ့ တချို့သော ရောဂါရှိသူတွေ

– ခွဲစိတ်မှု လုပ်စရာ ရှိပေမယ့် သွေးဥမွှား နည်းနေလို့ သွေးထွက်များနိုင်တဲ့သူတွေ

-ခွဲပြီးပေမယ့် သွေးဥမွှားနည်းနေလို့ သွေးထွက်နိုင်ချေ များတဲ့သူတွေ စတဲ့သူတွေမှာ သုံးရပါတယ်။

  • သွေး ရည်ကြည် (Fresh frozen plasma )

အရည်သက်သက် အဖတ်သက်သက်လို့ ပြောမယ်ဆိုရင် ဒါလေးက ကျန်ခဲ့တဲ့ အရည်ပေါ့။ သွေးရည်ကြည်လို့ ခေါ်ပါတယ်။ ခဲထားတာပါ။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ သွေးတိတ်စေတဲ့ ပစ္စည်းတွေ၊ အယ်လ်ဗျူမင်လို့ ခေါ်တဲ့ အသားဓာတ်တွေ၊ ပဋိဇီဝပစ္စည်း (immunoglobulin)တွေ ပါဝင်ပါတယ်။ သုံးတဲ့နေရာတွေကတော့

-သွေးတိတ်ပစ္စည်း ချို့တဲ့တဲ့ သူတွေ

-ပိုးဝင်ပြီး သွေးမတိတ်တဲ့ ရောဂါတွေ (acute DIC)

-သွေးကျဲဆေး (warfarin) ပမာဏများများ သောက်မိတဲ့သူတွေမှာ သွေးမတိတ်ရင်

-တချို့သော မွေးရာပါ ရောဂါတွေ (Hereditary angioneurotic oedema) မှာလည်း သုံးလို့ ရပါတယ်။

သွေးလှူတယ်ဆိုတာ ကိုယ့်ရဲ့ အသွေးအသားကို လှူဒါန်းတာပါ။ ကိုယ်အသက်ရှင်ဖို့ လိုအပ်တဲ့ သွေးကို သူများဆီ မျှပေးတာပါ။ ဘဝမှာ တစ်ကြိမ် တစ်ခါပဲ သွေးလှူဖူးတယ် ဆိုရင်တောင် ကိုယ့်ရဲ့ သွေးတစ်ထုပ်ကနေ လူ၃ယောက်ကို ကယ်ဆယ်လိုက်တာပါ။ သွေးက ၄လ တစ်ခါ လှူလို့ရပါတယ်။ တစ်နှစ်ကို ၃ခါဆိုတော့ လူ ၉ယောက်ကို သွေးပေးပြီး ကယ်ဆယ်နိုင်ပါတယ်။ အကြိမ်ကြိမ်လှူဖူးတဲ့ သူဆိုရင် ဘယ်နှယောက်ကိုများ ကယ်ပြီးပြီ ဖြစ်လိမ့်မလဲ။ လူဘယ်နှယောက်များ ကိုယ့်သွေးကြောင့် အသက်ဆက်ရှင်သန် ပြီးပြီလဲဆိုတာ တွေးပြီး ပီတိဖြစ်ကြည့်ပါ။ ကိုယ့်မှာလည်း ဒီလို အခွင့်အရေးရှိပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာတဲ့ ဘယ်သူမဆို သွေးလှူနိုင်ပါတယ်။ လှူလည်း လှူကြပါလို့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။