backup og meta

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ
ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ
ဒီငလျင်ကြီးဟာ မြန်မာနိုင်ငံသားမှန်သမျှကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ထိခိုက်စေပါတယ်။ လူတိုင်းနီးပါးဟာ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ရှင်သန်တယ်ဆိုရုံလေး ရှေ့ဆက်နေကြရတယ်။ ဒါပေမယ့် ကျနော်တို့ လက်လျှော့လိုက်လို့မဖြစ်ဘူး။ ရှင်သန်ကျန်ရစ်သူတွေအတွက် ကျနော်တို့ အားတင်းထားကြရဦးမယ်။ ဖြစ်လာနိုင်တာတွေကို ကြိုတွက်ဆပြီးပြင်ဆင်ထားကြရမယ်။ အဲဒီလိုစဉ်းစားပြင်ဆင်မှုတွေမလုပ်ဘဲ အဆင်ပြေတာတွေပဲ လက်သင့်ရာလုပ်နေရင် ကျနော်တို့ကယ်ဆယ်ရေးဟာ ပလိုင်းပေါက်နဲ့ဖားကောက်နေရသလိုဖြစ်လိမ့်မယ်။ ဒီတစ်ခါ ကျနော်သတိထားပြင်ဆင်စေချင်တာကတော့ ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဖြစ်ပါတယ်။

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

(က) ဘာတွေ ကြုံတွေ့ရနိုင်မလဲ
၁။ ထိခိုက်ရှနာများ – ကျိုးပဲ့ဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ ပိမိတာကြောင့်ဖြစ်တဲ့ (Crush syndrome)၊ ခေါင်းထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ၊ အပူလောင်တာနဲ့ ဓာတ်လိုက်တာတွေကြုံတွေ့ရနိုင်တယ်။ ဖြစ်တဲ့အနေအထားပေါ်မူတည်ပြီး ဝေဒနာပြင်းထန်တတ်လို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိဖြစ်နိုင်တယ်။ ငလျင်နောက်ဆက်တွဲ သေဆုံးမှုအများဆုံး အကြောင်းအရာတွေပါ။ သွေးပူနေတုန်းက သတိမထားမိတဲ့ဒဏ်ရာတွေ အခုချိန်မှာ သေချာခံစားရလိမ့်မယ်။
၂။ ကူးစက်ရောဂါများ – ရေနဲ့ အစားအသောက်မသန့်ရှင်းခြင်း၊ စနစ်ကျတဲ့ အညစ်ကြေးစွန့်ပစ်မှုစနစ်မရှိခြင်းတွေကြောင့် နောက်ဆက်တွဲ ကူးစက်ရောဂါတွေဆက်ဖြစ်နိုင်တယ်။ ဝမ်းရောဂါအဖြစ်များလာနိုင်တယ်။ လူတွေအများကြီးစုနေရတာဆိုတော့ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေပိုအဖြစ်များလာနိုင်တယ်။ ပတ်ဝန်းကျင်မသန့်ရှင်းတာကြောင့် အနာတွေပိုးဝင်တာဖြစ်နိုင်တယ်။ သန့်ရှင်းတဲ့ရေရဖို့ခက်တာကြောင့် အရေပြားရောဂါတွေဖြစ်နိုင်တယ်။ ကြွက်၊ ခြင်၊ ယင်တွေပေါက်ဖွားမှုများမယ်။ သူတို့ကတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါတွေဖြစ်နိုင်တယ်။
၃။ ရာသီဥတုဒဏ်ကြောင့်ဖြစ်သည့် ကျန်းမာရေးပြဿနာများ – အမိုးအကာမရှိသူတွေအတွက် မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ အပူချိန်ဟာ အကြီးဆုံး ပြဿနာဖြစ်လိမ့်မယ်။ အရမ်းပူတဲ့နောက်မှာ အပူလျှပ်တာ၊ ကြွက်တက်တာ၊ ပင်ပန်းနွမ်းနယ်နေတာတွေဖြစ်မယ်။ အစားအသောက်တွေပျက်စီးတာနဲ့ အကောင်ပလောင်တွေပိုပေါက်ဖွားမယ်။ သူတို့ကနေ ရောဂါတွေပိုပြန့်မယ်။ ဆက်ပြီး ပူလာမယ့်အချိန်မှာ ပိုဆိုးလာနိုင်တယ်။
၄။ စိတ်ပိုင်းဆိုင်ရာပြဿနာများ – အင်မတန်ကြီးမားတဲ့ငလျင်ဖြစ်ပြီး ချစ်ခင်ရသူတွေရဲ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း များလိမ့်မယ်။ ငလျင်လှုပ်ပြီးနောက်ဆက်တွဲမှာ စိတ်ဓာတ်ကျနေတာ၊ ဘာကိုမှစိတ်မပါတော့တာ၊ အချိန်တွေနေ့ရက်တွေ မသိတော့တာမျိုး စိတ်လွတ်နေတာတွေဖြစ်နိုင်တယ်။ နည်းနည်းကြာလာရင်တော့ ငလျင်ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေ (PTSD) နဲ့ အိပ်မက်ဆိုးတွေမက်တာ၊ စိုးရိမ်ပူပန်နေတာ၊ အဲဒီတုန်းက အဖြစ်အပျက်နဲ့ ကြောက်စရာတွေကိုပဲ အကြိမ်ကြိမ်ပြန်မြင်ယောင်နေတာမျိုးတွေဖြစ်နိုင်တယ်။ အရာရာကိုကြောက်ရွံ့စိုးရိမ်နေတာနဲ့ ဘာကိုမှစိတ်မဝင်စားတော့တဲ့ စိတ်ဓာတ်ကျတာမျိုး အစွန်းနှစ်ဖက်တွေ အဓိကတွေ့ရနိုင်တယ်။ ညဘက်တွေအိပ်မပျော်တာ လန့်နိုးတာတွေဖြစ်နိုင်တယ်။ ချစ်ခင်ရသူတွေ ပစ္စည်းဥစ္စာတွေဆုံးရှုံးမှုကြောင့် ဝမ်းနည်းကြေကွဲရမှုတွေဟာလည်း လနဲ့ချီ ကြာမြင့်နိုင်တယ်။
(ခ) ဘယ်လိုကူညီကြမလဲ။
၁။ ငလျင်လှုပ်ပြီး ရက်ပိုင်းအတွင်းမှာ အဓိကလိုအပ်တာကတော့ ထိခိုက်ရှနာတွေကို ကုသဖို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဖြစ်ပါတယ်။ မြေပြင်ဆေးရုံဆေးခန်းတွေဖွင့်လှစ်တာ၊ ရွေ့လျားကုသမှုအဖွဲ့တွေဖွဲ့စည်းတာ၊ အရေးပေါ်ဆေးပစ္စည်းဖြန့်ဝေတာတွေ ပြုလုပ်ရမယ်။ ကျွမ်းကျင်တဲ့ အရေးပေါ်အဖွဲ့တွေဟာ အများကြီးမရှိနိုင်တဲ့အတွက် ရှေးဦးသူနာပြုစုနည်းတွေ၊ ထိခိုက်ဒဏ်ရာရရှိသူ အရေးပေါ်ကယ်တင်နည်းတွေကို စေတနာ့ဝန်ထမ်းတွေကို သင်ပေးပြီး ကယ်နိုင်တဲ့သူတွေများလာအောင် လုပ်ရမယ်။ ကယ်ဆယ်ကုသပေးရေး နေရာအသစ်တွေတိုးချဲ့ရမယ်။ ရှိရင်းစွဲနေရာတွေကို ဆေးဝါးအထောက်အကူပစ္စည်း လုံလောက်အောင် ထောက်ပံ့ရမယ်။ ငလျင်ကယ်ဆယ်ရေး ပါဝင်ပတ်သက်နေသူတွေအကုန်လုံးကြည့်လို့ရတဲ့၊ ဆက်သွယ်လို့ရတဲ့ ပစ္စည်းခွဲဝေမှုပုံစံ၊ အလှူလက်ခံတဲ့ပုံစံ၊ ပြန်အသုံးချတဲ့ပုံစံတွေကို စနစ်ကျအောင် ဖော်ဆောင်ရမယ်။
ကြီးမားတဲ့ငလျင်ကြောင့်ဖြစ်တဲ့ပြဿနာတွေကို စီမံရာမှာ တစ်ယောက်ချင်းစီ တနိုင်တပိုင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဆင့်ပါးစပ်နှမ်းပက်သလို ဘာမှမထိရောက်တဲ့အပြင် ရတဲ့သူရ မရတဲ့သူမရတွေဖြစ်လိမ့်မယ်။ ပါဝင်တဲ့သူတွေအကုန်လုံး ညှိနှိုင်းလုပ်ဆောင်နိုင်တဲ့ အထက်အောက်သတင်းစီးဆင်းမှု စနစ်ကျတဲ့ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ကိုင်တွယ်မှရမယ်။ လှူဒါန်းသူတွေ စေတနာ့ဝန်ထမ်းတွေကလည်း အဲဒီလိုစနစ်မျိုး ရှိလာအောင် ဝိုင်းဝန်းတွန်းအားပေး ကူညီကြမှရမယ်။
၂။ စားတာရယ် စွန့်တာရယ် အရေးကြီးတယ်။ ဒီနှစ်ခုကငလျင်နောက်ဆက်တွဲပိုးကူးစက်ခံရမှုတွေဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်လိမ့်မယ်။ သန့်ရှင်းတဲ့ရေနဲ့ အစားအသောက်ရရှိနိုင်ဖို့ မဖြစ်မနေလိုတယ်။ စနစ်ကျတဲ့အညစ်ကြေးစွန့်စနစ်ကို စည်းကမ်းတကျနဲ့ အကုန်လုံးပါဝင်အောင်လုပ်ရမယ်။ ဒါဆိုရင်ပဲ ဝမ်းရောဂါပြဿနာတွေ အတော်လျော့သွားလိမ့်မယ်။ ပိုကြီးတဲ့ပြဿနာတွေရှိတယ်ဆိုတာသိပေမယ့် တကိုယ်ရည်သန့်ရှင်းရေးကို သတိမထားရင် နောက်ထပ်အခက်အခဲတွေ ထပ်ဖြစ်လာလိမ့်မယ်။ တပူပေါ်တပူဆင့်လိမ့်မယ်။
ရေသန့်၊ ရေသန့်စက်၊ ရွေ့လျားအိမ်သာ၊ သန့်ရှင်းသောအစားအသောက်များ၊ ဓာတ်ဆား၊ ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ခြင်ထောင်၊ ခြင်မကိုက်လိမ်းဆေး၊ အရေပြားလိမ်းဆေးတွေ လိုအပ်လိမ့်မယ်။ ရောဂါတွေပြန့်ပွားမှုရှိပြီဆိုတာနဲ့ ချက်ခြင်းအမြန်တုံ့ပြန်ဖို့လိုအပ်မယ်။ ခြင်၊ ယင်နဲ့ ကြွက်တွေမပေါက်ဖွားအောင် ဆေးဖြန်းတာ၊ အမှိုက်ရှင်းတာတွေ လုပ်ရလိမ့်မယ်။
၃။ နွေရာသီရဲ့ အပူချိန်ကို ခံနိုင်ဖို့အတွက် အမိုးအကာတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။ ရေတိုတင်မဟုတ်ဘဲ နေစရာပြန်မရသေးတဲ့အထိ လိုအပ်မှာမို့ အဖွဲ့အစည်းတွေပူးပေါင်းပြီး အမိုးအကာအတွက်ရေရှည်အစီစဉ်လုပ်မှရမယ်။ တွေ့ကရာကောက်လှူနေရုံနဲ့တော့ တကယ့်ဒုက္ခတွေကို အကူညီပေးနိုင်မှာမဟုတ်ဘူး။ အမိုးအကာ၊ အပူဒဏ်သက်သာစေတဲ့နည်းလမ်းတွေ (ပန်ကာ၊ ယပ်တောင်၊ cooling pads) ၊ ရေသန့်၊ ဓာတ်ဆားတွေ လိုအပ်ပါလိမ့်မယ်။
၄။ နှစ်သိမ့်တာ၊ လိုအပ်တာ အကူညီပေးတာ၊ တကယ်ထိရောက်တဲ့ပံ့ပိုးမှုနဲ့ စိတ်ခွန်အားပေးတာတွေက ငလျင်ကြောင့် ချက်ခြင်းခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သက်သာစေလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာလျော့ပါးစေဖို့ဆိုရင် ပြန်လည်ထူထောင်ရေးက အဓိကကျတယ်။ ပြန်ထူထောင်နိုင်ဖို့ အချိန်ကြာနေရင်၊ အမှန်တကယ်လိုအပ်တဲ့အကူညီတွေမပေးနိုင်ရင် စိတ်ရောကိုယ်ပါ ပိုပြီးထိခိုက်ခံစားကြရလိမ့်မယ်။
ငလျင်ကြောင့်ထိခိုက်ခံစားရသူတွေ စိတ်ပိုင်းဆိုင်ရာ အားပေးဆွေးနွေးမှု ရနိုင်ဖို့ အရေးပေါ် ဖုန်းလိုင်းတွေတည်ထောင်တာ၊ ငလျင်ဒဏ်ခံစားထားရသူတွေအတွက် သီးသန့် နှစ်သိမ့်ဆွေးနွေးပေးမှုတွေလုပ်တာ၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုတွေ၊ ဘာသာရေးအရ ကောင်းမှုကုသိုလ်စုပေါင်းပြုလုပ်တာတွေ လုပ်သင့်တယ်။ အပြန်အလှန်ကူညီစောင့်ရှောက်နိုင်အောင် အားပေးသင့်တယ်။ ချစ်ခင်ရတဲ့သူတွေ ဆုံးရှုံးရပေမယ့် ကျန်ခဲ့တဲ့သူတွေ ချစ်ခြင်းမေတ္တာမငတ်မွတ်အောင် ကျနော်တို့အားလုံးက ဝိုင်းဝန်းစောင့်ရှောက်ကြရမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

05/04/2025

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · မနေ့က တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement