WHO အဆိုအရဆိုရင်တော့ နှလုံးနဲ့ သွေးကြောရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါက မကူးစက်နိုင်တဲ့ ရောဂါများရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီရောဂါကတွေရဲ့ သဘာဝက တစ်သက်လုံးကုရတာပါ။ ကုတဲ့ နေရာမှာလည်း ဆရာဝန်နဲ့ လူနာ ပေါင်းပြီး ကုရတာပါ။ဆိုလိုတာက ဆရာဝန်ပေးတဲ့ ဆေးကို သောက်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်ပါဝင်ရတဲ့ lifestyle modification လို့ခေါ်တဲ့ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲတာကိုပါ လုပ်ရမှာပါ။ ပိုကောင်းတာက ဒီနည်းလမ်းတွေက ရောဂါမဖြစ်အောင် လျှော့ချနိုင်သလို၊ ဖြစ်ပြီးသားသူတွေမှာလည်း ပိုမဆိုးအောင် ထိန်းပေးနိုင်ပါတယ်။ ဒီတော့ ဒီနည်းလမ်းတွေကို ဆက်ကြည့်ရအောင်။
စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း ( lifestyle modification)
အရက်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ အမျာဆုံးတွေ့ရတာက မကူးစက်နိုင်တဲ့ ရောဂါတွေပါ။ တချို့သော ကင်ဆာတွေ၊ နှလုံးနဲ့ သွေးကြောရောဂါတွေ၊ အသည်းခြောက်တာတွေက အရက်ကြောင့်ဖြစ်တာများပါတယ်။ အရက်နဲ့ ပတ်သတ်ပြီး ပညာရှင်တွေ ပြောကြတာက များများသောက်လေ ရောဂါဖြစ်နိုင်ချေတွေ၊ မတော်တဆထိခိုက်မှု ဖြစ်နိုင်ချေတွေ ပိုများလေပါ။ ဒါ့ပြင် အရက်ကြောင့် မကူးစက်နိုင်တဲ့ ရောဂါတွေ အပြင် အရက်အဆိပ်သင့်တာ၊ စိတ်ကျရောဂါ၊ အကြမ်းဖက်မှုတွေပါ ဖြစ်လာနိုင်လို့ တတ်နိုင်သမျှ လျှော့သောက်တာ ကောင်းပါတယ်။
ဒီခေတ်က အလုပ်လုပ်ရင် တစ်နေ့၈နာရီလောက် ထိုင်လုပ်ရတယ်။ သွားလာရင်လည်း ကားနဲ့ပဲဆိုတော့ လှုပ်ရှားမှုက နည်းနေပါပြီ။ ဒါကြောင့် တမင်သက်သက် Gymတွေမှာ အချိန်ပေးပြီး လေ့ကျင့်ရတဲ့ အဆင့်ကို ရောက်နေပါပြီ။ လှုပ်ရှားမှုမရှိတဲ့အတွက် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ Gym မသွားနိုင်လည်း တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ ၄၅မိနစ်နဲ့ တစ်ပတ် ၅ရက် ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ် ၃ရက်လောက်တော့ လုပ်ပေးသင့်ပါတယ်။
သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါတွေက ဆားအစားများတာနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးရောဂါရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဆားစားသုံးမှု များတာကြောင့် ထိန်းရခက်နေပါတယ်။ WHO က သွေးတိုးထိန်းနိုင်အောင်၊ နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်တာမဖြစ်အောင် တစ်နေ့ကို ဆား ၅ဂရမ် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထက်မပိုသင့်ကြောင်း အကြံပေးထားပါတယ်။
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး လျှော့ပါ။
ဆေးလိပ်သောက်တာက နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေတဲ့ အချက်ထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ပညာရှင်တွေကတော့ ဆေးလိပ်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် မကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်ပွားမှုနှုန်း တော်တော်လျှော့သွားမယ်လို့ဆိုပါတယ်။ အရင်ကတော့ အမျိုးသားတွေပဲ ဆေးလိပ်သောက်ပေမယ့် ခုတော့ အမျိုးသမီးတွေပါ ဆေးလိပ်သောက်လာကြပါပြီ။ ဒါ့ပြင် ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့တွေကို တစ်ဆင့်ခံ ရှူနေရတာကြောင့် ကိုယ်တိုင်ဆေးလိပ်သောက်သလိုပဲ ခံစားရတာပါ။
ဆေးလိပ်သောက်တဲ့သူတွေကို အကြံပေးချင်တာက ဆေးလိပ်မသောက်တတ်သေးရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်ပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။ နောက်ပြီး လူအများကြားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ သတ်မှတ်ထားတဲ့ နေရာမှာပဲ သောက်ပါ။ အိမ်မှာ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ကလည်း အရက်လိုပါပဲ။ များများသောက်ရင် ပိုထိခိုက်ပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းပါ။
သွေးပေါင်ချိန်ကို မထိန်းဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးကြွက်သားပုပ်တာ၊ နှလုံးအလုပ်မလုပ်တာ၊ ကျောက်ကပ်ထိတာ၊ မျက်စိကွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးတိုးရှိတဲ့သူက တခြားအဖော်အပေါင်းဖြစ်တဲ့ ဆီးချိုလည်း ဖြစ်လွယ်ပါတယ်။
ဆီးချိုရှိတဲ့သူကလည်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပါ။ ဆီးချိုတက်လာမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေ၊ အာရုံကြောတွေ ထိခိုက်လာပါမယ်။ ဒါ့ပြင် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာလည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးလိုပဲ ဆီးချိုရှိတဲ့သူကလည်း သွေးတိုးဖြစ်လွယ် ပါတယ်။
အဝလွန်ရင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာ၊ ကင်ဆာ၊ အိပ်ဟောက်ရှူရပ်ရောဂါ၊ အရိုးအဆစ်တွေနာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ ကိုယ်အလေးချိန်ကို ဘယ်နှစ်ပေါင်ရှိတယ်ဆိုတာ သက်သက်နဲ့ မတိုင်းတော့ပါဘူး။ BMI လို့ခေါ်တဲ့ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းနဲ့ တွက်ချက်နေပါပြီ။ ဒါကို အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်တာပါ။ ရှိသင့်တာကတော့ BMI ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ အလေးချိန်အောက် လျော့နည်း၊ ၁၈.၅နဲ့ ၂၄.၉ကြား ဆိုရင် ပုံမှန်၊ ၂၅နဲ့ ၂၉.၉ကြား ဆိုရင် အလေးချိန်များ၊ ၃၀နဲ့ ၃၉.၉ ဆိုရင် အဝလွန်လို့ သတ်မှတ်ပါတယ်။
(BMIကို ဤနေရာတွင် တွက်ချက်နိုင်ပါတယ်။)
ကိုယ်အလေးချိန်ထိန်းဖို့အတွက်ဆိုရင် သင့်တင့်မျှတတဲ့ အစားအစာတွေ စားတာမျိုး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာမျိုးနဲ့ ထိန်းနိုင်ပါတယ်။
မကူးစက်နိုင်တဲ့ ရောဂါတွေကို Silent killer အသံတိတ် လူသတ်သမား လို့ခေါ်ပါတယ်။ ဘယ်ချိန်တည်းက ကိုယ်ထဲရောက်နေလဲ မသိ၊ လက္ခဏာလည်း မပြဘဲ လူကို တဖြည်းဖြည်း ဒုက္ခပေးနေတာပါ။ ဒီဒဏ်ကို ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရော ခံနေရပါပြီ။ ဒါကြောင့် အပေါ်က နည်းလမ်းတွေနဲ့ တတ်နိုင်သမျှ ကာကွယ်ကြပါ။ ဖြစ်ပြီးတဲ့ သူတွေလည်း ပိုမဆိုးအောင် အပေါ်က နည်းလမ်းတွေနဲ့ ထိန်းလို့ ရပါတယ်ဆိုတာ သိစေချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။