backup og meta

ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ

    သွေးတွင်းသကြားဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ မထိန်းချုပ်နိုင်တဲ့အခါ ဆီးချိုရောဂါ အစပျိုးလာပါတယ်။ လူတွေ အများဆုံး သိကြတဲ့ ဆီးချိုဖြစ်စေတဲ့ တရားခံကတော့ အချိုစားသုံးမှု များခြင်းပါပဲ။ ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

    အချိုစားတိုင်း ဆီးချိုဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို တစ်နည်းအားဖြင့် သကြား စားသုံးမှုများတဲ့အပြင် လှုပ်ရှားမှုနည်းလာတဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာတယ်။ ကိုယ်ခန္ဓာက သကြားဓာတ်ထဲမှာ ပါဝင်တဲ့ ဂလူးကို့စ်တွေကို မချေဖျက်နိုင်တဲ့အခါ ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာတယ်။ နာတာရှည် ဆီးချိုနဲ့ သွေးချိုရောဂါ ဖြစ်လာမယ်။နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့ ဦးနှောက်အပြင် အမြင်အာရုံတွေ ထိခိုက်လာမယ်။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်ပါတယ်။

    ဂလူးကို့စ်ဟာ နေ့စဉ် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကြွက်သားနဲ့ တစ်ရှူးတွေကို သန်စွမ်းစေနိုင်ပေမယ့် လိုတာထက် များလာတဲ့အခါ ဆီးချိုအစပြုလာပါတယ်။ ဒါကတော့ လူတွေ အသိများတဲ့ ဆီးချိုဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။ ဒါပေမယ့် အချိုစားသုံးမှုများတာအပြင်ကိုမှ နောက်ထပ် ဆီးချိုဖြစ်စေနိုင်တဲ့ တရားခံတွေ ရှိနေပါသေးတယ်။

    ဆီးချိုအမျိုးအစား ဘယ်နှမျိုး ရှိလဲ။

    လူတွေမှာ အဖြစ်များတဲ့ ဆီးချိုရောဂါကတော့ အမျိုးအစား (၂) ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ ဆိုပြီး ၃မျိုး ရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုကတော့ ကလေးမွေးပြီးချိန်မှာ ပျောက်ကင်းသွားနိုင်ပြီး တချို့တွေမှာ ကင်းမပျောက်ဘဲ ဆီးချိုအမျိုးအစား (၂) ဖြစ်သွားနိုင်ပါတယ်။

    ဆီးချိုရောဂါ လက္ခဏာတွေက ဘာတွေလဲ။

    ၁။ မကြာခဏ ရေဆာလောင်ခြင်း

    ၂။ ဆီး ခဏခဏ သွားခြင်း

    ၃။ ဆာလောင်မွတ်သိပ်မှု ပြင်းထန်ခြင်း

    ၄။ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသွားခြင်း

    ၅။ မောပန်းခြင်း

    ၆။ စိတ်ကသိကအောက် ဖြစ်ခြင်း၊ ဒေါသထွက်ခြင်း

    ၇။ အမြင်အာရုံ မှုန်ဝါးခြင်း

    ၈။ အနာကျက်နှေးခြင်း

    ၉။ သွားဖုံး၊ အရေပြားနဲ့ ယောနိမှာ ရောဂါပိုးကူးစက်ခြင်း တွေဟာ ဆီးချိုရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေပါပဲ။

    ဘယ်အသက်အရွယ်မှာ ဆီးချို အဖြစ်များလဲ။

    အမျိုးအစား (၁) ဆီးချိုရောဂါဟာ အသက်ငယ်တဲ့ ကလေးတွေနဲ့ လူပျို၊ အပျိုဖော်ဝင်ကာစ အရွယ်တွေမှာ အဖြစ်များတတ်ပြီး အမျိုးအစား (၂) ဆီးချိုကတော့ အသက် ၄၀ နှင့်အထက် အသက်ကြီးပိုင်းတွေမှာ ပိုပြီး အဖြစ်များပါတယ်။

    ဆီးချိုဖြစ်စေတဲ့ တရားခံတွေက ဘာတွေလဲ။

    အမျိုးအစား (၁) ဆီးချိုရောဂါ

    ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်မယ့်အစား အင်ဆူလင်ကို ထုတ်လုပ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။ သွေးတွင်းသကြားဓာတ်တွေကို ချေဖျက်ပေးဖို့ အင်ဆူလင်တွေ အလွန်နည်းသွားတာ၊ လုံးဝမကျန်တော့တဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီအခါမှာ ဂလူးကို့စ်တွေဟာ အားအင်မဖြစ်တော့ဘဲ သွေးထဲမှာ စုပုံလာပြီး အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်လာပါတယ်။

    ၁။ မိဘမျိုးရိုးမှာ အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ခဲ့ဖူးတာ

    ၂။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး အပြင်းဖျားတာ

    ၃။ လေထု၊ ရေထု ညစ်ညမ်းတာ၊ ဓာတ်ရောင်ခြည်သင့်တာ

    ၄။ ကိုယ်ခံအား၊ ခုခံအားစနစ် အားနည်းတဲ့သူတွေ

    ၅။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ နိုင်ငံမှာ နေထိုင်သူတွေမှာ ဒီလို အမျိုးအစား (၁) ဆီးချို ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

    အမျိုးအစား (၂) ဆီးချိုရောဂါ

    ဂလူးကို့စ်ကို ချေဖျက်ဖို့ အင်ဆူလင်ကို ပန်ကရိယက အလုံအလောက် မထုတ်နိုင်တော့တဲ့အခါ၊ အင်ဆူလင်ကို ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဆဲလ်တွေက မသုံးနိုင်တော့တဲ့အခါ အင်ဆူလင်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ သကြားဓာတ်တွေဟာ သွေးထဲမှာ စုပုံလာပြီး အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်စေပါတယ်။

    ၁။ အဝလွန်သူတွေမှာ ဆီးချိုရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပြီး ပိန်တဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

    ၂။ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ

    ၃။ အားကစား၊ လေ့ကျင့်ခန်း မလုပ်သူတွေ

    ၄။ မိသားစုမျိုးရိုးမှာ ဆီးချို အမျိုးအစား (၂) ဖြစ်ခဲ့ဖူးရင်

    ၅။ အသက်အရွယ်ကြီးသူတွေ

    ၆။ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ခဲ့ဖူးသူတွေ

    ၇။ သားဥအိမ်မှာ ရေအိတ်အများကြီးတည်တဲ့ PCOS ရောဂါရှိသူတွေ

    ၈။ သွေးတိုးရှိသူတွေ

    ၉။ သွေးတွင်း အဆီနဲ့ ကိုလက်စထရော များတဲ့သူတွေမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေ ပိုများပါတယ်။

    ကိုယ်ဝန်ဆောင် ဆီးချို

    အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်ဝန်မပျက်ကျအောင် ထိန်းပေးဖို့ အချင်းက ဟော်မုန်းတွေ ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ အင်ဆူလင်ရဲ့ အလုပ်တာဝန်ကို နှောင့်ယှက်ပါတယ်။ ပန်ကရိယဟာ အားနည်းနေချိန် အင်ဆူလင်ကို ပိုပြီး မထုတ်ပေးနိုင်တဲ့အခါ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်တတ်ပါတယ်။

    ၁။ အသက် ၂၅ နှစ်အထက် အမျိုးသမီးတွေ

    ၂။ အမျိုးအစား (၂) ဆီးချို ဖြစ်တဲ့ မျိုးရိုးဗီဇ ရှိသူတွေ

    ၃။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်နေတဲ့ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။

    ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    ၁။ အစာအာဟာရကို မျှတစွာ စားသုံးပါ။

    ၂။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပေးပါ။

    ၃။ အဆီ၊ အချို၊ အငန် လျှော့စားပါ။

    ၄။ တစ်နေရာထဲမှာ အကြာကြီး ထိုင်တာမျိုး ရှောင်ပါ။

    ၅။ ဆရာဝန်နဲ့ အမြဲပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement