နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

    နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

    လူရယ်လို့ဖြစ်လာရင် အနာရောဂါနဲ့မကင်းကြပါဘူး။ တစ်နေ့တာလှုပ်ရှားလုပ်ကိုင်နေမှုအတွင်း အသေးစားထိခိုက်ဖျားနာမှုတွေရှိနိုင်သလို အကြီးစားထိခိုက်မိတာတွေလည်းရှိနိုင်ပါတယ်။ ဘယ်လိုထိခိုက်ဖျားနာမှုမျိုးမဆို နာလန်ထတဲ့အချိန်ဆိုတာရှိပါတယ်။ ဖျားနာပြီးရင်ပဲဖြစ်ဖြစ်၊ အကြီးစားမတော်တဆမှုတွေကနေပြန်ကောင်းလာရင်ပဲဖြစ်ဖြစ်၊ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ အကောင်းပကတိပြန်ကောင်း လာစေဖို့ထိုက်သင့်တဲ့အချိန်ယူရပါတယ်။

    နောက်တစ်ခုက ဖျားနာနေတဲ့အချိန်မှာပဲ ကျန်းမာရေးကောင်းအောင်ဂရုစိုက်ဖို့လိုတာမဟုတ်ပါဘူး။ နာလန်ထအချိန်မှာလည်း ဖျားနာတာနဲ့နောက်ဆက်တွဲရောဂါတွေဝင်မလာစေဖို့အတွက်သေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ နာလန်ထလူနာတွေ ရောဂါကင်းကင်းနဲ့မြန်မြန်ကျန်းမာလာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    မြန်မြန်ပြန်ကျန်းမာလာအောင် ဘာတွေလုပ်ဖို့လိုမလဲ

    နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲရုံနဲ့ ခန္ဓါကိုယ်ကို ကျန်းမာလာအောင်လုပ်ဆောင်လို့ရပါတယ်။ ဒါတွေကဘာတွေဖြစ်မလဲဆိုတော့-

    အိပ်ရေးဝဝအိပ်ပါ – လူတစ်ယောက် ကျန်းမာနေစေဖို့က လုံလောက်ပြည့်ဝတဲ့ အိပ်ချိန်ရှိနေဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ လုံလောက်ပြည့်ဝတဲ့အိပ်စက်မှုက ခန္ဓါကိုယ်ကိုကြံ့ခိုင်သန်စွမ်းစေသလို ကိုယ်ခံအားကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

    ညအိပ်ရာမဝင်ခင်နဲ့မနက်ခင်းတိုင်းမှာ ပရိုတင်းစားပေးပါ –မအိပ်ခင်မှာ ခန္ဓါကိုယ်ကို အာဟာရပြည့်အောင်စားသုံးပေးတာကကောင်းကောင်းအိပ်ပျော်စေမှာပါ။ ညမအိပ်ခင်မှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေစားမယ်ဆိုရင် ညအိပ်ချိန်မှာ ခန္ဓါကိုယ်က ကြွက်သားတွေကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

    ညဘက်မှာကောင်းကောင်းအနားယူပြီးသွားလို့ မနက်နိုးလာပြီဆိုရင်လည်း ပရိုတင်းကြွယ်ဝတဲ့ မနက်စာတွေကို စားသုံးပေးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်ကခွန်အားပြည့်ဝနေပြီး တက်ကြွလန်းဆန်းနေမှာဖြစ်ပါတယ်။ ခဏခဏဗိုက်ဆာတာမျိုးမဖြစ်တာကြောင့် ကျန်းမာရေး နဲ့မညီညွတ်တဲ့အစားတွေစားမိနိုင်ခြေလည်းနည်းသွားပါတယ်။

    ရေများများသောက်ပါ –ခန္ဓါကိုယ်ကျန်းမာစေနိုင်ဖို့အတွက်ရေဓါတ်လုံလောက်နေဖို့လိုပါမယ်။လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း ခန္ဓါကိုယ်ကရေဓါတ်မလုံလောက်တဲ့အခါ ကြွက်သားတွေထိခိုက်ပျက်စီးနိုင်သလို ခန္ဓါကိုယ်ရဲ့ ထိခိုက်ပျက်စီးမှုဒဏ်ရာတွေကိုပြုပြင်နိုင်စွမ်းကိုလည်းကျဆင်းစေနိုင်ပါတယ်။ ခန္ဓါကိုယ်ကရေဓါတ်ပြည့်ဝနေတဲ့အခါ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို အလွယ်တကူတိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။

    အနားယူပေးပါ –အထူးသဖြင့်ခြေထောက်တွေ၊လက်တွေမှာ ထိခိုက်ဒဏ်ရာရထားသူတွေဆိုရင် အနားယူပေးဖို့လိုပါတယ်။ ဗိုက်ခွဲထားတဲ့လူနာတွေဆိုရင်တော့ အလှုပ်အရှားနည်းနည်းနဲ့အနားယူနိုင်ဖို့ကတော်တော်လေးကိုလိုအပ်ပါတယ်။ အသက်အရွယ်နဲ့ ကိုယ်ခံအားကောင်းမှုအနေအထားကိုလိုက်ပြီး အနားယူရမယ့်အချိန်ကလည်း ကွာခြားနိုင်ပါတယ်။နေပြန်ကောင်းလာတဲ့အချိန်မှာသေသေချာချာအနားယူဖို့ဆိုတာကမေ့ထားလို့မရတဲ့ အဆင့်တစ်ခုပါ။

    ဒဏ်ရာကိုရေခဲကပ်ပေးပါ –ရေခဲကပ်တာက ထိခိုက်ဒဏ်ရာတွေ နာကျင်တာ၊ရောင်ရမ်းတာနဲ့ရောင်ကိုင်းတာတွေကိုလျောပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါပေမယ့်အနာကိုရေခဲတိုက်ရိုက်ကပ်တာမျိုးတော့မလုပ်သင့်ပါဘူး။ရေခဲကို ကြွပ်ကြွပ်အိတ်နဲ့ထုပ်ပြီး အပေါ်ကနေ အဝတ်စသန့်သန့်လေးနဲ့ပတ်ပြီးရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀လောက်စီကပ်ပေးပါ။

    အားပြည့်စေမယ့် အစားအသောက်တွေစားပေးပါ –ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်သလို ဗိုက်မဆာတာ၊ စားချင်စိတ်မရှိတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့်နေကောင်းလာဖို့နဲ့ ခွဲစိတ်ထားတဲ့ ချုပ်ရိုးအကျက်မြန်စေဖို့က ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုအပ်မှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးစလူနာတွေအနေနဲ့ ပရိုတင်း၊ဗီတာမင် C ၊ ဗီတာမင် B12၊ သံဓါတ်၊ အမျှင်ဓါတ်နဲ့probioticsတွေပြည့်ဝအောင်စားသုံးပေးဖို့လိုပါမယ်။ ကြက်သား၊ ဥအမျိုးမျိုး၊ သစ်သီးတွေ၊ငါး၊ ဒိန်ချဉ်နဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ စားသုံးပေးသင့်ပါတယ်။

    နလန်ထချိန်မှာ အာဟာရပြည့်ဝအောင်စားဖို့လိုတယ်ဆိုပေမယ့်သွေးတွင်းသကြားဓါတ်ကိုမြင့်မားစေနိုင်တဲ့ အချိုဓါတ်များတဲ့ အစားအစာတွေကို မစားသုံးဖို့တော့လိုပါမယ်။သွေးတွင်းမှာ သကြားဓါတ်များတဲ့အခါ ပင်ပန်းနုံးချိတာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။

    ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် အားဖြည့်ဆေးတွေသောက်ပေးပါ –ဗီတာမင်အားဖြည့်ဆေးတွေက အအေးမိဖျားနာတွေအပေါ် ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာကို သေချာမသိနိုင်ပေမယ့် ဗီတာမင်အားဖြည့်ဆေးတွေမှာပါတဲ့ ဗီတာမင် C နဲ့ Zinc ဓါတ်တွေကတော့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်သလို ဖျားနာမှုတွေကိုသက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဗီတာမင်အားဖြည့်ဆေးတွေကို ပုံမှန်သောက်သုံးမယ်ဆိုရင် ခန္ဓါကိုယ်က ခွန်အာပြည့်ဝပြီး လန်းဆန်းတက်ကြွနေမှာပါ။ ဗီတာမင်အားဖြည့်ဆေးသောက်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်တွေပြည့်ဝစွာပါဝင်ဖို့ကအရေးကြီးပါတယ်။ လူသားတိုင်း ကျန်းမာကြပါစေကြောင်း။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 20/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။